မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ်နယ်မြေအတွင်း မဲဆွယ်စည်းရုံးခြင်းကို ခွင့်ပြုထားသော်လည်း ဗဟိုဌာနချုပ်နှင့် နီးစပ်သည့်နေရာများ၌ လုံခြုံရေးအရ ညှိနှိုင်းဆွေးနွေးရန်လိုအပ်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။
“မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ထိန်းချုပ်နယ်မြေမှာလည်း စည်းရုံးခွင့်ပေးထားတယ်။ ဒါပေမယ့်တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ ဗဟိုဌာနချုပ်နဲ့နီးတဲ့ နေရာတွေ၊ ရေဖြူမြို့နယ်ဘက်မှာရှိတဲ့ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဘက်မှာဆိုရင် လုံခြုံရေးအရ ဝင်ရောက်မဲဆွယ်မယ်ဆိုရင် ကျွန်တော်တို့နဲ့ ညှိနှိုင်းပြီးမှ ဝင်ရောက်စည်းရုံးခွင့်ရှိမယ်” ဟု ၎င်းကပြောသည်။
ယင်းအပြင် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူရာတွင် ရွေးကောက်ပွဲကော်မရှင်အား ရေးချောင်းဖျားဒေသ၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်များတွင် လုံခြုံရေးအရ ဝင်ရောက်မှုခွင့်မပြုထားသော်လည်း အရပ်ဘက်အဖွဲ့အစည်းများဖြင့် ကောက်ယူခြင်းနှင့် ပြည်သူများက မဲစာရင်းသွင်းခြင်းတို့ကို ခွင့်ပြုထားသည်ဟု ဆိုသည်။
မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက လက်မှတ်ရေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။
လက်ရှိတွင် မွန်ပြည်နယ်၊ ရေးမြို့နယ် အရှေ့ဘက်ခြမ်းရှိ ရေးချောင်းဖျားဒေသတွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ရှိသော်လည်း ၂၀၂၀ ရွေးကောက်ပွဲမဲစာရင်း၌ မပါဝင်သူ ထောင်ဂဏန်းရှိနေကြောင်း ရေးချောင်းဖျားဒေသရှိ ပနန်းပုံ ကျေးရွာ ဥက္ကဋ္ဌ နိုင်ထပွေးက ပြောသည်။
“အခု ၂၀၂၀ မှာတော့ ကျောင်းရွာကျေးရွာအုပ်စု မဲစာရင်းမှာ ကျနော်တို့ဆီက ရွာသားတစ်ယောက်မှ နာမည်ပါမလာတော့ဘူး၊ ကော်မရှင်ကို သွားပြောတယ် ဒါပေမယ့် နာမည်စာရင်းပြန်မထည့်ပေးဘူး” ဟု ဆိုသည်။
ထိုသို့ မဲစာရင်းတွင်ကျန်ခဲ့သူများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ဆန္ဒကောက်ယူရာတွင် မဲပေးခွင့်ရခဲ့ပြီး ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲများတွင်လည်း အမည်စာရင်း ပါဝင်ခဲ့ကြောင်း ပနန်းပုံကျေးရွာ ဥက္ကဋ္ဌ နိုင်ထပွေးက ပြောသည်။
ယင်းအပြင် ပနန်းပုံကျေးရွားအုပ်စုအနီးရှိ သုံဝဏ္ဏဘုံ၊ သဗြုချောင်၊ ရင်းရဲ၊ ကျောက်သင်္ဘော၊ ဂနီ၊ ဖလမ်း စသည့် ရွာပေါင်း ၁၀ ရွာခန့်တွင်လည်း နိုင်ငံသားစိစစ်ရေးကတ်မရှိသည့်သူ များစွာရှိနေကြောင်း သိရသည်။