ကျွန်တော်တို့က တခါတခါ လက်ရှိနဲ့ အလှမ်းဝေးနေတတ်ပါတယ်။ ဝေးလို့ဝေးမှန်းလည်းမသိ ဖြစ်သွားတာတွေလည်း ရှိပါတယ်။ မရည်ရွယ်ပါပဲလည်းလက်တကမ်းက အလှမ်းဝေးကို မျက်ကွယ်ပြုမိတာတွေ တမင် မတီးခေါက်မိတာတွေရှိပါတယ်။ အဲ့ဒါကတော့ဘာလဲဆိုရင် အားလုံးလိုလားကြတဲ့ ငြိမ်းချမ်းရေးပါပဲ ငြိမ်းချမ်းရေးက ဘယ်လောက်ထိအရေးပါ အရာရောက်လဲဆိုတာ အားလုံးသိမှာပါလို့ ယူဆပါတယ်။
ကမ္ဘာ့နိုင်ငံကြီးတွေကိုပဲကြည့်ကြည့် အာရှကိုပဲ မြင်မြင် နိုင်ငံအနေထားနဲ့ပဲဆိုဆို ရပ်ကွက်အလိုက်ပဲပြောပြော ငြိမ်းချမ်းရေးဟာ အသေးစိပ်ကအစ အချီကြီးထိ တွင်တွင်ကျယ်ကျယ်ရှိလှပါတယ်။ ငြိမ်းချမ်းရေးဟာ အပြုံးနဲ့လည်း ဖြစ်လာနိုင်သလို အကောင်းဖက်ဦးတည်သော ဖော်ဆောင်မှုအနေနဲ့လည်း ဖြစ်လာနိုင်သလို ငြိမ်းချမ်းရေးမှသည် ဖွံ့ဖြိုးရေးဆီသို့ဆိုတဲ့ ရှေးရှုနည်းနဲ့ပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆိုတာ ရုပ်လုံးကြွလာနိုင်ပါတယ်။
မိသားစုတစ်ခုမှာတောင် တစ်ယောက်နဲ့တစ်ယောက် အထစ်ငေါ့ဖြစ်တာတွေ အတွေးမှတ်ရန်ငြိုးထားတာတွေ သူတစ်ငါ ငါတစ်မင်းဆိုတဲ့ အယူဆွဲတွေရှိလာတဲ့အခါ(သို့) မဖျောက်ဖျက်နိုင်တာမျိုးတွေရှိလာတဲ့အခါ အဆင်မပြေခြင်းဆိုတာ ဖွဲမီးလို ဇာတ်လမ်းပျိုးလာတယ် “ငါတော့ ကလေးကို ထည့်မပေးနိုင်ဘူး ” “ငါလည်း နင့်ကို ကလေးမထည့်ပေးလိုက်နိုင်ဘူး” စသဖြင့် အငြင်းပွားဖွယ်ရာတွေကအစ Family broken ဆိုတာကြီးက အစစအနနဖြစ်တော့တာလို့ပြောလို့ရတယ်။
ကလေးလုခြင်းအနုပညာဆိုတာကို ရိုးရိုးလေးတွေးကြည့်ရင် အိမ်ထောင်ရေးအဆင်မပြေခြင်း တစ်ဦးနဲ့တစ်ဦး ငြိမ်းချမ်းရေးမရှိခြင်းရဲ့ အခြေမြစ်ကနေ စတဲ့ ပြသနာတစ်ခုလို့ဆိုနိုင်တယ်။
ဒါက အနီးစပ်ဆုံးဥပမာပြတာပါ – – – အကယ်၍ လင်နဲ့မယား အချေတင်စကားများရာကစလို့ ခုနကလို ကွဲတာပြတ်စဲတာတွေဖြစ်လာတယ်ဆိုရင် အများနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့နဲ့ဖြစ်စေ အုပ်စုနဲ့ဖြစ်စေ မတည့်တာတွေ ခွက်စောင်းခုတ်တာတွေ မလိုမုန်းထား မီးလောင်တိုက်သွင်းတာတွေဆိုရင် ဘာတွေဖြစ်လာဖွယ်ရာရှိလဲဆိုတာ ကြိုတင်မှန်းဆလို့တောင်ရပါတယ်။
ဈေးထဲက ဈေးသည်နှစ်ယောက် နေရာလုခြင်းမှသည် လူသတ်မှုဆီသို့ဆိုတဲ့ မှုခင်းသတင်းတွေ ဂျာနယ်တွေမှာ မကြာခဏ ဖတ်မိကြမှာပါ တစ်ဦးနဲ့တစ်ဦး ငြိမ်းငြိမ်းချမ်းချမ်း မလုပ်ကိုင်လို့ ခုလိုမျိုး ဓားမလက်ဝှေ့ပွဲ ဖြစ်လာလေသရောလား? ငါဦးလို့ ငါရတာဆိုတဲ့ အစွဲနဲ့များ အယူလွဲသလား? နင်ပိုင် ငါပိုင်ဆိုပြီးများ သူတို့စည်းနဲ့သူတို့ ချမှတ်ကြလေသလား ? ဒါကတော့ ဒီနေရာအပေါ် ချုပ်ကိုင်ထားတဲ့ မဏ္ဍိုင်ဥပဒေကပဲ အဖြေပေးနိုင်ပါလိမ့်မယ် အဓိကကတော့ တစ်ဦးနဲ့တစ်ဦး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နားလည်မှု မရှိခြင်းက စတာပါပဲ တကယ်တော့ နားလည်မှုဆိုတာ နယ်လုမှား တာပဲလို့ ကျွန်တော်တောင် သူငယ်ချင်းတွေကို အမြဲအရွှန်းဖောက်ခဲ့ဖူးပါတယ်။
တစ်နယ်နဲ့ တစ်နယ် တစ်မြို့နဲ့ တစ်မြို့ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကို ခုနက အိမ်ထောင်ရေးနဲ့ပဲမြင်မြင် ဈေးသည်နဲ့ပဲ ယှဉ်ယှဉ် ငြိမ်းချမ်းရေးဟာ တစ်ကစ ရာနှုန်းပြည့်ထိ အရေးပါအရာရောက်တယ်ဆိုတာ မျက်လုံးထဲ အတွေးထဲ မြင်လာလောက်ပြီထင်ပါတယ်။
စည်းကမ်းရှိမှ ငြိမ်းချမ်းမှ တိုးတက်မည် တိုးတက်မှ ဖွံဖြိုးမည် ဖွံ့ဖြိုးမှ သာယာမည် “အေးချမ်းသာယာ ပြည် မြန်မာ” ဆိုတာ ကြားဖူးကြမှာပါ။
ညဘက်တွေ ယာဉ်နဲ့သွားလာချိန် မျက်နှာချင်းဆိုင်ယာဉ်နဲ့တိုးတဲ့အခါ တစ်စီးနဲ့တစ်စီး မီးကြီးချပေးခြင်းရဲ့ အနှစ်သာရကို အရင် စမ်းလုပ်ကြည့်လိုက်ပါ ယာဉ်တစ်စီးနဲ့တစ်စီး လမ်းချပေးခြင်းရဲ့ အနှစ်သာရကို စမ်းလုပ်ကြည့်ကြည့်ပါ ပီတိဆိုတာ ရလာပါလိမ့်မယ် ပီတိဖြစ်လာတဲ့အလျောက် တစ်ဦးနဲ့တစ်ဦး ငြိမ်းချမ်းသွားကြတယ်ဆိုတာ သတိပြုမိမှာပါ ဒါမှမဟုတ် မသိစိတ်က သတိမပြုမိလိုက်တာလည်းဖြစ်မှာပါ။
ခုဆိုရင် ကျွန်တော်တို့ ကယားပြည်နယ်ဟာ ငြိမ်းချမ်းလာတဲ့အလျောက် ခရီးသွားဧည့်သည်တွေ အများပြားဝင်ရောက်လာတာ အားလုံးအမြင်ပါပဲ ကောင်းသောရလဒ်ဖြစ်လာခြင်းဟာ ပြည်နည် အေးချမ်းခြင်း ငြိမ်းချမ်းခြင်းကြောင့်ပါပဲ ရာသီဥတုအေးချမ်းခြင်းကလည်း ခရီးသွားတွေကို ထပ်ဆောင်းပံ့ပို့ပေးတာကြောင့် ပိုလို့အရာထင်ခဲ့တာလည်း သတိပြုမိပါတယ်။
Local ရော foreigner တွေရော အတော်များများ လာရောက်လည်ပတ်တာ မနည်းမနောပါပဲ ခု covid 19 ကြောင့် ခေတ္တဆိတ်ငြိမ်သွားတာကတော့ ချွင်းချက်ပေါ့၊ ငြိမ်းချမ်းရေးကို လိုလားရင် လိုချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း စည်းကမ်းရှိဖို့နဲ့ ငြိမ်းချမ်းရေးကို နိုင်တဲ့ဘက်ကနေ အားပြုဖော်ဆောင်ဖို့ အထူးလိုအပ်ပါတယ်။
ဥပမာဆိုရသော် ဘီလူးချောင်းမှာ ရေချိုးတဲ့အခါ ကိုယ်လျှော်တဲ့ခေါင်းလျှော်ရည်ထုတ်ကို ပြန်သိမ်းခဲ့တာမျိုး ထေးငှါးလျားကန်မှာ အပန်းဖြေရင်း စားသောာက်ပြီး ကျန်ရစ်တဲ့ အချိုရည်ဗူးခွံတွေ နေကြာစေ့ခွံတွေ အမှိုက်ပုံးထဲ ပြန်ထည့်ပေးခြင်းမျိုးပေါ့။
အမှိုက်မရှိပဲ သပ်ရပ်နေတာကိုမြင်ရင် တော်ရုံလူက အမှိုက်ချဖို့ တွန့်တိုပါတယ် အမှိုက်ပွနေတာမြင်ရင်လည်း လိုက်ဖွဖို့ ဝန်မလေးပြန်ပါဘူး။ ဒါကြောင့်မို့ တစ်ယောက်ချင်းကအစ စည်းကမ်းရှိပေးမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြမယ်ဆိုရင် ညှိနှိုင်းမှုရှိမယ်ဆိုရင် လိုက်နာမယ်ဆိုရင် အလိုလို သန့်ရှင်းသပ်ရပ်သွားမှာပါ။
စည်းကမ်းတကျလည်း ဖြစ်သွားမှာပါ ကိုယ့်အိမ်ဝရံတာရှေ့မှာ ဖိနပ်လေးတွေ စီစီရီရီထားရှိမယ် နေရာလည်း သပ်သပ်ရပ်ရပ်လေးဖြစ်မယ်ဆိုရင် အိမ်အလည်လာတဲ့ ဘယ်ဧည့်သည်မဆို ရှိန်ပါတယ်။
ဖိနပ်ချွတ်ပါ ခြေသုတ်ပါလို့ ပြောစရာမလိုပဲ အော်တို လိုက်နာပြီးသားဖြစ်သွားပါလိမ့်မယ် ကိုယ့်ပြည် ကိုယ့်နယ်မှာ ကိုယ်တိုင်ကအစ အုတ်တစ်ချပ်သဲတစ်ပွင့် စည်းကမ်းရှိရှိ ပါဝင်ကူညီ ပေးမယ်ဆိုရင် အားလုံးဦးတည်ထားတဲ့ ငြိမ်းချမ်းရေးနယ်ပယ်ကို တန်းတူရရှိ ရောက်ရှိကြမှာပါ ငါဘာကောင် သူဘာကောင် မင်းဘာကောင်ဆိုတဲ့ တိုင်းထွာချက် တပ်မက်ချက် သတ်မှတ်ချက်တွေကို မခွာချနိုင်သ၍တော့ မပူးပေါင်းနိုင်သ၍တော့ ချိုးဖြူ ငှက်ဟာ စပါးနှံမပါပဲ ပျံသန်းသွားဦးမှာပါ ငါပိုင်သူပိုင် ဆိုတဲ့ မာန်ထောင်လွှားခြင်းတွေ မြဲနေသ၍လည်း ပိုင်းခြားဆက်ဆံခြင်းတွေ တင်းမာခြင်းတွေရှိနေသ၍လည်း ချိုးဖြူ ငှက်ဟာ စပါးနှံကို ရှာမတွေ့မြဲဖြစ်နေမှာပါ။
ဒီတော့ ညှိနှိုင်းခြင်း ပူးပေါင်းလက်တွဲခြင်း မေတ္တတရား ထားရှိကျင့်သုံးခြင်း နားလည်မှု အပြန်လှန်ပေးခြင်းဖြင့် ချိုးဖြူ ငှက် စပါးနှံချီသွားတာကို အားလုံးက ပီတိကုဋာနဲ့ လက်ခုတ်သြဘာ ဖြာထွက်လာမှာပါလို့ ယုံကြည်ပါကြောင်း။
မင်းဈာန်ဖြိုး(လွိုင်ကော်)