ကချင်ပြည်နယ်တစ်ခုလုံးတွင် တပ်မတော်သားများ မဲထည့်မည့်မဲရုံပေါင်း ၅၃ ရုံရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှ သိရသည်။
တပ်မတော်သားများအနေဖြင့် ၎င်းမဲရုံ ၅၃ ရုံအနက် ၅၂ ရုံတွင် အရပ်ဘက်မဲဆန္ဒရှင်များနှင့်အတူမဲထည့်ရမည်ဖြစ်ပြီး မဲရုံတစ်ရုံသာလျှင် တပ်မတော်သားသီးသန့်ပေးမည့် မဲရုံဖြစ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှ အရာရှိ ဦးထွန်းအောင်ခိုင်ကပြောသည်။
“တပ်မတော်သားတွေအတွက် သီးသန့်မဲရုံက ပူတာအိုခရိုင် တပ်သစ်ရက်ကွက်ထဲက မဲရုံဖြစ်တယ်။ သီးသန့်ပေးရမယ်ဆိုပေမဲ့ တပ်ရဲ့ပြင်ပမှာရှိတဲ့ ရပ်ကွက်ထဲမှာပဲ မဲရုံထားမှာဖြစ်တယ်” လို့ ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ) မှ အရာရှိဦးထွန်းအောင်ခိုင်ကဆိုသည်။
ယခင်က တပ်တွင်းမဲရုံများအား တပ်အတွင်း၌သာထားခဲ့သော်လည်း တပ်မဲရုံများကို တပ်ပြင်ထုတ်ထားရန် လွှတ်တော်ကအတည်ပြုခဲ့သဖြင့် လာမည့် ၂၀၂ဝ ရွေးကောက်ပွဲမှစ၍ တပ်မဲရုံများကို တပ်ပြင်ပတွင် ထားရမည်ဖြစ်သည်။
ထိုသို့ တပ်မတော်သားများအနေဖြင့် အရပ်သားများနှင့် မဲပေးရမည်ဖြစ်သော်လည်း တပ်မတော်သားမဲဆန္ဒရှင်များ၏ အရေအတွက်ကိုမူ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထုတ်ပြန်ကြေညာခြင်းမရှိပေ။
“မဲစာရင်းကိုတော့ တိတိကျကျပြောလို့မရပါဘူး။ ဒါပေမယ့် တပ်မဲစာရင်းတွေကိုတော့ ပထမအကြိမ် မဲစာရင်းကြေညာတဲ့ချိန်မှာ သူတို့ပါတယ်။ ဘယ်သူမှမကျန်ဘူး တစ်ပြိုင်ထဲကြေညာပြီးဖြစ်တယ်” ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။
ကချင်ပြည်နယ်တွင်း တပ်မဲရုံများအား ဆော့လော်မြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်မှလွဲ၍ ကျန်ခရိုင် လေးခုလုံးတွင်ရှိကြောင်း သိရသည်။
တပ်မတော်သားများ တပ်ပြင်ပတွင် မဲပေးရမည်ဖြစ်သောကြောင့် နိုင်ငံရေးပါတီများအနေဖြင့် တပ်မဲများ မျှော်လင့်နိုင်သည်ဟုဆိုသော်လည်း ၎င်းတို့ကို မဲဆွယ်ခွင့်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပြီးဖြစ်သည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒု-ဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူကပြောသည်။
“တပ်တွင်းမဲရုံကိုတပ်ပြင်ထုတ်လိုက်တာကောင်းပါတယ်။ဒါပေမယ့်တပ်မိသားစုတွေကို ကျမတို့ပါတီတွေအနေနဲ့ ဝင်ရောက်မဲဆွယ်ခွင့်လို့ရမရ မေးမြန်းတော့ မရှိဘူးလို့ပြောတယ်။ အဲတော့ နိုင်ငံသားတိုင်း တန်းတူညီမျှ အခွင့်ရေးရှိတယ်ဆိုပေမယ့် မဲဆွယ်စည်းရုံးခွင့်မရှိဘူးဆိုတော့ သူတို့ဘဲဆုံးရှုံးတာလား၊ ကျမတို့ဘဲဆုံးရှုံးတာလား ပြည်သူတွေကဘဲ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ၁၉ ပါတီရှိပြီး မဲဆန္ဒရှင် ဆယ်သိန်းရှစ်သောင်းကျော်ရှိကြောင်းသိရသည်။