ရှမ်းပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ၁၀၃၇ ဦးတွင် ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းနှင့် မညီ၍ ပယ်ချခံရသူ ငါးဦးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုယ်စားလှယ်လောင်းအမည် တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းသူ ၁၄ ဦးအထိရှိကြောင်း သိရသည်။
အဆိုပါပယ်ချခံရသူများမှာ ညီညွှတ်သောဒီမိုကရက်တစ်ပါတီမှ သုံးဦး၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ တစ်ဦးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ တစ်ဦးတို့ဖြစ်ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးထင်ကျော်ကပြောသည်။
ပယ်ဖျက်ခံရသူများသည် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရာတွင် ဖော်ပြထားသော မှတ်ပုံတင်နှင့် လက်ရှိကိုင်ဆောင်ထားသော မှတ်ပုံတင်နံပါတ်များမတူခြင်း၊ ကိုယ်စားလှယ်လောင်း၏ ဖခင်ဖြစ်သူမှာ ဧည့်နိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားခြင်း၊ ကိုယ်စားလှယ်လောင်းသည် ၁၀ နှစ်အတွင်း နိုင်ငံတွင်းမှာမနေထိုင်ခဲ့ခြင်း၊ ဖခင်အမည်နှင့် မှတ်ပုံတင်ကိုင်ဆောင်ပြီး ရွေးကောက်ပွဲဝင်ပြိုင်ခြင်း စသည့်အချက်အလက်များ စီစစ်တွေ့ရှိသောကြောင့် ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် လာမည့်ရွေးကောက်ပွဲတွင် မပါဝင်နိုင်တော့သဖြင့် ပုံစံ ၉ ဖြင့် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းထားရာမှ ပြန်လည်ရုပ်သိမ်းသူ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ် (PNO) မှ ရှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီ (USDP) မှ သုံဦး၊ '၀'အမျိုးသားပါတီမှ တစ်ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ၁ ဦးနှင့် တစ်သီးပုဂ္ဂလမှတစ်ဦး စုစုပေါင်း ၁၄ ဦးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရသိရသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ပါတီပေါင်း ၃၂ ပါတီမှ ကိုယ်စားလှယ်ပေါင်း ၉၉၇ ဦးနှင့် တစ်သီးပုဂ္ဂလ ၂၁ ဦး၊ စုစုပေါင်းကိုယ်စားလှယ် ၁၀၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ် ၂၀၁ ဦးပါရှိသဖြင့် ရာခိုင်နှုန်ူးအရ ၉.၃၁ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း သိရသည်။