မောင်ကျော်စွာ — လာမယ့် ဩဂုတ်လ ဒုတိယပတ်ထဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ (စတုတ္တအစည်း အဝေး) ကျင်းပဖို့ ပြင်ဆင်ဆောင်ရွက်နေကြတာကို ကြားသိရပါတယ်။
၂၁ ရာစုပင်လုံ (တတိယအစည်းအဝေး) ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၁ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပခဲ့တာဆိုတော့ ၂နှစ်ကျော်ကြာ (တရားဝင်ဆွေးနွေးပွဲတွေ) ရပ်ဆိုင်းသွားရာကနေ ပြန်လည်ကျင်းပနိုင်မယ့်သဘော ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲပြီး - ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ဆိုတဲ့ကိစ္စတွေမှာ ဒီချုပ် ပါတီအစိုးရအနေနဲ့ မျှော်မှန်းထားသလို လုပ်မရတာ၊ စိတ်သွားတိုင်း ကိုယ်မပါနိုင်အောင်ဖြစ်နေ၊ ကြုံနေရ တာတော့ အမှန်ပါပဲ။ ဘာကြောင့်ဒီလိုဖြစ်နေရသလဲဆိုတော့ ဒီကိစ္စ ၂ရပ် (၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲပြီး - ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး) နဲ့ပတ်သက်တဲ့ အဓိကကျတဲ့အဆုံးအဖြတ်နဲ့ ဆုံးဖြတ်ပိုင်ခွင့် ဟာ ဒီချုပ်ပါတီအစိုးရလက်ဝယ်မှာ မရှိဘဲ စစ်တပ် (ဝါ) ကာချုပ် လက်ထဲမှာရှိနေလို့ပါပဲ။
စစ်တပ်ရဲ့သဘောထား သို့မဟုတ် စစ်အုပ်စုရဲ့ တင်းမာတဲ့သဘောထားက လူမျိုးစုလက်နက်ကိုင်အင်အားစု (EAOs) မှန်သမျှ လက်နက်ချပြီး ၂၀၀၈ အခြေခံဥပဒေဘောင်ထဲ ဝင်လာစေဖို့ပဲဖြစ်တယ်။ ပါးစပ်ကနေတော့ စကားလုံးတွေ ဟိုလို ဒီလို ပြောင်းသုံးတာတွေ ရှိချင်ရှိလိမ့်မယ်။ အနှစ်သာရက လက်နက်ချပြီး စည်းကမ်းပြည့်ဝတဲ့ ဘောင်ထဲ ဝင်လာကြဖို့ပဲ။
ဒီသဘောထားကို ကာချုပ်ရဲ့မူဝါဒ ၆ ရပ်လို့လည်းခေါ်ပြီး၊ “ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မူဝါဒ (၆)ရပ်” လို့လည်း အတိအလင်း ရေးသားဖော်ပြထားတယ်။ ဒီ မူဝါဒ ၆ရပ်ဆိုတာက စစ်တပ်က၊ စစ်အုပ်စုက၊ ကာချုပ်က သူတို့ကိုယ်တိုင် တရားသေကိုင်စွဲထားရုံမကဘဲ တက်လာတဲ့ အစိုးရတိုင်း ဘယ်အစိုးရမဆို ကိုင်စွဲစေဖို့ ဖိအားပေး ထောက်ခြောက်ဆင်ထားတဲ့ မူဝါဒ ၆ရပ်ဖြစ်တယ်။
ပြီးတော့ ဒီမူဝါဒ ၆ရပ်ဟာ (EAOs)ကို ကြိုတင်ဖိအားပေးအကြပ်ကိုင်ထားတဲ့ အချက်အလက်တွေလည်း ဖြစ်နေပြန်တယ်။ တကယ့် ပင်မရည်ရွယ်ချက်ကတော့ (EAOs) တွေ လက်နက်ချပြီး ၂၀၀၈ အခြေခံဥပဒေဘောင်ထဲ ဝင်လာစေဖို့ ဖြစ်တယ်။ ရွေးကောက်ပွဲတဲ့တက်လာတဲ့ အစိုးရအနေနဲ့ (EAOs) တွေနဲ့ ညှိနှိုင်းဆွေးနွေးရာမှာ အပေး အယူ၊ အလျော့အတင်း လုပ်မရအောင် ဘောင်ခတ်သတ်မှတ်ပေးထားတဲ့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေ လည်း ဖြစ်နေတယ်။
ဒီတော့ ပကတိတည်ကြည်ဖြောင့်မတ်တဲ့ ငြိမ်းချမ်းရေးရဖို့၊ တာရှည်ခံတဲ့ ငြိမ်းချမ်းရေးရဖို့ မလွယ်ဘူး။ မလွယ်လို့ (NCA)စာချုပ် လက်မှတ်ထိုးတဲ့ အဖွဲ့ဝင်ဦးရေ ထပ်တိုးမလာသလို၊ လက်မှတ်ထိုးထားပြီးတဲ့သူတွေနဲ့ တကျော့ပြန် ပစ်ခတ်မှုတွေ၊ တင်းမာမှုတွေပြန်ဖြစ်လာပြီး တရားဝင် ဆွေးနွေးမှုတွေ ၂နှစ်ကြာအောင် ရပ်ဆိုင်းသွား တာတွေ ဖြစ်နေတာ မဟုတ်ပါလား။
ဒီအချက်ကို သက်သေပြနေတဲ့ သဘောထားအမြင်တစ်ရပ်ကို (၁၄-၇-၂၀၂၀)ရက်နေ့က ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ (စတုတ္တအစည်းအဝေး) အကြို ပြင်ဆင်ရေးလုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဦးကျော်တင့်ဆွေက အခုလို ပြောကြားခဲ့ပါတယ်။
အစိုးရနှင့် လွှတ်တော်အစုအဖွဲ့အနေဖြင့်လည်း ညီလာခံကျင်းပမည့် လျာထားချက်ကို သဘောတူထားပြီးဖြစ်ပါကြောင်း ကျန်ရှိနေသော သက်ဆိုင်ရာ အစုအဖွဲ့များကလည်း အချိန်မီ သဘောတူညီကြရန် နိုင်ငံတော် အစိုးရအနေ ဖြင့် မျှော်လင့်ထားပါကြောင်း
ဒီပြောကြားချက်မှာကြည့်ရင် ကျင်းပမယ့်နေ့ရက်လျာထားသတ်မှတ်ရာမှာတောင် စစ်တပ်ဘက်က သဘော မတူရင် မဖြစ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ်နေပါတယ်။ ဒီချုပ်ပါတီအစိုးရဘက်ကတော့ ညီလာခံ ကျင်းပချင်နေတာ ထင်ရှားပါတယ်။ ညီလာခံကို “ဇူလိုင်လ” ထဲမှာ ကျင်းပဖို့ အစိုးရဘက်က စတင်ပြီး ကမ်းလှမ်းခဲ့တာပါ။ (EAOs) တွေဘက်ကလည်း ညီလာခံ ကျင်းပမယ့်နေ့ရက်နဲ့ ပတ်သက်ပြီး ဇူလိုင်လ ၁၀ရက်နေ့ကကျင်းပတဲ့ (PPST) အစည်းအဝေးမှာ သူတို့ချင်း သဘောတူညီချက်ရယူပြီး အစိုးရဘက်ကို တရားဝင် အသိပေး အကြောင်းကြားပြီးဖြစ် တယ်လို့ သိရပါတယ်။
(EAOs) တွေဘက်က ဩဂုတ်လ ဒုတိယပတ် ၁၂၊ ၁၃၊ ၁၄ရက်ကို ပြန်လည်အဆိုပြုခဲ့တာလို့ ဆိုပါတယ်။
ဒီချုပ်အစိုးရနဲ့ (EAOs)တွေက လျာထားတဲ့ နေ့ရက် (ဩဂုတ်လ ဒုတိယပတ် ၁၂၊ ၁၃၊ ၁၄) မှာ မကျင်းပနိုင်ဘူး လို့ (ကာချုပ်) စစ်တပ်ဘက်က အကြောင်းပြန်လိုက်ရင် ၃ဘက်စလုံး ပတ်ချာလည် ပြန်ပြီး ညှိနှိုင်းရပြန်တော့မယ်။
ဒီတော့ ညီလာခံကျင်းပမယ့်နေ့ရက်နဲ့ ပတ်သက်လို့ အချိန်မီသဘောတူဖို့၊ အကြောင်းပြန်ဖို့ ကျန်နေတာ စစ်တပ်ပဲဆိုတာ ရှင်းနေပါတယ်။ ဒါဟာ ကျင်းပမယ့်နေ့ရက် “လျာထားတဲ့ကိစ္စ”ပဲ ရှိပါသေးတယ်။ ဒါဟာ စားပွဲဝိုင်းမှာ ဆွေးနွေးကြရမယ့် နိုင်ငံရေးကိစ္စတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သာမန်အသေးအဖွဲ့ကိစ္စလေးမျှသာ ဖြစ်ပါတယ်။ ဒါကို တောင်မှ စစ်တပ်က သဘောမတူနိုင်ဘဲ ထစ်ထား၊ ညစ်ထားရင် ဘာမှ မတတ်နိုင်ဘူးဆိုတာ ပေါ်လွင်နေပါတယ်။
ဦးကျော်တင့်ဆွေဟာ သံတမန်ဆန်ဆန် အခုလို ငေါ့တော့တော့လေးတွန်းထားတာကို သူ့ပြောကြားချက်မှာ တွေ့ရပါတယ်။ သူပြောတဲ့ ဒီစကားက ဒီချုပ်ပါတီအစိုးရရဲ့ သဘောထားကို ထင်ဟပ်နေပါတယ်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွင် တိုက်ရိုက်ပါဝင် ရင်ဆိုင်နေကြရသည့် တပ်မတော်ခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း “ငြိမ်းချမ်းရေးကို အလိုချင်ဆုံးဟာ လက်တွေ့တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင် တိုက်ခိုက်နေကြရတဲ့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်တယ်”လို့ ကြိမ်ဖန်များစွာ ပြောကြားထား ခဲ့ကြပြီး ဖြစ်ပါကြောင်း
ဦးကျော်တင့်ဆွေ ဆိုလိုချင်တဲ့ သဘောကတော့ ငြိမ်းချမ်းရေးကို လိုလားတယ်လို့ တွင်တွင်ပြောနေတာ နှစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တယ်။ တပြိုင်နက်ထဲမှာလည်း ငြိမ်းချမ်းရေးကို နှောင့်နှေးကြံ့ကြာအောင် လုပ်နေတာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ ဖြစ်တယ်လို့ ပြောချင်ဟန်ရှိပါတယ်။ ဒါပေမယ့် အခြေအနေက ဒီလိုလည်း တိုက်ရိုက် ဒဲ့ဒိုးပြောလို့ မဖြစ်တဲ့ အခြေအနေထင်ပါတယ်။
ကျနော်မြင်မိတဲ့အချက်ကတော့ ဦးကျော်တင့်ဆွေပြောသလို ငြိမ်းချမ်းရေးရဖို့ စစ်တပ်နဲ့ (EAOs) အဖွဲ့တွေ ဟာ အဓိကကျတယ်ဆိုတဲ့ အချက်အပြင် ဒီချုပ်ပါတီအစိုးရအနေနဲ့ ငြိမ်းချမ်းရေးရဖို့ ဘယ်လိုပဲ ဆန္ဒတွေ ပြင်းထန် ထက်သန်နေပါစေ။ စစ်တပ်နဲ့ (EAOs)အဖွဲ့တွေက နားရွက်မခတ်ရင် ဘာမှမတတ်နိုင်၊ ဘာမှမဆောင်ရွက်နိုင်တဲ့ အနေ အထား ဖြစ်နေရတဲ့အဖြစ်ကိုလည်း အတိုင်းသား မြင်တွေ့လိုက်ရပါတယ်။
(၂၀၁၅ -၂၀၂၀) ကာလအတွင်း လက်တွေ့ဖြစ်ရပ်တွေကနေ အခုလို အတွေ့အကြုံနဲ့ သင်ခန်းစာသုံးသပ်ချက် ၂ခု ထုတ်ယူနိုင်ပါတယ်။
- ရွေးကောက်ပွဲကနေ တစ်ခဲနက် မဲဆန္ဒနဲ့တက်လာတဲ့ အစိုးရတစ်ရပ်ဟာ တတိုင်းတပြည်လုံးဆိုင်ရာကိစ္စတွေကို ထိထိ ရောက်ရောက် အုပ်ချုပ်စိုးမိုးနိုင်တဲ့ အခွင့်အာဏာ အပြည့်အစုံရှိဖို့ လိုအပ်တယ်။
- ပြည်တွင်းစစ်ရပ်စဲရေး - ပြည်တွင်းငြိမ်းချမ်းရေး - ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စတဲ့ ကိစ္စ တွေမှာ လွတ်လပ်ပြီးအမှီခိုကင်းတဲ့ ကိုယ်ပိုင်မူဝါဒသဘောထားနဲ့ပေါ်လစီလုပ်ငန်းစဉ် တိကျခိုင်မာစွာရှိဖို့ လိုအပ်ပါ တယ်။
၂၀၀၈ အခြေခံဥပဒေဘောင်ထဲကို ထင်တစ်လုံးနဲ့ ဇွတ်တိုးဝင်သွားတဲ့ ဒီချုပ်ပါတီမှာ ဒီအချက် ၂ချက် ကင်းမဲ့ နေလေတော့ နိုင်ငံရေးကိစ္စကြီးတွေ ပီပီပြင်ပြင်၊ ဖြစ်ဖြစ်မြောက်မြောက် လုပ်ဆောင်ဖို့ ဘယ်လိုမှ မလွယ်ကူတာကို မြင်နိုင်ပါတယ်။ ဒါ့အပြင် လုပ်သမျှကိစ္စတွေမှာလည်း ပဲ့နင်းဦးထောင်၊-ဦးနင်းပဲ့ထောင်ဆိုတာလို ဘေးကျပ်နံကျပ် ပေါင်းစုံနဲ့၊ ကိုယ့်ရှူးကိုယ်ပတ်နေတာတွေနဲ့ ဝိုင်းဝိုင်းလည်နေပါတယ်။
“ငြိမ်းချမ်းရေးရမှ အခြေခံဥပဒေပြင်ဆင်နိုင်မယ် - အခြေခံဥပဒေပြင်ဆင်နိုင်မှ ငြိမ်းချမ်းရေးရမယ်” ဆိုပြီး လုံးချာ လိုက်နေတယ်။ လက်တွေ့မှာ “ ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ”အတွက် တကယ့် အဆုံးအ ဖြတ်အာဏာ စစ်တပ် (ဝါ) ကာချုပ်(စစ်အုပ်စု) လက်ထဲမှာပဲ ရှိနေတာဖြစ်တယ်။ ဒါက ၂၀၀၈ အခြေခံဥပဒေ အတည် ဖြစ်ပြီးတော့မှ သူတို့ လက်ထဲရောက်ရှိသွားတာ မဟုတ်ပါဘူး။
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းစစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုလက်ထဲရောက်နေတာပါ။ အခုထိ သူတို့လက်ထဲမှာပါပဲ။ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပ်ကို စစ်အုပ်စုက စိတ်ကြိုက်ချုပ်ကိုင်ထားနိုင်သမျှ သူတို့ လက်ထဲမှာပဲ ရှိနေအုံးမှာပါ။ ဒါကို လုံးဝ လှည့်ပြောင်းပစ်နိုင်မှ တကယ့်အလှည့်အပြောင်းဖြစ်မှာပါ။ ဒီအချက်ကို ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင်ယှှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ ကြီးငယ်မဟူ လေးလေးနက်နက် သိရှိထားဖို့ လိုအပ်ပါတယ်။
ဒီလိုမှ မဟုတ်ရင်တော့ အပေါ်ယံဟန်ပြ အပြောင်းအလဲပဲ ဖြစ်ပါလိမ့်မယ်။
အထွေထွေရွေးကောက်ပွဲကတဆင့် လူထုက ပေးအပ်လိုက်တဲ့ “အချုပ်အခြာအာဏာ” ဟာ ငြိမ်းချမ်းရေးကို အရယူပေးနိုင်တဲ့၊ ပြည်တွင်းစစ်ကို ပြတ်ပြတ်သားသားရပ်စဲနိုင်တဲ့၊ အခြေခံဥပဒေကို ရဲရဲပြင်ဆင်နိုင်၊ အသစ်ရေးဆွဲ နိုင်တဲ့၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ပီပီပြင်ပြင် တည်ဆောက်နိုင်တဲ့ တကယ့်ပြည်သူ့အာဏာဖြစ်ဖို့တော့ မုချ လိုအပ်ပါတယ်။