KNU အထွေထွေအတွင်းရေးမှူးချုပ်ပဒိုစောတာဒိုမူးနှင့် မေးမြန်းခြင်း

KNU အထွေထွေအတွင်းရေးမှူးချုပ်ပဒိုစောတာဒိုမူးနှင့် မေးမြန်းခြင်း
Photo: KNU
Photo: KNU

“အစိုးရနဲ့ အစိုးရစစ်တပ်အနေနဲ့က တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲတာကို တကယ် ကြေညာဖို့ လိုပြီ”

မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှစ၍ တရားဝင် နိုင်ငံရေးဆွေးနွေးပွဲကို ရပ်ဆိုင်းထားပြီးအလွတ်သဘောတွေ့ဆုံမှုများဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကိုဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် ငြိမ်းချမ်းလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် အထွေထွေအတွင်းမှူးချုပ် ပဒိုစောတာဒိုမူးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ရက်နေ့ကနေပြည်တော်တွင် မြန်မာ့တပ်မတော်နှင့် တပ်ပိုင်းဆိုင်ရာညှိနှိုင်းဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့သည်ဟုကေအဲန်ယူဘက်ကသတင်းထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံမှုအခြေအနေနှင့် လတ်တလော နိုင်ငံရေးဆွေးနွေးမှုအခြေအနေနှင့် ပတ်သက်၍ ကေအဲန်ယူအထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးအားကေအိုင်စီကမေးမြန်းထားသည်များကိုတင်ပြလိုက်ပါသည်။

ကေအိုင်စီ။ ။ဒီဇင်ဘာလ ၁၀ရက်နေ့က ကေအဲန်ယူနဲ့ တပ်မတော်တို့အကြားတပ်ပိုင်းဆိုင်ရာဆွေးနွေးညှိနှိုင်းမှု အခြေအနေနှင့် လမ်းဖောက်တဲ့ကိစ္စကြောင့် အောက်ခြေမှာပစ်ခတ်မှု ဖြစ်ပွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့မှု အခြေအနေကိုသိပါရစေ။

ပဒိုစောတာဒိုမူး။    ။အပစ်အခတ်ရပ်စဲရေးခိုင်မာဖို့ ကျနော်တို့ သွားဆွေးနွေးတာပေါ့။ အပစ်ခတ်ရပ်စဲမှု ခိုင်မာဖို့ ဆိုရင် NCA မှာမဆွေးနွေးရသေးတဲ့ အခန်း(၃) မှာကတပ်ပိုင်းဆိုင်ရာကိစ္စနဲ့ပိုပတ်သက်တယ်။ တပ်ပိုင်းဆိုင်ရာဆက်လက် တွေ့ဆုံနိုင်ဖို့အတွက် ကျနော်တို့ ပြောတာပေါ့။

ဆွေးနွေးတဲ့နေရာမှာအခန်း (၃)တစ်ခုတည်းမဟုတ်ပဲနဲ့ အခန်း (၄) JMC ကိုဘယ်လိုကောင်းအောင် Reform (ပြုပြင်)လုပ်မယ့်ကိစ္စနဲ့ အခန်း (၆)က ကြားကာလဆိုင်ရာကိစ္စတွေ ဒါတွေကိုမဆွေးနွေးရသေးတဲ့ အခါကျတော့ အခန်း (၄)က ပြုပြင်ရမယ့် ကိစ္စပေါ့။ အဲ့ဒီဟာတွေကိုကျနော်တို့ကလုပ်ငန်းစဉ်ပုံစံမျိုးဆွဲပြီးတော့မှ ဆွေးနွေးသင့်တယ်။ အဲဒါမှပဲ ဘာပြီးဘာ ဆွေးနွေးကြမလဲဆိုတာ ဖြစ်မှာပေါ့။ ဒါပေမဲ့ တပ်မတော်ဘက်ကတော့ လုပ်ငန်းစဉ်နဲ့ ဆွေးနွေးတာထက် သူတို့ကတော့ ဆွေးနွေးမယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်ကိစ္စတော့ သူတို့ မဆွေးနွေးချင်သေးတဲ့ သဘောမျိုးရှိတာပေါ့နော်။ အဲ့ဒါကိုကြိုးစားနေတာ။ ဒါနဲ့ ပတ်သက်လို့ ကျနော်တို့ ညှိလို့ မရသေးတဲ့ သဘောမှာရှိနေတယ်။

တစ်ခုရှိတာကတပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမယ်ဆိုရင် နှစ်ဦးနှစ်ဖက်နဲ့ဆွေးနွေးလို့ရသလိုအစုအဖွဲ့အနေနဲ့လည်းဆွေးနွေးလို့ရတယ်။ ဒါပေမဲ့ ဆွေးနွေးမယ်ဆိုရင် JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ)ကနေ ပြန်စရမယ်လို့ ပြောတာကိုး။ ဒါပေမဲ့ ကျနော်တို့က JMC က လောလောဆယ် Function (လုပ်ငန်း)မဖြစ်နေတဲ့အခါကျတော့ JMC ကိုပြန်ပြင်ရမယ်။ JMCကိုပြန်ပြင်မယ်ဆိုရင် ခုဏကတပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲ အရင်လာဖို့လိုတယ်။ အဲဒီကအဖြေတချို့ထွက်တော့မှ အဲ့ဒီရတဲ့ အဖြေကနေ JMC ကိုတိတိကျကျ တာဝန်ပေးပြီးတော့ JMC ကို ပြန်ပြုပြင်ပြီးတော့ စနစ်တကျ ပြန်လုပ်မယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးကခိုင်မာမယ့်သဘောပေါ့။ အဲ့ဒီမူဝါဒပိုင်းဆိုင်ရာနည်းနည်းလေးမှာထပ်ညှိဖို့လိုတာပါ။ ဒါလေးပါပဲ။

လမ်း (KNLA -တပ်မဟာ ၃နှင့် ၅နယ်မြေအတွင်းလမ်းဖောက်မှု) ကိစ္စကတော့ အောက်ခြေမှာကျနော်တို့ တပ်ဗိုလ် တပ်မှူးတွေနဲ့ ထိတွေ့ဖို့ မဖြစ်အောင် ကျနော်တို့ဘက်က Position (နေရာ) ကဘယ်လိုရှိလဲပေါ့နော်။ ဥပမာတပ်မဟာ (၃)ဆိုရင် ရိက္ခာပို့ဖို့အတွက် တစ်ကြောင်းထိုးပုံစံမျိုးခွင့်ပြုထားပြီးသား။ ဒါပေမဲ့ သူတို့ကအဲ့ဒါကိုအခွင့်အရေးယူပြီးအကျယ်ကြီးထိုးလိုက်တာ။ ဒီဟာကိုဒီအတိုင်းသွားမယ်ဆိုရင်တော့ မညှိနှိုင်းဘဲလုပ်တာကမသင့်တော်ဘူးဆိုတဲ့အပိုင်းပေါ့နော်။ ဆိုတော့ အောက်ခြေတပ်ချင်းပြန်တွေ့မယ့် တပ်မဟာအဆင့်နဲ့ ပြန်တွေ့မယ့်သဘောတော့ရှိပါတယ်။

ကေအိုင်စီ။ ။ ကေအဲန်ယူအနေနဲ့ အစိုးရနဲ့ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ လတ်တလောအခြေအနေနဲ့ ရှေ့လုပ်ငန်းစဉ် အခြေအနေလေးသိပါရစေ။

ပဒိုစောတာဒိုမူး။    ။ ပြောရမယ်ဆိုရင် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလကနေအခုအချိန်ထိကတစ်နှစ်တောင်ရောက်နေပြီ။ နိုဝင်ဘာလအတွင်းမှာကျနော်တို့ အရေးပေါ် ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးပွဲကိုလုပ်ပြီးအဲ့မှာဆုံးဖြတ်လိုက်တာကလက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးဟာဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် ကေအဲန်ယူနဲ့ ကရင်တစ်မျိုးသားလုံးရဲ့ လိုလားချက်ကိုရောက်နိုင်မှာမဟုတ်ဘူးဆိုပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကကျနော်တို့ရဲ့ လိုလားချက်ကိုဦးမတည်တော့ဘူးဆိုပြီး ပြန်တည့်မတ်ပေါ့။ ဒီအစည်းအဝေးပြီးတော့ ဥက္ကဋ္ဌက စာတစ်စောင်ထုတ်ပြီးအတိုင်ပင်ခံပုဂ္ဂိုလ်ဆီကိုပေးပို့တယ်။ ကျနော်တို့ အချိန်ယူပြီး ဖြစ်စဉ်တွေကို ပြန်လည်သုံးသပ်မှုတွေအတွက် ခေတ္တခဏရပ်တန့်ထားမယ်ဆိုပြီးတော့ အဲ့အချိန်မှာအလွတ်သဘောတွေ့ဆုံမှုနဲ့ တွေ့ဆုံကြမယ်ဆိုပြီးပြောကြတယ်။

အများပြောဆိုချက်အရမီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတစ်ဆို့မှုတွေကနေရပ်တန့်သွားတာပေါ့။ တစ်ဖက်ကကြည့်မယ်ဆိုရင် တရားဝင်နည်းလမ်းအရတစ်ဆို့နေပေမဲ့ အလွတ်သဘောမှာကျတော့ တွေ့ဆုံမှုကအကြိမ်ကြိမ်ရှိခဲ့ပါတယ်။ အဲ့မှာကျနော်တို့ ဘယ်လိုအစီအစဉ်ရှိလဲဆိုတော့ ဗဟိုအမြဲတမ်းကော်မတီရဲ့ ညွှန်ကြားချက်အတိုင်းနည်းလမ်းရှာတယ်။ နည်းလမ်းရှာပြီးအဆင့်လေးဆင့်ပါတဲ့ ဖြစ်စဉ်တစ်ခုကိုကျနော်တို့ ဖန်တီးလိုက်တယ်။ ဘာဖြစ်လဲဆိုတော့ NCA ထဲမှာပြောထားတာကဖက်ဒရယ်အပေါ် အခြေခံတဲ့ ပြည်ထောင်စုကိုအတူတကွ ဖော်ဆောင်ကြမယ်ဆိုပြီးပါတယ်။ ဒါပေမဲ့ သွားနေတဲ့ဖြစ်စဉ်မှာဖက်ဒရယ်အကြောင်းအရာတွေကိုဒီပြောဆိုဆွေးနွေးမှုတွေမှာအခွင့်အရေးမရခဲ့ဘူး။ ဒါကတစ်ခုခုမှားနေပြီးဆိုတာကျနော်တို့ မြင်တယ်။

အလားတူပဲဒီ NCA သဘောတူညီချက်မှာလည်းအခြေခံအကြောင်းရင်းကဏ္ဍ ၂ခု ရှိတယ်။ တစ်ခုကအပစ်အခတ်ရပ်စဲပြီးအပစ်ရပ်ခိုင်မာအောင်လုပ်မယ်။ နောက်တစ်ခုကဖက်ဒရယ်တည်ဆောက်မယ်။ အဲ့လိုမျိုးအပစ်ခတ်ရပ်စဲပြီးဖက်ဒရယ်တည်ဆောက်ဖို့အတွက် အစိုးရ၊တပ်မတော်နဲ့ တွေ့ဖို့ကဘာအခက်အခဲမှလည်းမရှိပါဘူး။ ဒါကြောင့် ကျနော်တို့ တစ်ခုခုမှားနေပြီလို့ယူဆပြီးအဆင့် (၄)ဆင့် ပါတဲ့ ဖြစ်စဉ်တစ်ခုကိုဖော်ဆောင်လိုက်တယ်။ အဲ့ဒီ ဖြစ်စဉ်ထဲမှာပထမအဆင့်အနေနဲ့ကအပစ်အခတ်ရပ်စဲမှုပြန်လည်တည်ဆောက်ပြီးခိုင်မာအောင်လုပ်ဖို့ဆိုတာကပြောရမယ်ဆိုရင် Chapter (၃)၊ (၄)၊ (၆)တွေကိုဘယ်လိုနည်းလမ်းနဲ့ဆွေးနွေးသင့်တယ်ဆိုတာကိုပြောဆိုကြပြီးတောင်းဆိုမှုတစ်ခုလုပ်တယ်။

နောက်တစ်ခုကဖက်ဒရယ်ကိုဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ အကြောင်းမှာတကယ်လို့ ဖက်ဒရယ်ကိုသွားမယ်ဆိုရင် ဒီမိုကရေစီ အနှစ်သာရတွေပါဝင်ရမယ်ဆိုပြီးအဆင့် (၃)ဆင့်ကိုဖွဲ့စည်းလိုက်တယ်။ အဲ့အဆင့် (၃)ဆင့်ထဲမှာအလွယ်ကူဆုံးသဘောတူလက်ခံနိုင်တဲ့ အဆင့်ကဘာလဲ။ နောက်တစ်ခုကတော့ နည်းနည်းခက်လာမယ်။ အခက်ဆုံးအဆင့်ကိုတော့နောက်ဆုံးမှာထားလိုက်တယ်။ ဒါကြောင့် အဓိပ္ပာယ်ကကျနော်တို့ အတူတကွ အလွယ်တကူညှိနှိုင်းနိုင်ပြီးဆိုရင် နှစ်ဖက်အကြားယုံကြည်မှုကိုတည်ဆောက်နိုင်ပြီးဖြစ်တယ်။ ယုံကြည်မှုကိုတည်ဆောက်နိုင်ပြီးဆိုရင် ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ယုံကြည်မှုရှိလာပြီးဖွံ့ဖြိုးတိုးတက်မှုကိုတည်ဆောက်နိုင်မှာဖြစ်တယ်။

ဒါကဖက်ဒရယ်ကိုသွားနိုင်မဲ့ နည်းလမ်း (၃)ဆင့်ဖြစ်ပြီးအပစ်ရပ်ကိုခိုင်မာအောင်လုပ်မယ့် အဆင့်က (၁)ဆင့်ဆိုပြီးအဆင့် (၄)ဆင့်ဖြစ်တယ်။ ဒါကြောင့် ဒီအဆင့်(၄)ဆင့်ကိုချမှတ်ပြီးအစိုးရနဲ့ တပ်မတော်ကိုပေးပို့လိုက်တယ်။ ဒီအပေါ်မှာသူတို့ကကျနော်တို့ရဲ့ သဘောတရားကိုလက်ခံလိုက်ပြီးဖြစ်တဲ့အတွက် ဘယ်လိုပြန်စမယ်ဆိုရင် ကနဦးJICM (NCA သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာညှိနှိုင်းရေးအစည်းအဝေး)အစည်းအဝေးကို ပြန်စတင်ရမှာဖြစ်တယ်။ ဘာဖြစ်လို့ JICM ကိုသွားရမလဲဆိုရင် NCAထဲမှာပါတဲ့အတိုင်းအခက်အခဲတစုံတရာ ဖြစ်လာတဲ့အခါ JICMကနေတစ်ဆင့် သွားဖို့လိုတယ်ဆိုတဲ့ သဘောတူညီချက်ပါတယ်။ အဲ့ဒါကြောင့် အခက်အခဲတစ်လျှောက်လုံးတရားဝင်ရော၊ အလွတ်သဘောအနေနဲ့ရောစတဲ့ ဖြစ်စဉ်တွေနဲ့သွားခဲ့ပြီးအခုကတရားဝင်တွေ့ဆုံမှုနဲ့ သွားရမယ်ဆိုပြီး JICM အစည်းအဝေးကိုတစ်ကြိမ်လောက်လုပ်ရမှာဖြစ်တယ်။ ဒီ JICM ကနေဒီ ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀အလွန် အသစ်တက်လာတဲ့ အစိုးရနဲ့ ဘယ်လိုဆက် သွားမလဲဆိုတာကိုဆွေးနွေးကြမှာဖြစ်တယ်။

တစ်ချိန်ထဲမှာပဲအပစ်ရပ်ခိုင်မာဖို့ကစစ်တပ်နဲ့လည်းဆွေးနွေးရမှာပေါ့။ ဒီဖြစ်စဉ်နှစ်ခုလုံးအတူတူသွားနိုင်ဖို့ ဘယ်လိုပုံစံဆွေးနွေးကြမလဲဆိုတဲ့ မူဘောင်တွေကိုချမှတ်ရမှာဖြစ်တယ်။ ဒီမူဘောင်အပေါ်ကနေဆွေးနွေးပြီး JICMအစည်းအဝေးနောက်တစ်ကြိမ် ထပ်လုပ်ရမှာဖြစ်တယ်။ ပထမ JICM ကနေဆွေးနွေးပြီးရရှိလာတဲ့ အချက်တွေကိုနောက် JICMကနေထပ်ဆွေးနွေးအတည်ပြုပြီးရင် UPC( ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ)ကိုဆက်သွားလို့ရမှာဖြစ်တယ်။ ဘာဖြစ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတစ်ကြိမ်လိုအပ်သလဲဆိုရင် နောက်တက်လာမယ့် အစိုးရတိုင်းကဒီ NCA ကနေသွေဖယ် သွားမှာကိုကျနော်တို့ စိုးရိမ်ချက်ရှိလို့ပဲဖြစ်တယ်။

ဒါကြောင့် ၂၀၂၀ရွေးကောက်ပြီးအသစ်တက်လာတဲ့ အစိုးရသစ်အနေနဲ့ကလည်းNCAအတိုင်းဆက်ပြီးအကောင်အထည်ဖော်ဖို့ ဆိုတဲ့ သဘောထားတူညီချက်ရှိဖို့ကအရေးကြီးတယ်။ ဒါကြောင့် တရားဝင်မှုကိုကျနော်တို့ လိုအပ်တာဖြစ်ပြီး UPCရဲ့ သဘောတူညီချက်တွေအတိုင်းသွားဖို့ လိုအပ်တယ်။ ဒါကိုလွှတ်တော်မှာတင်ပြီးလွှတ်တော်ကအတည်ပြုပြီးအသစ်တက်လာတဲ့ အစိုးရကဆက်ပြီးအကောင်အထည်ဖော်ဖို့ အတွက်ဖြစ် တယ်။ ဒါကြောင့် အခုကျနော်တို့ ကြိုးပမ်းနေတာက UPCထဲမှာဘာတွေတင်ပြသွားမလဲဆိုတဲ့ ခုနကအဆင့် (၄)ဆင့်ကိုကနဦးရယူပြီး RCSS နဲ့ အတူပူးပေါင်းပြီးလုပ်ဆောင်ပြီးနောက်ဆုံးမှာလက်မှတ်ထိုး၁၀ဖွဲ့စလုံးပါဝင်တဲ့ တွေ့ဆုံမှုမျိုးကိုအတူတကွ သွားဖို့ပဲဖြစ်တယ်။ ဒါကြောင့် အခုက JICMကိုအကောင်အထည်ဖော်ဖို့ လုပ်နေပြီးဒီမတိုင်ခင် အစိုးရတစ်ကြိမ် နှစ်ကြိမ်လောက် တွေ့ဆုံဖို့ရှိသေးတယ်။ ဒါကြောင့် ဒီဇင်ဘာလထဲမှာအစိုးရ၊ တပ်မတော် ကိုယ်စားလှယ်တွေနဲ့တွေ့ပြီးနောက်ဆုံးရလဒ်ထွက်ပေါ်တဲ့အထိရသွားနိုင်ဖို့ လုပ်ဖို့ရှိတယ်။

ကေအိုင်စီ။ ။ အစိုးရဘက်ကတင်ပြလာတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့် (၄)ဆင့်နဲ့ ကေအဲန်ယူဘက်က ပြန်တင်ပြလိုက်တဲ့ အဆင့် (၄)ဆင့်ပါ ကိစ္စရပ်ကလက်ရှိဘယ်အခြေအနေထိရောက်နေပြီလဲ။

ပဒိုစောတာဒိုမူး။    ။ တကယ်တော့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ခြင်းနှင့်ပတ်သက်ပြီးသွားမယ့် အဆင့်(၃)ဆင့်ဆိုတဲ့ စဉ်းစားချက်ကို ၂၀၁၈ခုနှစ် မေလကတည်းကတင်ပြထားပြီးပြီးဖြစ်တယ်။ ၂၁ရာစုပင်လုံ ညီလာခံအစည်းအဝေးမစခင်ကတည်းက ဖြစ်တယ်။ ဒါပေမဲ့ အဲ့တုန်းကသူူတို့ကတိတိကျကျ ပြန်တုန့်ပြန်တာမျိုးမရှိခဲ့ဘူး။ အဲ့ဒါအပြင် (10+10) အစည်းအဝေးကလည်းလုပ်တော့ လမ်းလွဲသွားတယ်။

ဒါကြောင့် ဒီစဉ်းစားချက်ကိုကျနော်တို့အနေနဲ့ တရားဝင် ဆွေးနွေးမှုဖြစ်စဉ်တွေ ရပ်တန့်ထားတဲ့ အချိန်အတောအတွင်းမှာပဲ ပြန်ကောင်းအောင် ပြင်ဆင်လုပ် ဆောင်နေခဲ့တယ်။ နောက်ထပ် အပစ်ရပ်ခိုင်မာမှုဆိုတဲ့ အချက်ကိုနောက်ထပ်တစ်ချက်ထည့်လိုက်တော့ အဆင့် (၄) ဆင့်ဖြစ်သွားတာပေါ့။

နေပြည်တော်မှာဧပြီလ ၁၃ လောက်ကဖြစ်မယ်။ NRPC နဲ့ တွေ့တဲ့အခါ အဲ့ဒါကိုပေးလိုက်တယ်။ အဲ့ဒါကိုသူတို့ အကြားပြန်ဆွေးနွေးပြီးတော့ ဇွန်လလောက်က UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ) အတွင်းရေးမှူးအစည်းအဝေးထဲမှာ Counter proposal (တန်ပြန်အဆိုတင်သွင်းမှု) ပြန်ပေးတယ်။ အကြောင်းအရာ (၄)ခုပါတဲ့ Counter Proposal ပြန်ပေးတဲ့သဘောပေါ့။ အဲ့ဒီနှစ်ခုကိုပြောရရင် ကျနော်တို့က ပြန်ညှိနှိုင်းတယ်။ ဒီ ၂၀၂၀ ခုနှစ်မတိုင်ခင် ဘာတွေ ဆွေးနွေးရယူထားမလဲ။ ၂၀၂၀ အလွန် အစိုးရအသစ်တက်လာရင် ဘယ်လိုသွားကြမလဲဆိုတဲ့ အကြောင်းကို ပြန်ဆွေးနွေးကြတယ်။ ဒါကြောင့် JICM အစည်းအဝေးကို ပြန်ဖော်ထုတ်ပြီး JICM က မီးစိမ်းပြပြီးဆိုတာနဲ့ ဒီ ၂၀၂၀ မတိုင်ခင်နဲ့ အလွန်ကိစ္စကိုဆွေးနွေးကြမှာပေါ့နော်။

ကေအိုင်စီ။  ။ ဒီ ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀အလွန် ငြိမ်းချမ်းရေးဖြစ်စဉ်ကဘယ်လိုတွေ ဖြစ်လာနိုင်သလဲ၊ စိန်ခေါ်ချက်တွေကဘာတွေရှိလာနိုင်သလဲ။



ပဒိုစောတာဒိုမူး။    ။ ကျနော်တို့ စိုးရိမ်တာက ၂၀၂၀ မတိုင်ခင် ငြိမ်းချမ်းရေးဖြစ်စဉ် ချောချောမွေ့မွေ့နဲ့ သွားနိုင်ဖို့ကမူဘောင် သဘောတူညီချက်တွေနဲ့ သွားဖို့ဆိုတဲ့အခါ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကလုံခြုံမှုမရှိတော့သလိုအသေအချာမပြောနိုင်ဘူး။ ဒါပေမဲ့ အခိုင်အမာဖြစ်ဖို့ကိုတော့ ကျနော်တို့ ကြိုးစားနေဆဲပေါ့။ ဒီအဆင့် (၄)ဆင့်ကို NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် သဘောတူညီချက်အနေနဲ့ ကျနော်တို့ လက်ခံလိုက်ပြီးဆိုရင် ဘယ်အစိုးရတက်တက် ဆက်ပြီးအကောင်အထည်ဖော်ရမှာပဲ။ ဒါကိုလွှတ်တော်ကသူတို့ လုပ်ထုံးလုပ်နည်းအတိုင်းအတည်ပြုဖို့လိုတာပဲ။ ဒါကြောင့် ဒါကိုကျနော်တို့ထောက်ခံတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကသဘောတူလက်ခံပြီးလွှတ်တော်ကအတည်ပြုရမယ်။ ဒါမှပဲရွေးကောက်ပြီးတက်လာတဲ့ အစိုးရတိုင်းကဆက်ပြီးအကောင်အထည်ဖော်နိုင်မှာဖြစ်တယ်။

ကေအိုင်စီ။  ။  ကျင်းပပြီးစီးသွားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPC)တွေမှာ ပြည်ထောင်စုသဘောတူညီချက်အနေနဲ့ (၅၁)ချက်ရခဲ့တယ်။ လွှတ်တော်မှာလည်းအတည်ပြုရမှာပေါ့။ ဒါပေမဲ့ ယနေ့အချိန်ထိအကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိသေးတဲ့အပေါ် ဘယ်လိုသုံးသပ်လဲ။

ပဒိုစောတာဒိုမူး။    ။ တကယ်တော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံလို့ပြောရင် ၄ ကြိမ်၊ ၂၁ ရာစုပင်လုံအစည်းအဝေးအနေနဲ့ဆိုရင် ၃ ကြိမ်ပေါ့။ NCA ပေါ်ပေါက်လာဖို့ ပြောဆိုညှိနှိုင်းဆွေးနွေးတဲ့အခါကတည်းကကျနော်တို့ သဘောတူထားတာက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတစ်ခုရရင် လွှတ်တော်ကိုတစ်ခုတင်မယ်။ အကောင်အထည်ဖော်မှုကတစ်ဆက်တည်းပါရမှာပေါ့။ ဒါပေမဲ့ NLD အစိုးရလည်းတက်ရော NLD အစိုးရနဲ့ စစ်တပ်အကြားမှာ နိုင်ငံရေးအာဏာနဲ့ပတ်သက်ပြီးအမြင်မတူညီတဲ့အပေါ်မှာကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလာထိခိုက်စေပါတယ်။

စစ်တပ်ဘက်ကတော့ NLDကအာဏာရယူပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ လုပ်မယ့်အပေါ် စိုးရိမ်ကြသလားတော့ မသိဘူး။ ဒီလိုအမြင်မတူမှုကနေယနေ့အချိန်အကောင်အထည်ဖော်မှုကမရှိသေးတာ ဖြစ်တယ်။ ဒါကြောင့် ဒါကိုကျနော်တို့ UPC ပြန်စတဲ့အခါ သဘောတူညီချက်အနေနဲ့ ထပ်ထည့်ဖို့လိုတယ်။ ထပ်သွားဖို့လည်းကြိုးစားသွားရမှာပေါ့။ ငြိမ်းချမ်းရေး ဖြစ်စဉ် မူဝါဒကတစ်သမတ်တည်းဖြစ်ရမှာပေါ့နော်။ အစိုးရသစ်တစ်ရပ်တက်တိုင်းတစ်မျိုးပြောင်းသွားတာမျိုးကမဖြစ်သင့်ဘူး။ ဒါကြောင့် ရှုထောင့်ပေါင်းစုံကဏ္ဍပေါင်းစုံဒီ UPC မှာပါဝင်လာအောင် ကျနော်တို့ထိုင်ပြီးကြိုးစားဆွေးနွေးကြနေတာပေါ့။

ကေအိုင်စီ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ကေအဲန်ယူကကျန်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှု အားနည်းလာတယ်ဆိုတဲ့ အမြင်သဘောထားပြောဆိုမှုရှိနေတဲ့အပေါ် လက်ရှိကေအဲန်ယူအနေနဲ့ မဟာမိတ်နဲ့ ပူးပေါင်းလုပ်ဆောင်မှု အခြေအနေကဘယ်လိုရှိနေလဲ။

ပဒိုစောတာဒိုမူး။    ။ အခုလက်ရှိကျနော်တို့ ပူးပေါင်းလုပ်ဆောင်မှုကမဟာမိတ်အဆင့်ထိမရောက်ဘူး။ NCA ကို PPSTအနေနဲ့ လက်မှတ်ထိုးတာမဟုတ်ဘဲကေအဲန်ယူအနေနဲ့ လက်မှတ်ထိုးတာဖြစ်တဲ့အတွက် ကေအဲန်ယူယုံကြည်တာကကျနော်တို့ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ထိုးခဲ့တာ ဖြစ်တယ်။ ဒီလိုပဲတခြားတိုင်းရင်းသားတွေလည်းဒီလိုယုံကြည်ပြီးထိုးခဲ့ကြတာပဲ။ ဒီလိုယုံကြည်ပြီးထိုးခဲ့တဲ့အတွက် အကောင်အထည်ဖော်ဆောင်သွားရမှာပဲ။

သူတို့အနေနဲ့လည်းအလားတူအကောင်အထည်ဖော်နေတာပဲ။ ဒါကြောင့် ကျနော်တို့ ရည်ရွယ်ချက်ကတစ်ခုတည်းပဲဖြစ်တယ်။ ဒီလိုတူညီတဲ့ ရည်ရွယ်ချက်အပေါ် ဘယ်လိုညှိနှိုင်းပူးပေါင်းလုပ်ဆောင်သွားမလဲဆိုတာကိုပဲ ကြည့်ရမှာပဲ။ ဒါပေမဲ့ သူတို့ရဲ့ ဖွဲ့စည်းတည်ထောင်မှု၊ သူတို့ရဲ့ အတွေ့အကြုံ သူတို့ရဲ့ အကျိုးစီးပွားလိုလားချက်နဲ့ ကျနော်တို့ လိုလားချက် အကျိုးစီးပွားကပြောရမယ်ဆိုရင် ကွာခြားချက်ကရှိနေတာပဲ။ အဖွဲ့အစည်းတိုင်းရဲ့ လိုလားချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကလည်းဘယ်လိုပုံစံမျိုးဖြစ်လဲဆိုတာကစိန်ခေါ်ချက်ပဲဖြစ်တယ်။

အလားတူပဲအဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ၊ ရှိနေတဲ့ အင်အားကမတူညီတဲ့အပေါ်မှာကျနော်တို့ ကောင်းအောင် ပြန်လည် မွမ်းမံတဲ့ အခြေအနေကသူတို့အတွက် အခက်အခဲ ဖြစ်မနေတဲ့အပေါ်မှာဆက်သွားချင်တဲ့ သဘောတွေ ရှိနေတာပေါ့။ ဒါကြောင့် ဒီလိုမတူညီမှုတွေကနေအားလုံးညှိနှိုင်းပြီးသွားဖို့ကအခက်အခဲဖြစ်လာတယ်။ ဒါကြောင့် ကျနော်တို့ကကေအဲန်ယူညီလာခံကနေချမှတ်ထားတဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်မှုကနေတူတာတွဲလုပ်၊ မတူတာခွဲလုပ်ဆိုတဲ့ မတူရင် မတူတဲ့ပုံစံအတိုင်းနားလည်မှုနဲ့သွားရမှာပဲ။ တစ်ချိန်ထဲမှာလည်းညှိနှိုင်းမှုတွေကလည်း နှစ်ဦးနှစ်ဖက်ကိုအကျိုးရှိရမှာပဲ။

ကေအိုင်စီ။ ။ ဘာများ ဖြည့်စွက်ပြောချင်လဲ။

ပဒိုစောတာဒိုမူး။    ။ ကျနော်တို့ အမြဲပြောနေကြကဒီဖက်ဒရယ် ပြည်ထောင်စုတစ်ခုကိုတည်ထောင်တဲ့နေရာမှာဒီ ၁၀ဖွဲ့လေးနဲ့ပဲ တည်ထောင်လို့မရဘူး။ ပြောရမယ်ဆိုရင် လက်နက်ကိုင်ပဋိပက္ခနဲ့ နှစ်(၇၀)လုံးလုံးရှုပ်ထွေးခဲ့တဲ့ ပြည်တွင်းပဋိပက္ခမှာဘယ်သူတွေက ပါဝင်ပတ်သက်သူတွေဖြစ်နေလဲဆိုတာကိုကနဦးစဉ်းစားရမှာဖြစ်တယ်။ အဓိကပါဝင်လုပ်ဆောင်သူတွေကလက်နက်ကိုင်အုပ်စုတွေဖြစ်တဲ့ လက်မှတ်ထိုးတဲ့ အဖွဲ့ဖြစ်စေ၊ မထိုးတဲ့ အဖွဲ့ဖြစ်စေဒီဖြစ်စဉ်အပေါ်မှာအတူတကွ ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်တယ်။ ဒီလိုအားလုံးပါဝင်တဲ့ ပူးပေါင်းလုပ်ဆောင်မှုရှိမှ အဓိပ္ပာယ်ပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းတည်ထောင်ခြင်းဖြစ်မှာဖြစ်တယ်။ ဒါပေမဲ့တချို့ပဲပါတယ်။ တချို့ မပါဝင်လာတဲ့အပေါ်မှာအမြင်မတူမှုတွေ ရှိနေတဲ့အပေါ် ယနေ့အချိန်ထိမပြီးသတ်နိုင်ဘဲရှိနေသေးတာပေါ့။

ဒါကြောင့် အစိုးရနဲ့ အစိုးရစစ်တပ်အနေနဲ့ကတစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲတာကိုတကယ် ကြေညာဖို့လိုပြီ။ ပြန်လာညှိနှိုင်းပြီးအစည်းအဝေးတစ်ခုကိုဖော်ဆောင်ရန်လိုပြီ။အဲ့မှာအပစ်ရပ်တဲ့ နည်းလမ်းတွေ အတူတကွ ကြိုးပမ်းရှာဖွေပြီးတစ်နိုင်ငံလုံးအပစ်ရပ်တဲ့အထိသွားဖို့လိုတယ်။ နောက်တစ်ဆင့်အနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ခုနကပြောသလိုအဆင့် (၄)ဆင့် မူဘောင်နဲ့ဘယ်လိုသွားသင့်သလဲ၊သွားကြမလဲဆိုတာကိုဆွေးနွေးသင့်တာပေါ့နော်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...