မွန်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀၀ ကျော် ကန့်ကွက်ခံရသူမရှိ

မွန်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀၀ ကျော် ကန့်ကွက်ခံရသူမရှိ
by -
ရန်လင်းအောင် (MNA)

မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေများတွင် ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀၃ ဦးလုံး ကန့်ကွက်ခံရသူမရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

ယခုအခါ ၎င်းတို့ကို ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ကန့်ကွက်မှုမရှိသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့သို့ ပေးပို့အတည်ပြုချက် ရယူထားသည်ဟု ဆိုသည်။

“စုစုပေါင်း ၃၀၃ ဦးကို စိစစ်တဲ့ကာလတွေမှာ ကျွန်တော်တို့ဘက်က ကန့်ကွက်တာမရှိဘူး။ ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အတည်ပြုချက် ရယူထားတယ်။ အတည်ပြုချက်ရပြီးဆိုရင်တော့ ကျွန်တော်တို့ ဆက်ပြီးဆောင်ရွက်ပါမယ်” ဟု ၎င်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုကို ဇူလိုင်လ ၂၀ ရက်ကနေ ဩဂုတ်လ ၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီး စိစစ်မှုကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့သည်ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၅ ဦး၊ အမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း ၇၈ ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃၇ ဦးနှင့် ကရင်၊ ဗမာ၊ ပအိုဝ့် တိုင်ရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ၂၃ ဦး အမည်စာရင်းတင်သွင်းထားခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၁၇ သိန်းကျော်ရှိပြီး မဲစာရင်းတွင်မပါဝင်သဖြင့် လျှောက်ထားသူ နှစ်သောင်းကျော်၊ ကန့်ကွက်သူ ခုနစ်ထောင့်ငါးရာကျော်နှင့် ပြင်ဆင်ဖြည့်စွက်သူ တစ်သောင်းကျော်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၊ မွန်ညီညွတ်ရေးပါတီ (MUP)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (တစည)၊ ကရင်ပြည်သူ့ပါတီ (KPP)၊ ပြည်သူ့ပါတီ(PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ်ပါတီ (UNDP)၊ ၈၈မျိုးဆက်ဒီမိုကရေစီပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ဗမာပြည်သူ့ပါတီ (BPP)၊ အမျိုးသားတိုးတက်ရေးပါတီ နှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...