KCCRT ကျန်းမာရေးပညာပေးဆိုင်ရာ တာဝန်ခံ ဒေါက်တာထက်ကိုကိုလင်းနှင့် မေးမြန်းခြင်း

KCCRT ကျန်းမာရေးပညာပေးဆိုင်ရာ တာဝန်ခံ ဒေါက်တာထက်ကိုကိုလင်းနှင့် မေးမြန်းခြင်း

ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကေအဲန်ယူ သထုံခရိုင်၊ ဖားအံခရိုင်နှင့် ဒူးပလာယာခရိုင်တို့နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် KCCRT ကျန်းမာရေးပညာပေးဆိုင်ရာ တာဝန်ခံ ဒေါက်တာထက်ကိုကိုလင်းနှင့် ဆက်သွယ်မေးမြန်းခြင်းဖြစ်သည်။  

KCCRT -Karen Community COVID-19 Respond Team သည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ဆိုးရောဂါကို ကာကွယ်ရန်နှင့် လူထုများအား အသိပညာပေးလုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ကာ လူထုအခြေပြုအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး မေလ လဆန်းပိုင်းတွင် စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။  လက်ရှိ ကေအဲန်ယူ ထိန်းချုပ် နယ်မြေများဖြစ်သည့်  သထုံခရိုင်၊ ဖားအံခရိုင်နှင့် ဒူးပလာယာခရိုတို့၌ ကိုဗစ် ကာကွယ်ရေးလုပ်ငန်းစဉ်များကို ခရိုင်တာဝန်ရှိသူများနှင့်ပူးပေါင်းလုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။

မေး ။ ။ ဆရာရေ လတ်တလောပညာပေးမှုလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့အခြေအနေလေး ပြောပေးပါ။

ဖြေ ။ ။ ကျနော်တို့ သထုံခရိုင်၊ ဖားအံခရိုင်၊ ဒူးပလာယာခရိုင်မှာရှိတဲ့ မြို့နယ် ၁၀မြို့နယ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ကျန်းမာရေး တာဝန်ရှိသူတွေ ၊ လုပ်အားပေးသူတွေ၊ KWO၊ KYO တွေကို ကျနော်တို့ တွေ့ဆုံတယ်။ သက်ဆိုင်ရာ မြို့နယ်တွေမှာ ကျနော်တို့ Community Base Facility Quarantine  ထားတော့မယ်ဆိုရင် လမ်းညွှန်မှု အရ ဘယ်လို အဖွဲ့ငယ်လေးတွေ ဖွဲ့ရင်ကောင်းမလဲ။ စီမံ ခန့်ခွဲမှု (Management Team) အပိုင်း ဘယ်လိုဖွဲ့စည်း ထားရင်ကောင်း မလဲကို ကျနော်တို့ဆွေးနွေးပါတယ်။

တစ်ဖက်ကလည်း စောင့်ကြည့် ရေးဂိတ်တွေမှာ ဘယ်လိုပုံစံတွေဖွဲ့ပြီးတော့ပိုမိုအားကောင်းတဲ့ စောင့်ကြည့်ရေး ဂိတ်ဖြစ်အောင်၊ အဆင်ပြေချောမွေ့တဲ့ Community Base Facility Quarantine ဖြစ်အောင် ကျနော်တို့ ဆွေး နွေးသွားတာပေါ့နော်။ စောင့်ကြည့်ရေးဂိတ်တွေကို ကူညီတာအပြင်ကို ကျနော်တို့သည် သုံးခရိုင်အတွင်း မှာ ရှိတဲ့ မြို့နယ်၊ ကျေးရွာတွေကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ပညာပေးစာရွက်စာတမ်းတွေ၊ သတင်းအချက် အလက်တွေရတဲ့အခါမှာ ကျေးရွာ အုပ်ချုပ်ရေးတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ပြီးတော့ ကျေးရွာတွေအထိကို ကျနော်တို့ပညာပေးမှုတွေဆောင်ရွတ်ခဲ့တယ်ပေါ့နော်။

မေး ။ ။ လတ်တလောအခြေအနေမှာ စောင့်ကြည့်ရေးဂိတ်တွေ ဘယ်လောက်ချထား လုပ်ဆောင်နိုင်ပြီလဲ။

ဖြေ ။ ။ ကျနော်တို့ KCCRT အနေနဲ့ကတော့ ချမှတ်တာမျိုးမဟုတ်ဘူး။ တစ်ကယ်ချမှတ်တာကတော့ သက် ဆိုင်ရာခရိုင်အဖွဲ့တွေကသာ ချမှတ်ပြီး ကျနော်တို့က ပူးပေါင်းဆောင်တာဖြစ်ပါတယ်။ သထုံဆိုလည်း သထုံ၊ ဖားအံဆိုလည်း ဖားအံခရိုင်ပေါ့၊ ခရိုင်အလိုက်ဆောင်ရွက်တာပါ။ ကျနော်တို့ရဲ့ အဓိကတာဝန်ကတော့ ချမှတ်ထားတဲ့ဂိတ်တွေမှာဆိုလို့ရှိရင် လုပ်ငန်းလမ်းညွှန်အနေနဲ့ ကျနော်တို့ဘယ်လိုစောင့်ကြည့်သွားမလဲ။ ဘယ်သူတွေကတော့ဖြစ် ဘယ်လို တာဝန်တွေယူ သွားမလဲ။ သက်ဆိုင်ရာလုပ်ရမယ့် တာဝန်တွေကို ကျနော်တို့ခွဲ ပေးလိုက်တာပေါ့နော်။

စနစ်တကျနဲ့စောင့်ကြည့်နိုင်မယ့် အခြေအနေတွေ နောက်စောင့်ကြည့်ရေးဂိတ်ကတဆင့် သံသယရှိလူနာ တွေ့ခဲ့မယ်ဆိုရင် Facility Quarantine Center မှာ ပေးပို့မလား၊ လုပ်ငန်းစင်တာမှာ အဆင်ပြေအောင်ပါဝင်ကူညီတာပေါ့နော်။ အခုကျနော်တို့ လုပ်ဆောင်မှုအပေါ်မှာ ကျနော်တို့ Governance အားကောင်းကောင်းနဲ့ လုပ်သွားဖို့ လိုတာပေါ့။

မေး ။ ။ လတ်တလော စောင့်ကြည့်ရေးဂိတ်တွေမှာ လူဝင်လူထွက်အခြေအနေလေး သိသလောက် ပြောပြ ပေးပါလား။

ဖြေ။ ။ ဘုရားသုံးဆူဘက် နယ်စပ်ဂိတ်ပေါ်ကနေ ပြန်ဝင်လာတာရှိတယ်လို့ ကျနော်တို့သတင်းကြားတယ်။ သိရသလောက်ကတော့ ဝင်းရေးမြို့နယ်မှာကတော့ ပိုများတယ်။ ဝင်လာတယ် ဘာကြောင့်လဲဆိုတော့ တ ဖက်နိုင်ငံ၊ ကန်ချနဘူရီ ကနေပြီးတော့ မြန်မာအလုပ်သမားတွေ ၁,၀၀၀ ဦး ကျော်လောက်ရှိတယ်။ အဲဒီ အဖွဲ့ တွေကို တစ်ဖက်ကကြည့်ရင် ဘန်ကောက်ကိုပတ်ပြန်မယ့်အစား ဒီဘက်ကနေပြန်လာမယ်ဆိုရင် နာရီဝက် လောက်သာလာလို့ ရတယ်။

သူတို့အတွက် အဆင်ပြေမယ်ဆိုပြီးတော့ ပြန်လာကြတယ်။ နည်းလမ်းပေါင်းစုံနဲ့၊ သက်ဆိုင်ရာရွာတွေမှာလည်း စောင့်ကြည့်ရေးဂိတ်တွေနဲ့ထားပြီးတော့ စောင့်ကြည့်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ စောင့်ကြည့်ရေး တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရင်တော့ပိုပြီးတော့ ကောင်းတာပေါ့။

မေး ။ ။  လူထုပညာပေးမှုအပိုင်းမှာ လူထုတွေရဲ့သဘောထားပေါ် နားလည်၊ လိုက်နာမှုတွေ ဘယ်လို အခြေအနေရှိလဲ။

ဖြေ။ ။ ကျနော်တို့ပညာပေးမှုအစီအစဉ်မှာတော့ hand speaker တွေသုံးပြီးတော့ လူထုတွေနားလည် အောင်ပညာပေးတယ်။

နောက်ပညာပေးတဲ့နေရာမှာလည်း ပိုးကရင်၊ စကောကရင်နဲ့  မြန်မာဘာသာတွေကို လူထုတွေနားလည်မယ့် အရာတွေကို အသုံးပြုပြီး လုပ်ဆောင်ပါတယ်။ နောက်တစ်ခုက လက်ကမ်းစာစောင် တွေ ဗီနိုင်းတွေကို ကျနော်တို့က ပိုးကရင်၊ စကောကရင်နဲ့ မြန်မာဘာသာတွေကို အသုံးပြုပြီး ဖြန့်ဝေထား ပါတယ်။ ဒီအပေါ်မှာလူထုတွေ ဗီနိုင်းတွေ၊ လက်ကမ်းစာစောင်တွေ ဖတ်မိပြီးနားလည်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒါတွေက ပညာပေးမှုအပိုင်းမှာ လုပ်ဆောင်နေတာပါ။

မေး။ ။ ယခုလက်ရှိ ခရိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ပညာပေးဖြစ်စေ၊ စောင့်ကြည့်ရေးဂိတ်တွေဖြစ်စေ ထိရောက်မှုဘယ်လောက်ထိရှိလဲ။ နောက်ကြုံတွေ့ နေရတဲ့ အခက်အခဲက ဘာတွေရှိလဲ။

ဖြေ ။ ။ ဒါအပိုင်းကတော့ ပြည်ပက မြန်မာအလုပ်သမားတွေ နည်းလမ်းပေါင်းစုံနဲ့ ပြန်လာကြတယ်။ ခက် တာက သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာတွေ ရောက်သွားတော့မှဘဲ သတင်းသိရတယ်။ ကျနော်တို့သိရှိရတဲ့ အချိန်ကစပြီးတော့ သူတို့က ပြည်တော်ပြန်တွေ ဖြစ်တဲ့အတွက် Community Base Facility Quarantine မှာ ပို့ပေးရမှာပေါ့နော်။ ကျော်ဝင်လာပြီး သူတို့ကနည်းလမ်းပေါင်းစုံနဲ့ ဝင်လာတယ်ဆိုတော့ ဒါကတော့ အခက်အခဲ တစ်ခုပေါ့နော်။ ကြားထဲမှာ ဘာအဆင့်မှ ကျနော်တို့ မလုပ်နိုင်ဘူး။ သက်ဆိုင်ရာ နယ်မြေတွေရောက်မှ သိရတဲ့အတွက် သိသိချင်း တုန့်ပြန်ဆောင်ရွက်မှုကိုတော့ မြန်မြန်ဆန်ဆန် လုပ်ရင်ပိုကောင်းတာပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ KCCRT ရဲ့လုပ်ဆောင်မှုအပိုင်းနဲ့ပတ်သက်ပြီး အားလုံးခြုံငုံ ပြောပေးပါ။

ဖြေ။ ။ ကျနော်တို့အားလုံးဟာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို မကူးစက်အောင်လုပ်ဆောင်နေတာကြောင့် KCCRT အနေနဲ့မပြောဘဲနဲ့ ကျန်းမာရေးရှုထောင့်ကနေပြောတာပေါ့နော်။ ကမ္ဘာ့ကပ်ရောဂါဖြစ်တာမို့လို့ လူတိုင်း၊ လူတိုင်း ပါဝင်ရမယ်။ ဒါက ကျန်းမာရေးကိစ္စပဲ ဒါကြောင့် လူတိုင်း၊ ပြည်သူတိုင်း ပူးပေါင်းပါဝင်မှုတွေ ဖြည့်ရမယ်။

ကျန်းမာရေးရော၊ လူမှုရေးရော ကျနော်တို့အားလုံးက လိုက်နာဆောင်ရွက်ရမယ်။ နှာခေါင်းစည်း တပ်ပြီးမှ အ ပြင်ကို ထွက်ကြဖို့လိုမယ်။ လက်ကိုပုံမှန်ဆေးမယ်။  ၆ ပေအကွာမှာ နေကြမယ်။ အဲ့လို အလေ့အကျင့် တစ်ခု ကို ကျနော်တို့ မွေးရတော့မှာပေါ့နော်။ ဒီအလေ့အကျင့်က အားလုံးလုပ်ကိုလုပ်ရတော့မယ်၊ ကျန်းမာရေး အပြင် အားလုံးရဲ့ နေ့စဉ်လုပ်ဆောင်ရမယ့် Behavior တစ်ခုအနေနဲ့ လုပ်ဆောင်သွားပြီးတော့ ကိုဗစ်နဲ့အတူ ကျနော်တို့ဟာ new normal life style တစ်ခုကိုစပြီးတော့ မွေးဖွားသွားဖို့ လိုတာပေါ့နော်။

ကျေးဇူးတင်ပါတယ်။ 

Most read this week

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...