နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခြင်း လွတ်လပ်စွာလုပ်ဆောင်နိုင်ဟု PSLF/TNLA နှင့် SSPP/SSA အဖွဲ့များပြော

နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခြင်း လွတ်လပ်စွာလုပ်ဆောင်နိုင်ဟု PSLF/TNLA နှင့် SSPP/SSA အဖွဲ့များပြော

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်နှင့် မဲပေးခွင့်ကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ပြုသွား မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြောသည်။

တအန်း (ပလောင်) လက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ (SSA)တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်သည့် လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး ၎င်းတို့ လှုပ်ရှားရာဒေသများတွင် နိုင်ငံ‌ရေးပါတီများကို လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်နှင့် ဒေသခံမဲဆန္ဒရှင်ပြည်သူများ၏ လွတ်လပ်စွာမဲပေးခြင်းကို ခွင့်ပြုသွားမည်ဟုဆိုသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က “ခွင့်ပြုပါတယ်။ ကျနော်တို့က ခြောက်လပတ်အစည်းအဝေးလုပ်တုန်းက ကျနော်တို့ ထုတ်ပြန်ချက် ကြေညာချက် တစ်ခုလုပ်ထားတာရှိတယ်။ ဒီထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့သဘောထား တစ်ခုပါတာပေါ့။ ဒါကလည်း ကျနော်တို့ အားလုံးကြိုဆိုပါတယ်။ လွတ်လွတ်လပ်လပ်ဆွေးနွေးပိုင်ခွင့် ရှိတယ်။ ပြီးတော့ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိတယ်” ဟု ပြောသည်။

SSPP/SSA အနေဖြင့် ယခင်က ၎င်းတို့၏ဒေသတွင် ပါတီများ၏  မဲဆွယ်စည်းရုံးခွင့်နှင့် ပြည်သူများ၏ မဲပေးခွင့်ကို ဟန့်တားမှုများ လုပ်ဆောင်ခြင်းမရှိသကဲ့သို့ လာမည့် ရွေးကောက်ပွဲတွင်လည်း လုပ်ဆောင်မည်မဟုတ်ကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ကတိပြုပြောကြားခဲ့သည်။

“ရွေးကောက်ပွဲက ပြည်သူလူထုရဲ့ ရွေးချယ်ပိုင်ခွင့်ပေါ့ ဒီမိုကရေစီနည်းအရ သူတို့ရဲ့ right ပေါ့။ အဲဒါကို ကျနော်တို့က အဓိက ဇောင်းပေးပြီးတော့ လွတ်လပ်စေချင်တယ်။ လွတ်လပ်စွာနဲ့ မဲပေးပိုင်ခွင့်ရှိစေချင်တယ်။ ဒါကို အခွင့်အရေးတစ်ခုအနေနဲ့ ကျနော်တို့က ခွင့်ပြုတာဖြစ်တယ်ခင်ဗျာ” ဟု ၎င်းက ဆက်လက်ပြောသည်။

PSLF/TNLA အဖွဲ့ကလည်း ၂၀၀၈ အခြေခံဥပဒေအောက်မှ ဖြစ်ပေါ်လာသည့် ရွေးကောက်ပွဲကို မထောက်ခံသော်လည်း ၎င်းတို့ လှုပ်ရှားရာဒေသများတွင် ပါတီများ၏ မဲဆွယ်စည်းရုံးခွင့်နှင့် ပြည်သူများ  လွတ်လပ်စွာမဲပေးခွင့်ရှိသည်ဟု ပြောသည်။

PSLF/TNLA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “အဓိကက ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် ကျနော်တို့ကတော့ မထောက်ခံဘူးပေါ့နော။ မထောက်ခံပေမယ့် ဒီမိုကရေစီနည်းကျကျ ကျနော်တို့ ဒေသမှာ ရှိတဲ့ လူထုတွေရဲ့ဆန္ဒအရ ဘယ်သူမဆို ကိုယ်ကြိုက်တဲ့လူ လွတ်လွတ်လပ်လပ် မဲပေးလို့ရတယ်။ ဒီပါတီလည်း လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးလို့ရတယ်” ဟုဆိုသည်။

သို့သော် ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် လူမျိုးရေးပုတ်ခတ်မှုများကို အသွင်ဆောင်စေသည့် ပြောဆိုဟောပြောမှုများကို ရှောင်ရှားရန်လိုအပ်သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က သတိပေးပြောကြားခဲ့သည်။

SSPP/SSA လှုပ်ရှားရာဒေသများမှာ ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှူး၊ တန့်ယန်း၊ မိုင်းရယ်၊ ဝမ်ဟိုင်း၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ အစရှိသည့် မြို့နယ်များဖြစ်ပြီး PSLF/TNLA လှုပ်ရှားရာဒေသများမှာ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊နမ့်ခမ်း၊ မူဆယ်၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုးမိတ်၊ နမ့်ဆန် အစရှိသည့် မြို့နယ်များဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် SSPP/SSA ထိန်းချုပ်သည့် ကျေးသီးမြို့နယ်နှင့် မိုင်းရှူးမြို့နယ်များတွင် နယ်မြေအခြေအနေ မတည်ငြိမ်မှုကြောင့် ပြည်သူ့လွှတ်တော်နေရာအတွက် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း သိရသည်။

သို့သော် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အဆိုပါမြို့နယ်များတွင်ရွေးကောက်ပွဲ  ပြန်လည်ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...