မွန်ပြည်နယ်တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် လျှောက်လွှာလက်ခံသည့် တစ်လကျော်ကာလအတွင်း လာလျှောက်သူမရှိ

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် လျှောက်လွှာလက်ခံသည့် တစ်လကျော်ကာလအတွင်း လာလျှောက်သူမရှိ
by -
ရန်လင်းအောင် (MNA)

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် လျှောက်လွှာလက်ခံနေသည့် တစ်လကျော်ကာလအတွင်း လျှောက်ထားသည့်အဖွဲ့မရှိသေးကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

အဆိုပါစောင့်ကြည့်လေ့လာရေးအတွက် လျှောက်လွှာများကို မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဇူလိုင် ၁ ရက်မှ စတင်၍ လက်ခံဆောင်ရွက်နေခြင်းဖြစ်ပြီး ယနေ့ (သြဂုတ် ၁၉ရက်) အထိ  လျှောက်ထားသူမရှိသေး‌ကြောင်း သိရသည်။

“ရွေးကောက်ပွဲကော်မရှင်အနေနဲ့ စောင့်ကြည့်လေ့လာရေးလာရောက်လျှောက်ရင် ဆောင်ရွက်ပေးဖို့ အသင့်လုပ်ထားပြီးဖြစ်တယ်။ လောလောဆယ်မှာတော့ လာရောက်လျှောက်ထားတာ မရှိဘူး။ အချိန်စောနေတာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ ခုမှ အဖွဲ့ဖွဲ့စည်းနေတာလည်း ဖြစ်မှာပေါ့” ဟု ၎င်းကပြောသည်။

ယင်းသို့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ နည်းပါးသွားရခြင်းသည် ရွေးကော်ပွဲကော်မရှင်၏ စည်းမျဉ်းစည်းကမ်းတင်းကြပ်မှုကြောင့် ဖြစ်နိုင်ကြောင်း ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်ရေးလုပ်ဆောင်ခဲ့သူ မွန်ပြည်နယ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ မခိုင်ခိုင်လဲ့မြင့်က ပြောသည်။

“ကော်မရှင်အနေနဲ့က လေ့လာစောင့်ကြည့်ရေးကိုမှ စောင့်ကြည့်ရေးကိုဖြုတ်ပြီး သူတို့က လေ့လာရေးဆိုပြီးလုပ်ချင်တယ်။ အခုထိ လျှောက်တဲ့သူမရှိသေးဘူးဆိုတာ စည်းမျဉ်းစည်းကမ်း တင်းကြပ်မှုကြောင့်လည်း ဖြစ်နိုင်တယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ကိုဗစ်ကပ်ရောဂါကြောင့် ရွေးကောက်ပွဲစောင့်ကြည့်ရေးအတွက် ပြင်ဆင်ရန် အချိန် လုံလောက်မှုနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအတွက် Donor (အလှူရှင်) များ ထောက်ပံ့မှုအားနည်းခြင်းကြောင့်ဖြစ်နိုင်ကြောင်း မခိုင်ခိုင်လဲ့မြင့်က သုံးသပ်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ (PACE) အဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လေ့လာစောင့်ကြည့်မှု ခွင့်မပြုမှုကြောင့် ဝေဖန်မှုများထွက်ပေါ်ခဲ့ပြီးနောက် ဩဂုတ် ၁၅ ရက်တွင် ကော်မရှင်က စောင့်ကြည့်ခွင့် ပြန်လည်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ ၁၇ ဖွဲ့ ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၁၇ သိန်းကျော်ရှိသည့်အနက် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲပေးမည့်သူ နှစ်သိန်းဝန်းကျင်ရှိကာ မဲရုံပေါင်း ၉၀၀ ကျော်ဖွင့်လှစ်ရန် ရွေးကောက်ပွဲကော်မရှင်က လျာထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...