အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ အကြောင်းအမျိုးအမျိုးကြောင့် ရောက်ရှိနေသည့် ချင်းလူမျိုးများ ကိုဗစ်ရောဂါကြောင့် မဲပေးခွင့် ဆုံးရှုံးမည်ကို စိုးရိမ်လျက်ရှိကြောင်း မီဇိုရမ်ပြည်နယ်ရှိ ချင်းလူမူရေးအသင်းအတွင်းရေးမှူး ဆလိုင်း S.Hu Lian က ပြောသည်။
“ကျွန်တော်တို့ ၂၀၁၅ ကလည်း မဲပေးဖို့ အဖွဲ့လိုက်ပြန်ကြတယ်။ ဒီနှစ်လည်း ပြည်သူတွေကလည်း အကုန်လုံးပြန်ချင်ကြတယ်။ အစိုးရဘက်က ပြန်လို့ရအောင် စီစဉ်ပေးရင်တော့ မဲပေးဖို့အသင့်ရှိတယ်။ ကိုဗစ်ရောဂါကလည်း ရှိနေသေးတော့ ပြန်နိုင်မယ်လားဆိုတာ မသေချာဘူးဖြစ်နေလို့ အားလုံးက မဲပေးခွင့်ဆုံးရှုံးမှာကို အရမ်းစိုးရိမ်နေကြတယ်။ ၂၀၁၄ က ကောက်ခဲ့တဲ့စာရင်းအရ ဒီမှာ ချင်းလူမျိုးတွေ လေးသောင်းကျော်ရှိနေတယ်” ဟု ဆလိုင်း S.Hu Lian ကပြောသည်။
ကိုဗစ်ကာလအတွင်း မီဇိုရမ်ပြည်နယ်ရောက် ချင်းလူမျိုးများ မြန်မာနိုင်ငံသို့ ပြန်လာရေးနှင့်ပတ်သက်၍ ချင်းလူမူရေးအသင်းမှ ပြည်နယ်အစိုးရကို အကြိမ်ကြိမ် ဆက်သွယ်တိုက်တွန်းခဲ့သော်လည်း လုပ်ငန်းနှောင့်နှေးနေကြောင်းနှင့် ၎င်းတို့အနေဖြင့်ယခုနှစ် ရွေးကောက်ပွဲတွင် အပြောင်းအလဲလိုလားသောကြောင့် ပြည်နယ်သို့ ပြန်၍ မဲပေးလိုခြင်းဖြစ်ကြောင်း ဆလိုင်း S.Hu Lian ကဆက်လက်ပြောသည်။
“ပြည်သူတွေအနေနဲ့ ကိုဗစ်ကာလမှာ ကိုယ့်တိုင်းပြည်ပြန်ချင်ကြတယ်။ အဓိက ချင်းအစိုးရအဖွဲ့ကို အပြောင်းအလဲဖြစ်စေချင်တဲ့သူတွေအများကြီး ရှိလာတယ်၊ ကိုဗစ်ရောဂါကြောင့် အတားအစီးတွေရှိနေတယ်။ တကယ်လို့ အတားအဆီးမရှိတော့ရင် ရှိရင်တော့ ဘက်(စ်)ကားနဲ့ ပြန်လာဖို့ အဆင်သင့်ရှိတယ်။ မပြန်နိုင်ရင်တော့ ဘယ်တက်နိုင်မလဲ။ ဘယ်အစိုးရတက်မလဲဆိုတာစောင့်ကြည့်ရုံပဲပေါ့” ဟု ၎င်းက ပြောသည်။
အိန္ဒိယနိုင်ငံရောက် ချင်းလူမျိုးများပြန်လာနိုင်ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စုအစိုးရကို တင်ပြပြီးမှသာ ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က ပြောသည်။
“ကျွန်တော်တို့ကတော့ မီဇိုရမ်အစိုးရဘက်ကနေ ချင်းပြည်နယ်အစိုးရကို ပြန်ဖို့သတင်းပို့ပေးရင် ပြည်ထောင်စုအဆင့်ကို တင်ပြတယ်၊ ပြည်ထောင်စုအဆင့်က ခွင့်ပြုတယ်ဆိုရင် လက်ခံပေးတယ်၊ လက်ခံပြီးသားလည်း အယောက် ၂၃၀ လောက်ရှိတယ်။ အခုသူတို့ တရားဝင်မဲထည့်ဖို့ဆိုရင် တော်တော်တော့ လုပ်ရမယ့် သဘောရှိနေတယ်၊ ဘာလို့ဆိုတော့ ကျွန်တော်တို့ကို Quarantine ၂၁ ရက်ထားရမယ်ဆိုတော့ လုပ်ရကိုင်ရ တော်တော်လေးခက်မယ်” ဟု ဦးစိုးထက်က ပြောသည်။
၎င်းတို့အနေဖြင့် မဲပေးရန်ဆန္ဒရှိပါက ရွေးကောက်ပွဲမတိုင်မီ တစ်လခန့် ကြိုတင်ပြန်လာရန်လိုအပ်ပြီး ပြန်လာမယ့်သူစာရင်းကို မီဇိုရမ်အစိုးရဘက်မှ ချင်းပြည်နယ်အစိုးဘက်သို့ ပို့ပေးပါက ပြည်ထောင်စုအစိုးရကို တင်ပြပြီး တစ်ပတ်အတွင်းအကြောင်းပြန်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ကုန်သွယ်ရေးလုပ်ငန်းများနှင့် နေ့စားလုပ်ငန်းခွင်များစသည့်တို့တွင် သွားရောက်လုပ်ကိုင်နေသူ ချင်းလူမျိုးလေးသောင်းကျော်ရှိကြောင်း သိရသည်။