RCSS အုပ်ချုပ်ရေးနယ်မြေများတွင် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်မည့် နိုင်ငံရေးပါတီများ ကြိုတင်ညှိနှိုင်းရန်လိုအပ်

RCSS အုပ်ချုပ်ရေးနယ်မြေများတွင် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်မည့် နိုင်ငံရေးပါတီများ ကြိုတင်ညှိနှိုင်းရန်လိုအပ်

၂၀၂၀ ခုနှစ်တွင် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အုပ်ချုပ်ရေး နယ်မြေများတွင် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်မည်ဆိုပါက ကြိုတင်ညှိနှိုင်းရန်လိုအပ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။

၎င်းက “အကြောင်းကြားမှုရယ်၊ ညှိနှိုင်းမှုရယ်၊ နားလည်မှုရယ် လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ RCSS ထိန်းချုပ်တဲ့နယ်မြေထဲမှာ အချိန်မရွေး စစ်ရေးတင်းမာလာနိုင်တဲ့ အခြေအနေတွေရှိတယ်။ အဲဒါကြောင့်မို့လို့ သက်ဆိုင်တဲ့ပါတီတွေ စည်းရုံးရေးဆင်းတဲ့နေရာမှာ အန္တရာယ်ကင်းကင်းနဲ့ လျောလျောရှူရှူဖြစ်စေဖို့အတွက်နဲ့ လိုအပ်တဲ့နေရာတွေလည်း လုံခြုံရေးပေးသင့်လည်း ပေးနိုင်တဲ့ ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်” ဟုပြောသည်။

နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့နယ်မြေအတွင်း မဲဆွယ်ရေး လုပ်ဆောင်မည်ဖြစ်ပါက RCSS ၏ ဆက်ဆံရေးရုံးများနှင့် နယ်မြေခံ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများကို အကြောင်းကြားပြီးမှ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပြီး အကြောင်းမကြားပဲ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်မည်ဆိုပါက နယ်မြေအခြေအနေ မတည်ငြိမ်မှုကြောင့် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် စစ်ရေးပဋိပက္ခများအကြားတွင် နစ်နာနိုင်ကြောင်း ဒု-ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက သတိပေးပြောကြားခဲ့သည်။

“အကြောင်းမကြားတာမျိုးရှိခဲ့ရင် RCSS အနေနဲ့ အရေးယူတာတော့ မရှိဘူး။ ဒါပေမယ့် အကြောင်းမျိုးမျိုးကြောင့်၊ စစ်ရေး အခြေအနေကြောင့် သူတို့တစ်ခုခု ပြဿနာဖြစ်လာခဲ့ရင် တာဝန်မကင်းဘူးဆိုတဲ့ သဘောမျိုးပေါ့။ နားလည်မှုမယူပဲနဲ့ ဆင်းလို့ရှိရင် ပါတီကလည်း ပါတီတစ်ခုတည်းမဟုတ်ဘူး။ အဲဒါကြောင့်မို့ ဆွေးနွေးမှု အကြောင်းကြားမှုတွေရယူပြီးမှ ဆင်းတာအကောင်းဆုံးပါပဲ” ဟု ၎င်းက ပြောသည်။

ထို့အပြင် နိုင်ငံရေးပါတီများသည် RCSS အုပ်ချုပ်ရေး နယ်မြေဒေသအတွင်း နားလည်မှုရယူပြီး မဲဆွယ်မည်ဆိုပါက ရှမ်းပြည်အရေး၊ ပြည်ထောင်စုအရေးကို ဦးထိပ်ထား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်များ၊ အမိန့်ညွှန်ကြားချက်များ ကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဥပဒေများ၊ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်ဗိုင်းရပ်စ်ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လွတ်လပ်စွာ မဲဆွယ်ခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် RCSS အနေဖြင့် ဝိုင်းဝန်း ပံ့ပိုးကူညီပေးသကဲ့သို့ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် လိုအပ်သည့် ဆောင်ရွက်မှုများကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားမည်ဟု RCSS ကဆိုသည်။

RCSS အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ ရပ်စောက်၊ မောက်မယ်၊ မိုင်းကောင်၊ နမ့်ဆမ် ဒေသများအပြင် ရှမ်းပြည် နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်နှင့်၊ နမ့်ခမ်းမြို့နယ်ရှိ ဒေသများတွင် လှုပ်ရှားနေသည့် အဖွဲ့အစည်းဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည် အခြားသော တိုင်းရင်းသားလက်နက်ကိုင် ကိုးဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...