ကချင်ပြည်သူ့ပါတီ KSPP ပါတီ၏ လွှတ်တော်ကိုယ်စားလောင်းများတွင် အမျိုးသမီးနှင့် လူငယ်များကို နေရာပေးထား

ကချင်ပြည်သူ့ပါတီ KSPP ပါတီ၏ လွှတ်တော်ကိုယ်စားလောင်းများတွင် အမျိုးသမီးနှင့် လူငယ်များကို နေရာပေးထား

ကချင်ပြည်သူ့ပါတီ (KSPP) ပါတီ၏ လွှတ်တော်ကိုယ်စားလောင်း ၆၇ ယောက်အနက် အမျိုးသမီး ကိုးဦးနှင့် လူငယ်ရှစ်ဦး စုစုပေါင်း ၁၇ ဦးပါဝင်ကြောင်း ၎င်းပါတီမှ လူငယ်ရေးရာတာဝန်ခံ ကိုနော်ခုန့်ကပြောသည်။

ထို့ပြင် KSPP ပါတီမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းထဲတွင် ရှမ်းတိုင်းရင်းသား ၁၀ ဦးနှင့် ဗမာတိုင်းရင်းသား လေးဦးလည်း ပါဝင်သည်ဟုဆိုသည်။

KSPP အနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ဒေသအလိုက် လူဦးရေများသည့် လူမျိုးကို အခြေခံကာ ရွေးချယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

KSPP သည် မူလက ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း အခြေအနေအကြောင်းကြောင်းကြောင့် တစ်နေရာအား လက်လွှတ်လိုက်ရသည်ဟု KSPP လူငယ်တာဝန်ခံက ပြောသည်။

သို့သော် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ မြို့နယ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟုဆိုသည်။

“ပြိုင်မယ့်မြို့နယ်က တစ်နေရာပဲ ကျွန်တော်တို့ လွတ်သွားတာပေါ့နော်။ ဆော့လော်က ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တစ်နေရာပဲ လွတ်တယ်။ ကျန်နေရာက အကုန်လုံးကို ကျွန်တော်တို့ဝင်တယ်” ဟု ကိုနော်ခုန့်ကပြောသည်။

လက်ရှိတွင် ပါတီအောင်နိုင်ရေးအတွက် ပါတီတာဝန်ရှိသူများက သက်ဆိုင်ရာမြို့နယ်အလိုက် အမာခံစည်းရေးမှူးများနှင့် တွေ့ဆုံကာ လုပ်ဆောင်သင့်သည်များကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းကပြောသည်။

သို့သော် ကိုဗစ်ကာလတွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီမဲဆွယ်စည်းရုံးရေးလုပ်ဆောင်မည် အစီအစဉ်နှင့်ပတ်သက်၍ ကိုနော်ခုန့်က “ကျနော်တို့တွေ ဒေတာတွေအများကြီးစုနေတယ်။ ဒေတာတွေ အဓိကကတော့ Movie Clips တွေလုပ်တယ်။ ပြီးရင် ကျနော်တို့ ဂျာစီကမ်ပိန်းတွေလုပ်တယ်။ အဓိကကတော့ အွန်လိုင်းပေါ်ကနေ သွားဖို့ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုရခိုင်မှာလည်း အများကြီးတိုးလာပြီဆိုတော့ နောက်ထပ် mask ကမ်ပိန်းက ဖြစ်လာဖို့အတွက်က မဖြစ်လာနိုင်တော့ဘူးလို့ ကျနော်တို့က အဲလိုပဲယူဆတယ်။ အဲဒါ ကြောင့် အဓိကကတော့ ကျနော်တို့ မီဒီယာကိုအားကိုးမယ်။ ပြီးရင် door to door အဲဒီဘက်ကို အားစိုက်မယ်” ဟု ပြောသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP သည် ကချင်နိုင်ငံရေးပါတီများဖြစ်သော ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP နှင့် ကချင်ပြည်နယ် (မနောတိုင်) ပါတီများကို ပေါင်းစည်းထားခြင်းဖြစ်ပြီး ထိုသို့ပေါင်းစည်းရခြင်းသည် ကချင်လူထု၏ သဘောဆန္ဒကြောင့်ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...