ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၂၇ နေရာတွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီပါတီ) ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါပါတီအနေဖြင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ရွှေကူ၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ဖားကန့် စသည့်မြို့နယ်ရှိ မဲဆန္ဒနယ် ၂၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရရှိပါက တိုင်းရင်းသားတန်းတူညီမျှရေးအတွက် ဦးတည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ဥက္ကဌ ဦးစိုင်းဌေးအောင်က ကတိပြုပြောကြားခဲ့သည်။
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တောင်ကိုယ်စားလှယ်လောင်းအမည်စာရင်း ဇူလိုင် ၃၀ ရက်က ကြောညာခဲ့သည်။
“ကျွန်တော်တို့ပါတီက ချမှတ်မူနဲ့ကိုက်ညီတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တာပါ။ ရွေးကောက်ပွဲအနိုင်ရခဲ့ရင် ကျွန်တော်တို့မူဝါဒတွေထဲက အဓိကတစ်ချက်ဖြစ်တဲ့ တန်းတူညီမျှမှုမရှိဘူးဆိုတဲ့ကိစ္စကို ဦးစားပေးလုပ်ဆောင်မှာဖြစ်တယ်။ နောက်ပြီးတော့ တိုင်းရင်းသားအချင်းချင်း သူက လူမျိုးကြီး၊ သူကလူမျိုးငယ် အဲ့လိုမျိုးခွဲခြားလို့ ပြသနာပေါင်း သောင်းခြောက်ထောင်ဖြစ်နေတဲ့ကိစ္စတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်” ဟု ဦးစိုင်းဌေးအောင်ကပြောသည်။
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၃ ရာခိုင်နှုန်း၊ အသက် ၃၅ နှစ်အောက် လူငယ်ကိုယ်စားလှယ်လောင်း ၃၁ ရာခိုင်နှုန်းနှင့် အသက် ၃၅ နှစ်အထက်ကိုယ်စားလှယ်လောင်း ၅၅ ရာခိုင်နှုန်း ပါဝင်ကြောင်းသိရသည်။