ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဟာမိတ်သုံးဖွဲ့က အပစ်ရပ်ထားမည်ဟု ကြေညာခဲ့သော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွား

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဟာမိတ်သုံးဖွဲ့က အပစ်ရပ်ထားမည်ဟု ကြေညာခဲ့သော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွား

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့မှ ရွေးကောက်ပွဲကာလလွန်သည့်အထိ အပစ်ရပ်ထားမည်ဟု ထုတ်ပြန်ကြောညာခဲ့သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အပစ်ရပ်ထားသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပေါ် ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “အရင်ကလည်း ကျနော်တို့ထုတ်ပြန်တယ် ဒါပေမယ့် အရင်ကလည်း AA ဖက်မှာ ပြင်းထန်တယ်။ တပ်ဖက်က ထုတ်ပြန်တဲ့ဟာလည်း အရင်ကတည်းကလည်း ရခိုင်နယ်မြေမပါဘူး။ အခုလည်း မပါဘူး။ ရခိုင်ကို တစ်ဖက်သတ် ချေမှုန်းနေတယ်။ စစ်ရေးအရ ဖိအားပေးနေတယ်။ စစ်ရေးနှင့် ဖြေရှင်းနေတယ်။ အဲလိုမျိုးကြောင့် တိုက်ပွဲဖြစ်လာတယ်လို့ အဲလိုမျိုးတော့ မြင်တယ်” ဟု ပြောသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းမှာ တပ်မတော်၏ ထိုးစစ်များကြောင့်ဖြစ်ပြီး တိုက်ပွဲမဖြစ်အောင် တပ်မတော်ဖက်မှ ထိုးစစ်များကို ရပ်တန့်ရန်လိုအပ်ကြောင်း ညီနောင်ဟာမိတ်သုံးဖွဲ့က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA (တအန်း)၊ MNDAA (ကိုးကန့်)၊ AA (ရခိုင်) တို့က ၂၀၂၀ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကို အထောက်အကူပြုရန် အချက်အပါအဝင် အဓိကအချက်သုံးချက်ပါသည့် ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ ၁ ရက်နေ့က ပူးတွဲထုတ်ပြန်ထားသည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကာလတွင် အထောက်အကူပြုနိုင်ရေးတို့အတွက် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ နိုင်ဝင်ဘာလ ၉ ရက်နေ့အထိ ရက်ပေါင်း ၇၀ ကြာ သတ္တမအကြိမ် ထပ်မံတိုးမြှင့်လိုက်ပါသည်ဟု ရေးသားထားသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဒီလာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ လူထုတွေက လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးလို့ ရအောင်ပေါ့နော ကျနော်တို့က ရွေးကောက်ပွဲရဲ့ ဟိုဖက် အထိကို ကျနော်တို့က သက်တမ်း တိုးလိုက်ခြင်း ဖြစ်ပါတယ်” ဟုပြောသည်။

သို့သော်လည်း အဆိုပါထုတ်ပြန်ချက် ထုတ်ပြန်ပြီး သုံးရက်အကြာ စက်တင်ဘာ ၂ ရက်အကြာ ညနေ့ ၆ နာခွဲအချိန်ခန့်တွင် ကျောက်တောမြို့ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို ကြိုပို့နေသည့် ယာဉ်များအား ကျောက်တော်မြို့တောင်ဘက် မီတာလေးထောင်အကွာတွင် ရီမုဒ်မိုင်းဖြင့် တိုက်ခိုက်မှုလုပ်ခဲ့သဖြင့် ရဲနှစ်ယောက် ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့အလောင်းနှစ်လောင်းနဲ့ သေနတ်တစ်လက်ရရှိခဲ့သည့် ဖြစ်စဉ်ရှိခဲ့သဖြင့် AA အနေဖြင့် ၎င်းတို့ထုတ်ပြန်ချက်နှင့်လုပ်ရပ် တခြားဆီဖြစ်ကြောင်း စက်တင်ဘာ ၄ ရက် တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ရွားသားနှစ်ဦးသေဆုံးခဲ့ပြီး ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့ မီးလောင်ခဲ့ကြောင်းနှင့်  ယင်းမီးလောင်မှုသည် တပ်မတော်မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရွာသားများ၏ပြေကြားချက်ကို ကိုးကား၍ ရခိုင်အခြေစိုက် သတင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ယင်းဖော်ပြမှုများကို  တပ်မတော်ဘက်ကငြင်းဆန်ခဲ့ပြီး မိုင်းခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်သာရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများကို လျော့ချနိုင်ရန်နှင့် ၂၀၂၀ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံး တွေ့ဆုံညှိနှိုင်းရန်လိုကြောင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တိုက်တွန်းခဲ့သည်။

အဆိုပါ မဟာမိတ်အဖွဲ့များသည် UWSP/UWSA “ဝ” ဦးဆောင်သည့် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

FPNCC အဖွဲ့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ တအာင်း/ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရက္ခိုင့်တပ်တော် (ULA/AA) တို့ ပါဝင်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...