၂၀၁၅ ရွေးကောက်ပွဲတွင် လီဆူအမျိုးသားဖွံ့တိုးတက်ရေးပါတီ (ဒူလေးပါတီ) မှ ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါမာဝူ လာမည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်ခေါမာဝူသည် လီဆူလူမျိုးကို အခြေခံ၍ဖွဲ့စည်းထားသည့် ဒူးလေးပါတီတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီမှစ၍ ဗဟိုဥက္ကဌအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆော့လော်မဲဆန္ဒနယ် အမှတ် (၂) တွင် ပြည်နယ်လွှတ်တော်ကိုယ်းစားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ် မေ ၂၁ ရက်တွင် NLD သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိမိယုံကြည်ရာပေါ့နော်။ မူဝါဒတွေအားလုံးက ကောင်းကြပါတယ်။ ဒါပေမဲ့ ကိုယ်ယုံကြည်ရာကို ပြောင်းသွားတဲ့သဘောပါ” ဟု ဒေါ်ခေါမာဝူကပြောသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီကို ဖော်ဆောင်နေသည့်ပါတီဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဆော့လောပြည်သူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လိုခြင်းကြောင့်လည်းကောင်း ပါတီပြောင်းကာ ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း ဒေါ်ခေါမာဝူကပြောသည်။
၎င်းအနေဖြင့် ၂၀၁၅ မှ ၂၀၂၀ အတွင်း လွှတ်တော်ကိုယ်စားတာဝန်များထမ်းဆောင်နေစဉ် တောင်သူများအတွက် ရှောက်ကောစိုက်ပျိုးမြေ ဧက ၁၇၀၀ ကို ဖော်ထုတ်ပေးနိုင်ခဲ့သည်ကို အားအရဆုံးဖြစ်သည်ဟု ၎င်းက ဖွင့်ဟပြောကြားခဲ့သည်။
“နှစ်ရှည်ပင်ဖြစ်တဲ့အတွက် ကျွန်မ လွှတ်တော်ထဲမရှိတဲ့အချိန်မှာလည်း သူတို့စားဝတ်နေရေးအတွက် ရေရှည်လုပ်ကိုင် စားသောက်သွားနိုင်တာပေါ့။ အဲဒါကိုတော့ ကျွန်မ အားရကျေနပ်မှုအရှိဆုံးဖြစ်ပါတယ်” ဟု ဒေါ်ခေါမာဝူက ပြောသည်။
၎င်း၏ ပြည်နယ်လွှတ်တော်အတွင်း လုပ်ဆောင်ချက်များအနက် “ပြည်နယ်ဝန်ကြီးများအနေဖြင့် အောက်ခြေဝန်ထမ်းများက သနပ်ခါးလိမ်း၊ရေမွှေးဆွတ်ပြီးပို့လိုက်တဲ့အဖြေလွှာ တွေကို လာဖတ်ခြင်းထက် အမှန်ကန်ဆုံး၊ အဖြစ်သင့်ဆုံးအဖြေလွှာတွေကို လေ့လာသုံးသပ်ပြီး လာရောက်ဖြေကြားပေးစေလိုပါတယ်” ဟူသော ပြောကြားချက်သည် လူအများကြားတွင် ရေပန်းစားခဲ့ပြီး ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလအတွင်းကပြုလုပ်ခဲ့သော ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ အဆိုတစ်ခုတင်သွင်းရာတွင် ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုအခါ ကချင်ပြည်နယ် လွှတ်တော်တွင် ဒေါ်ခေါမာဝူအပါအဝင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ငါးဦးရှိကြောင်း သိရသည်။