မြစ်ကြီးနားမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များကို အခမဲ့ ပြုပေးနေကြောင်း မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှသည်။
အဆိုပါမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းကျော်တွင် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစီစစ်ရေးကတ်မရှိသေးသူ ငါးထောင်ကျော်ရှိနေကြောင်း မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ရာက ပြောသည်။
"အသက် (၁၈) နှစ်ပြည့်ပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူတိုင်း အားလုံးကို မဲပေးနိုင်ဖို့အတွက် မှတ်ပုံတင်မရှိတဲ့သူတွေကို မှတ်ပုံတင်လုပ်ပေးတယ်။ မဲစာရင်းမှာ မပါသေးတဲ့သူတွေကိုလည်း မဲဆန္ဒပေးနိုင်အောင်လို့ အသက်ပြည့်ရင် မှတ်ပုံတင်တွေလုပ်ပေးနေတယ်။ ဒါနဲ့ပတ်သက်ပြီး မှတ်ပုံတင်တွေ ကျွန်တော်တို့ ကွင်းဆင်းဆောင်ရွက်ပေးနေတဲ့အခါ တစ်ချို့လည်း ခရီးလွန်ပြီးတော့ လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ သူတွေလည်းရှိပါတယ်။ အဲဒါကတော့ ကော်မရှင်ရဲ့ အစီအစဉ်နဲ့ သူမဲပေးဖို့အတွက် ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု ဦးဇော်ရာကပြောသည်။
ယင်းအစီအစဉ်အရ ဇန်နဝါရီ ၁ ရက်မှစ၍ ဩဂုတ် ၃၁ ရက်အထိ မြစ်ကြီးနားမြို့နယ်ရှိ ရပ်ကွက် ၂၈ ခုနှင့် ကျေးရွာအုပ်စု ၁၇ စုမှ အသက် ၁၀ နှစ်နှင့်အသက် ၁၈ နှစ်ပြည့်ပြီးသူ ၅၂၅၆ ဦးကို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၏ စာရင်းဇယားအရသိရသည်။