ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း သုံးဦး စာရင်းထပ်တိုးခဲ့သည့် အတွက် ၎င်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၂၀ ဦးထိရှိသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စာရင်းထပ်တိုးသည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများသည် ပြည်ခိုင်ဖြိုးပါတီ (USDP) မှ ဖြစ်ပြီး USDP ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကို သြဂုတ် ၁၂ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမျိုးသမီးကိုယ်စားလှယ်လောင်းများသည် အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် အမှတ် ၉ ၊ အမှတ် ၁၁ တို့တွင် တစ်ဦးစီနှင့် ပြည်နယ်လွှတ်တော်အတွက် ဂွမြို့မဲဆန္ဒနယ် ၁ တွင် တစ်ဦးဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယခင် ၂၀၁၅ ရွေးကောက်ပွဲက ရခိုင်ပြည်နယ်၌ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ပါဝင်မှုမရှိခဲ့သော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးကိယ်စားလှယ်လောင်းပါဝင်လာခြင်းသည် တိုးတက်လာသည့်အခြေအနေဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေကပြောသည်။
“အမျိုးသမီးပါဝင်မှုဟာ ၂၀၁၅ က တစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် ဒီနှစ်မှာ သုံးယောက်ပါဝင်လာတယ်ဆိုတော့ တိုးတက်တဲ့အခြေအနေဖြစ်ပါတယ်” ဟု သူကပြောသည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရခိုင်မှ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ထုတ်ပြန်ချက်အရသိရသည်။
ပြည်ခိုင်ဖြိုးပါတီအပြင် ရခိုင်ပြည်နယ်၌ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ မှာ ရခိုင်အမျိုးသားပါတီ (ANP) မှ ခြောက်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ခြောက်ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သုံးဦး၊ ရခိုင့်ဦးဆောင်ပါတီမှ တစ်ဦးနှင့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီမှ တစ်ဦးဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
လက်ရှိလွှတ်တော်ထဲတွင် ရခိုင်ပြည်နယ်မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အနေဖြင့် အမျိုးသားလွှတ်တော်တွင် ၃ ဦးနှင့် ပြည်သူ့လွှတ်တော်တွင်၂ ဦးရှိပြီး ပြည်နယ်လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ်မရှိပေ။