ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦးရှိနေ

ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦးရှိနေ
by -
မင်းထွန်း (DMG)

ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။

ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တစ်ဦး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တစ်ဦး၊ ချင်းတိုင်းရင်းသားများပါတီမှ တစ်ဦး၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ တစ်ဦး၊ အရှိုချင်းအမျိုးသားပါတီမှ တစ်ဦးနှင့် ချင်းပြည်နယ်မှ တသီးပုဂ္ဂ ကိုယ်စားလှယ်လောင်း သုံးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်ပြင်ပရောက် ချင်းလူမျိုးများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးများကို လုပ်ဆောင်ပေးနိုင်ရန်  ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့က ပြောသည်။

“ရခိုင်ပြည်နယ်မှာရှိတဲ့ ချင်းလူမျိုးတွေရဲ့ လူနည်းစုအခွင့်အရေးတွေ၊ ရသင့်ရထိုက်တဲ့ ဥပဒေပိုင်းဆိုင်ရာအခွင့်အရေးတွေရဖို့နဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ကျနော်ကနေပြီးတော့ လုပ်ဆောင်ပေးချင်တယ်။ ဒါကြောင့် ရခိုင်မှာ ချင်းတိုင်းရင်းသား ကိုယ်စားလှယ်လောင်းအဖြစ် ပါတီရဲ့သဘောတူညီချက်နဲ့ ဝင်ပြိုင်ရတာပါ” ဟု အရှိုချင်း အမျိုးသားပါတီမှ ချင်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း  ဦးမောင်မောင်ဝင်းက ပြောသည်။

ရွေးကောက်ပွဲတွင် အရှိုချင်းအမျိုးသားပါတီမှ ချင်းတိုင်းရင်းသားရေးဝန်ကြီးအဖြစ် အနိုင်ရရှိခဲ့လျှင် ၂၁ ရာစု ပင်လုံညီလာခံ၌ ရခိုင်ပြည်နယ်တွင်ရှိသည့် ချင်းလူမျိုးများ၏ စာပေ၊ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ဥပေဒတစ်ရပ်အဖြစ် တင်ပြဆွေးနွေးနိုင်သွားမည်ဖြစ်ကြောင်း၎င်းက ကတိပြု ပြောကြားခဲ့သည်။

ချင်းတိုင်းရင်းသားများပါတီမှ ချင်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်က “ချင်းလူ့အဖွဲ့အစည်းတွေကို နိုင်ငံရေးအခွင့်အရေးအရ ကျနော်တို့မိခင်ပါတီတွေက ကူညီပံ့ပိုးမှုတွေ၊ စောင့်ထိန်းမှုတွေ ဦးဆောင်မှုတွေ မပေးဆောင်နိုင်တဲ့အတွက် ချင်းပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းလူမျိုးတွေ နိုင်ငံရေးစိန်ခေါ်မှုကို ဖြတ်သန်းနိုင်ဖို့ ချင်းပြည်နယ်ပြင်ပမှာရှိတဲ့ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ လူငယ်ပိုင်းတွေက ပေါင်းစည်းပြီး ပါတီထူထောင်ပြီးဝင်ပြိုင်ရတာဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသူ  ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ၁၀၃ ဦး၊အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၆၆ ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၀၈ ဦးရှိကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ သြဂုတ် ၁၁ ရက် ထုတ်ပြန်ချက်အရသိရသည်။

လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ  ဇူလိုင် ၁ ရက်က ထုတ်ပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...