တပ်မတော်သားများအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မည်သူ့ကိုမဆို လွတ်လပ်စွာ မဲပေးခွင့်ရှိသည်ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
“တပ်မတော်သားတွေအနေနဲ့ မိမိရဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးအတိုင်းပဲ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိတယ်လို့ ကျနော်တို့ အကြိမ်ကြိမ်ပြောပြီးဖြစ်တယ်” ဟု ၎င်းကပြောသည်။
သို့သော် မည်သည့်အဖွဲ့အစည်း မည်သူမည်ဝါကို မဲပေးရန် တပ်မတော်အနေဖြင့် ပြောဆိုထားခြင်း မရှိသော်လည်း မဲပေးရေးနှင့် ပတ်သက်ပြီး ဖြစ်သင့်သည်များကို အကြံပြုထားသည်ဟု ပြောသည်။
“ဘယ်သူ့ကိုမဲပေးပါလို့ ကျနော်တို့ ပြောထားတာမရှိဘူး။ ဒီလိုမျိုးဖြစ်သင့်တယ်လို့ပဲ အကြံပြုထားတာရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယနေ့ (စက်တင်ဘာလ ၄ ရက်) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အကြံပြုချက် ၆ ချက်ပါသည့် စာရွက်များကို လိုက်လံဖြန့်ဝေနေသည့်အပေါ် တပ်မတော်က ညွှန်ကြားခြင်း ရှိ/မရှိ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အကြံပြုချက် ၆ ချက်ပါသည့် စာရွက်များကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက တပ်မတော် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်တစ်ချို့တွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြန့်ဝေမှုများနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “တိုက်ရိုက်ညွှန်ကြားတာ မရှိပါဘူး။ ကျနော်တို့ပြောချင်တာက ဗုဒ္ဓဘာသာ တရားပွဲတွေမှာ ပရိတ်စာအုပ်တို့ ပဌာန်းတို့ဝေတာ မြင်ဖူးလား။ အဲဒါဘာလို့ဝေတာလဲ ဘုရားက ဝေခိုင်းလို့ဝေတာလား။ ကြည်ညိုလို့ ဝေတာလေဗျား။ ဘာပြောလို့ရမှာလဲ ကျနော်တို့က” ဟုပြောသည်။
စစ်မှုထမ်းဟောင်းအဖွဲ့က လိုက်လံဖြန့်ဝေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အကြံပြုချက် ၆ ချက်တွင် နိုင်ငံနှင့် ဒေသကို အကျိုးပြုမည့်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင်ရှိသူ၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ တပ်မတော်အပေါ် စာနာနားလည်မှုရှိသူ၊ အမျိုး ဘာသာ သာသနာကို မှန်မှန်ကန်ကန်နှင့် စနစ်တကျ ထိန်းသိမ်းနိုင်သောသူနှင့် ပြည်ပအဖွဲ့အစည်း၊ နိုင်ငံခြားသားများ၏ တစ်နည်းနည်းအားဖြင့် လွှမ်းမိုးမှုမရှိသူများကို ရွေးချယ်ရန် စသဖြင့် အကြံပြုထားသည်။
ထို့အပြင် ရွေကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပရန် မသင့်တော်သည့် “ဝ” UWSA ထိန်းချုပ်ရာ မြို့နယ်များနှင့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဒေသများကို ရွေးကောက်ပွဲမကျင်းပရန် ရွေးကောက်ပွဲကော်မရှင်ကို အကြံပြုထားသည်ဟု ဆိုသည်။
၀ ကိုယ်ပိုင်အုပ်ချုပ်ရဒေသ UWSP/UWSA ထိန်းချုပ်ရာဒေသတွင် ရွေးကောက်ပွဲမကျင်းပရန် အကြံပြုပြောဆိုထားသည့်ကြောင်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ပြောသည်။
“အဓိကကတော့ ကျနော်တို့သုံးသပ်တာသည် ခင်ဗျားတို့ကို ကျနော်တို့ပြောတာ နှစ်ခုရှိတယ်။ ရွေးကောက်ပွဲလုပ်လို့ရရုံ လုံခြုရေးရှိတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ဖို့ဆိုတာရှိတယ်။ ခုနပြောတဲ့ ရွေးကောက်ပွဲလုပ်လို့ရရုံ လုံခြုံရေးက သိပ်မခဲယဉ်းဘူး။ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက်ကတော့ ခဲယဉ်းတယ်။ အဓိက ကတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ စိတ်ဆန္ဒအတိုင်း သူတို့ စိတ်ဆန္ဒရှိသလို မဲပေးပိုင်ခွင့်ရှိရမယ်။ သူတို့က တစ်ဦးတစ်ဦးရဲ့ ခြိမ်းခြောက်မှုကြောင့် မဲပေးရတာမျိုး မဖြစ်စေချင်ဘူး။ ဒါဆိုရင် လုံခြုံရေးအရကြည့်ရင် ဒါသည် ဒုတိယပိုင်း ကျနော်ပြောခဲ့တဲ့ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ ဒါတွေ ကြောင့်မို့လို့လည်း ပြောခြင်းဖြစ်တယ်”
ယနေ့ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်လင်းပွဲတွင် ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် တပ်မတော်၏ ဆောင်ရွက်ချက်၊ တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆဋ္ဌမအကြိမ် ထုတ်ပြန်ခဲ့မှုနှင့် တိုင်းစစ်ဌာနချုပ် အလျောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့မှု မူးယစ်ဆေးဖမ်းဆီးရရှိမှု၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ကိုယ်စားလှယ်တို့ တွေ့ဆုံမှုအခြေအနေ အစရှိသည့် အကြောင်းအရာများနှင့် သတင်းမီဒီယာများ၏မေးမြန်းမှုများကို တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားခဲ့သည်။