ကချင်ပြည်နယ်မဲရုံများအတွက် အထူးရဲတပ်ဖွဲ့ဝင် ဦးရေ ၈၉၀ ခန့်အပ်မည်ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကချင်ပြည်နယ်တွင် မဲရုံပေါင်း ၈၉၀ ရုံထားရှိမည်ဖြစ်ပြီး မဲရုံတစ်ရုံလျှင် လုံခြုံရေးအတွက် အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးစီ ခန့်သွားမည်ဖြစ်သဖြင့် စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၈၉၀ ကို ပြင်ပမှ ခေါ်ယူခန့်အပ်မည်ဖြစ်ကာ ယခုအခါ အထူးရဲတပ်ဖွဲ့ဝင်အင်အား စုဆောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ဦးကျော်ဇင်ကပြောသည်။
“မဲရုံတစ်ရုံကို တပ်ဖွဲ့ဝင်တစ်ယောက်ထားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် တပ်ဖွဲ့ဝင်တွေကို အပြင်ကနေ ခေါ်ခန့်မှာဖြစ်ပါတယ်။ အခုစပြီး လူအင်အားစုဆောင်းနေပြီဖြစ်ပါတယ်။ အရံအင်အားအဖြစ်လည်း အယောက် ၄ဝ လောက်ခန့်မှာဖြစ်တယ်” ဟု ဒုရဲမှူးကပြောသည်။
အဆိုပါ အထူးရဲတပ်ဖွဲ့ဝင်အဖြစ် အသက် ၁၈ နှစ်မှ အသက် ၆၀ နှစ်အတွင်းရှိသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ ကိုယ်အင်္ဂါမချို့ယွင်းသူ၊ ပညာအရည်အချင်းအနေဖြင့် အနည်းဆုံး အလယ်တန်း အောင်မြင်ပြီးသူ၊ ပါတီနိုင်ငံရေးကင်းရှင်းသူများကို ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ခံရသည့် အထူးတပ်ဖွဲ့ဝင်များကို ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းများအား အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးရဲတပ်ဖွဲ့ဝင်များအနေဖြင့် တစ်လလျှင် ငွေကျပ် တစ်သိန်းလေးသောင်းနှင့် စားစရိတ်အဖြစ် တစ်ရက် တစ်ထောင့်ရှစ်ရာကျပ် ရရှိမည်ဖြစ်ကာ နှစ်လ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဒုရဲမှူးက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကချင်ပြည်နယ်တွင် အထူးရဲတပ်ဖွဲ့ ၈၉၁ ဦးခန့်အပ်ခဲ့ပြီး တစ်ဦးလျှင် လစာတစ်သိန်းနှစ်သောင်းကျပ်နှင့် စားစရိတ်အဖြစ် တစ်လ ၃၀၀၀၀ ထောက်ပံ့ခဲ့ကြောင်း သိရသည်။