သမိုင်းဟူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက လူ၊ သတ္တဝါ၊ အရာဝတ္ထု အစရှိသော အရာများပင်ဖြစ်သည်။ ထိုထိုသော အတိတ်မှအရာများသည် လက်ရှိလူသားများအတွက်၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် သမိုင်းစာမျက်နှာများ ဖြစ်လာရသည်။
အက္ခရာတင်နိုင်ခဲ့သော သမိုင်း၊ မတင်နိုင်ခဲ့သော သမိုင်းများ လူ့သမိုင်း၏ အတိတ်တွင် များစွာရှိခဲ့ကြသည်။ သမိုင်းဟူသည် ဆိုးသည်၊ ကောင်းသည်၊ မြတ်သည်၊ နိမ့်သည်နှင့် မသက်ဆိုင်ပေ။ အတိတ်မှ အဖြစ်အပျက်၊ အကြောင်းအရာတို့ကို မှတ်တမ်းမှတ်ရာနှင့် မပျက်စီးရလေအောင် မှတ်တမ်းတင်ထိန်းသိမ်းခဲ့ကြသည့်အတွက် ယနေ့လူ့အဖွဲ့အစည်းတွင် သမိုင်းဟူသောအရာမှာ မရှိမဖြစ်၊ မသိမဖြစ်သော အရာတစ်ခုဖြစ်လာရသည်။
သမိုင်းကြောင်းများအရ ယနေ့ ရခိုင်ပြည်နယ်သည်လည်း အတိတ်တွင် ရှည်လျားသော သမိုင်းကြောင်းများနှင့် ရွှေရောင်ခေတ်များကို ဖြတ်သန်းခဲ့ဖူးသည်။ ပထမဓညဝတီမှ စတင်လာသော သမိုင်းကြောင်းသည် မြောက်ဦး အထိ အဓွန့်ရှည်ခဲ့သည့်သမိုင်းဖြစ်သည်။ ယင်းမှတဖန် ကိုလိုနီခေတ်မှ ခေတ်အဆက်ဆက် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများမှာလည်း ယနေ့ ရခိုင်တို့၏ ခေတ်သစ် သမိုင်းစာမျက်နှာပင်ဖြစ်သည်။
ရှည်လျားသော သမိုင်းကြောင်းများထဲမှ အုပ်ချုပ်သူလူတန်းစားတို့၏ တရားလက်လွတ်ပြုမူခဲ့သည့် အလွန်တရာ စက်ဆုတ်ဖွယ်၊ ရွံရှာဖွယ်၊ ဝမ်းနည်းဖွယ်၊ နာကျင်ဖွယ်၊ သင်ခန်းစာယူဖွယ်ကောင်းသော အဖြစ်အပျက်တစ်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉ နှစ်အကြာ ၁၉၆၇ ခု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်တွေမြို့တွင် ဖြစ်ပျက်ခဲ့သော ဆန်ပြဿနာနေ့ သွေးမြေကျမှုပင်ဖြစ်သည်။
ခေတ်အဆက်ဆက် ဆန်စပါးပေါများခဲ့သည့် ရခိုင်သမိုင်းတွင် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ ဖြစ်စဉ်သည် အလွန်တရာမှ အရုပ်ဆိုးအကျည်းတန်မှုပင် ဖြစ်သည်။ ဦးနေဝင်းဦးဆောင်သော ဆိုရှယ်လစ်လမ်းစဉ် “တစ်ပါတီစနစ်”၏ ခေါင်းပုံဖြတ်မှုကြောင့် ရခိုင်ပြည်နယ်တွင် အကြီးမားဆုံး ဆန်ရှားပါးမှုကို ဖြစ်ပေါ်စေခဲ့သည်။
ဆန်ရှားပါးခြင်းမှ အစပျိုးလာသည့် ပြဿနာကိုဖြေရှင်းရန် နှစ်ဦးနှစ်ဖက်အကျိုးရှိသော နည်းလမ်းများဖြင့် မစဉ်းစားဘဲ မိမိတို့ အာဏာတည်တံ့ကောင်းစားရေးအတွက်သာ စဉ်းစားခဲ့သော ဦးဆောင်မှု ညံ့ဖျင်းသည့် အစိုးရကြောင့် ရခိုင်လူထုမှာ အငတ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
အငတ်ဘေးကိုဖြေရှင်းပေးရန် လူထုတစ်ရပ်လုံး အုပ်ချုပ်သူအစိုးရကို တောင်းဆိုဆန္ဒပြခဲ့ကြရာ ပြဿနာကို ဖြေရှင်းရန်မစဉ်းစားသော အစိုးရသည် လူအုပ်ကို ရက်စက်စွာပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် လူပေါင်းများစွာ သေဆုံးခဲ့ရပြီး များစွာဒဏ်ရာရရှိခဲ့ကြသည်။
အစိုးရ၏ ထုတ်ပြန်ချက်တွင် သေဆုံးသူ ၂၄ ဦးသာရှိသည်ဟု ထုတ်ပြန်ခဲ့သော်လည်း ရခိုင်လူထုကမူ လူပေါင်း ၃၀၀ ကျော်ခန့်သေဆုံးသည်ဟု ယုံကြည်လက်ခံခဲ့ကြသည်။
၁၉၆၇ ခု သြဂုတ်လ ၁၃ ရက်နေ့တွင် ပစ်ခတ်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိမှု အဖြစ်အပျက်များရှိခဲ့သည့် အတွက် သြဂုတ်လ ၁၃ ရက်နေ့ကို စစ်တွေဆန်ပြဿနာနေ့အဖြစ် ရခိုင်တစ်မျိုးသားလုံးက ခေတ်သစ်သမိုင်း အဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။
ထိုသမိုင်းသည် ယနေ့လူများအတွက် ဝမ်းနည်းကြေကွဲရသည်မှာ အမှန်ဖြစ်သော်လည်း ယင်းသို့သော အကြောင်းအရာများကို နာကျည်း၊ မုန်းတီးစိတ်များဖြင့် လက်တုံ့ပြန်၊ ကလဲ့စားချေမည့်စိတ်ဖြင့် မချည်းကပ်သင့်ပေ။
ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအပေါ်မူတည်ကာ အုပ်ချုပ်သူသော်လည်းကောင်း၊ အုပ်ချုပ်ခံသော်လည်းကောင်း နောင်လာမည့် အတိတ်ကာလများနှင့် ယခုပစ္စုပ္ပန်တွင် အလားတူဖြစ်စဉ်မျိုး မဖြစ်လာစေရန် သတိ၊ သင်ခန်းစာများယူပြီး မိမိတို့၏ ကောင်းသောအကြောင်းအရာများနှင့် သမိုင်းသစ်ကို ရေးသားကြရန် လိုအပ်ပေသည်။