ကိုဗစ်ဖြစ်ပွားမှုနှုန်းမြင့်တက်လာသော ရခိုင်ပြည်နယ်တွင် မဲရုံများကို ကွင်းပြင်များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။
ရွေးကောက်ပွဲအတွက် မဲရုံများကို ယခင်က စာသင်ကျောင်းများတွင်ပြုလုပ်ခဲ့သော်လည်း ယခုအခါ ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားမှုနှုန်းမြင့်တက်လာသဖြင့် ရွေးကောက်ပွဲနေ့ မဲပေးရာတွင် လူစုလူဝေးမဖြစ်စေရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲရုံများကို ကွင်းပြင်တွင်ပြုလုပ်ရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။
“အခုက ကိုဗစ်ဖြစ်နေတဲ့ကာလဆိုတာ့ ပုံမှန်သတ်မှတ်ထားတဲ့ စာသင်ကျောင်းတွေမှာ မဲပေးဖို့အတွက် အဆင်မပြေတော့ဘူး။ Social Distancing နဲ့ မကိုက်ညီတော့ဘူးလေ။ ဒါကြောင့် ကွင်းပြင်တွေမှာဘဲလုပ်ဖို့ဆိုပြီး လျာထားတယ်” ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။
ရခိုင်ပြည်နယ်ရှိ လူနေထူထပ်သောမြို့များတွင် အားကစားကွင်းများတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကျေးရွာများတွင် လယ်ကွင်းပြင်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ပြုလုပ်သွားရန် လျာတားထားကြောင်း ၎င်းကဆက်ပြောသည်။
ရခိုင်တွင် သြဂုတ် ၁၆ ရက်နေ့မှစ၍ သြဂုတ် ၂၈ ရက် မနက်ပိုင်းအထိ ရောဂါပိုးတွေ့ရှိသူ ၂၁၇ ဦးရှိပြီး စစ်တွေမြို့နယ်မှ ၁၃၇ ဦး၊ မြောက်ဦးမြို့နယ်မှ ၁၄ ဦး၊ သံတွဲမြို့နယ်မှ နှစ်ဦး၊ ဘူးသီးတောင်မြို့နယ်မှ ခြောက်ဦး၊ ပေါက်တောမြို့နယ်မှ ၁၄ ဦး၊ ကျောက်ဖြူမြို့နယ်မှ ခုနစ်ဦး၊ မောင်တောမြို့နယ်မှ ၁၉ ဦး၊ မြေပုံမြို့နယ်မှ ခြောက်ဦး၊ မင်းပြားမြို့နယ်မှ ငါးဦး၊ ကျောက်တော်မြို့နယ်မှ ခြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ တစ်ဦးတို့ဖြစ်ကြသည်။
“အဓိကတော့ ကျနော်တို့မြေပြင်အခြေအနေမှာ အခက်အခဲ နှစ်ချက်ရှိတယ်။ တစ်ခုကတော့ စစ်ရေးတင်မာမှုတစ်ခုဖြစ်တယ်။ နောက်တစ်ခုက ကိုဗစ်ဖြစ်တယ်။ ကိုဗစ်ကလည်း နေ့စဉ်နဲ့အမျှ တိုးပွားမှုတွေများလာတယ်။ လောလောဆယ်မှာကိုဗစ်ကို ထိန်းချုပ်လို့မရတဲ့ အခြေအနေမှာရှိတယ်။ ရွေးကောက်ပွဲကျင်းပဖို့အတွက် နှစ်လကျော်လောက်တော့လိုသေးတော့ ဘယ်လိုစိန်ခေါ်တွေ လာဦးမလဲဆိုတာတော့ ခန့်မှန်းရခက်နေသေးတယ်”ဟု ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။