ကယား(ကရင်နီ)ပြည်နယ်မှာ တစ်နိုင်ငံလုံးကို အလင်းပေးနိုင်တဲ့ ရေအားလျှပ်စစ်စက်ရုံကြီး တည်ရှိနေပေမဲ့လည်း ယနေ့အချိန်ထိ မီးမလင်းနိုင်သေးတဲ့ ကျေးရွာတွေ မြောက်များစွာ ရှိနေပါသေးတယ်။
“လျှပ်စစ်မြို့တော်” လို့ အများက ခေါ်ဝေါ်ကြတဲ့ လောပီတစက်ရုံကြီး တည်ရှိတဲ့ လွိုင်ကော်မြို့နယ်အတွင်းက ကျေးရွာတွေတောင် လျှပ်စစ်ကို အလုံအလောက် အသုံးပြုမှု မရနိုင်သေးပါဘူး။ စက်ရုံကြီးနဲ့ ဝေးတဲ့ မြို့နယ်တွေအတွက်တော့ ဝေလာဝေး။
ဒီးမောဆိုမြို့နယ်အတွင်းက ကျေးရွာတွေလည်း ယနေ့အချိန်ထိ မီးမရသေးတဲ့ နေရာတွေ မြောက်များစွာ ရှိနေပါသေးတယ်။ ဒီးမောဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ ရှိတဲ့ ဒေါပဲ့ဒူကျေးရွာဟာဆိုရင် ယနေ့အချိန်ထိ မီးတိုင်တောင် မစိုက်ထားသေးပါဘူး။
အိမ်ခြေ (၆၀) ဝန်းကျင်ရှိတဲ့ ဒေါပဲ့ဒူကျေးရွာက ဒေသခံတွေဟာ တစ်နိုင်တစ်ပိုင် ဝင်ငွေတွေထဲကနေ မိမိတတ်နိုင်တဲ့ ငွေကြေးနဲ့ ဆိုလာပြားကို ဝယ်ပြီး အသုံးပြုကြပါတယ်။ ငွေကြေးမတတ်နိုင်တဲ့ အိမ်တွေမှာတော့ ဆိုလာပြားတောင် မဝယ်ထားနိုင်ပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ်က ပြည်နယ်အစိုးရကနေလည်း ဆိုလာပြားတွေ လာလှူခဲ့ဖူးတယ်လို့သိရပါတယ်။ အဲဒီဆိုလာပြားတွေကတော့ ပျက်ကုန်ပြီလို့ ဒေသခံတွေဆီကနေသိရပါတယ်။
အိမ်မှာ ဆိုလာပြား ဝယ်ထားပေမယ့်လို့ တတ်နိုင်တဲ့ ငွေကြေးနဲ့ အသေးစားသာ ဝယ်သုံးနိုင်တဲ့အတွက် စာကြည့်နိုင်လောက်တဲ့ အလင်းကို မရနိုင်ပဲ မြင်ရရုံလောက်သာ အလင်းပေးနိုင်တယ်လို့ ဒေါပဲ့ဒူကျေးရွာမှာ နေထိုင်တဲ့ ကလေးသုံးယောက် မိခင် ဒေါ်ပရဲမိုက ပြောပါတယ်။
“ဖယောင်းတိုင်ပဲ ထွန်းတယ်။ ဆိုလာရှိရင်လည်း အားမခံဘူးလေ တစ်ညတာအတွက် ခနလေးပဲ ထွန်းရတယ်။ တစ်နာရီ၊နှစ်နာရီပေ့ါ မိုးရွာရင်လည်း အားမဝင်ဘူးလေ။” လို့ လက်ရှိမှာ သူမကြုံတွေ့နေရတာတွေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
တချို့ကျေးရွာတွေမှာတော့ မီးရရှိနေပေမယ့်လည်း အိမ်ခြေစုံအောင် မရရှိနိုင်သေးပါဘူး။ လျှပ်စစ် သွယ်တန်းခြင်းရဲ့ စည်းကမ်းချက်အရ ဓာတ်မီးတိုင်ပေါ်မှာ တပ်ဆင်ထားတဲ့ (Main Box)နဲ့ ပေ ၃၀၀ အထက် ကျော်လွန်သွားရင် လိုင်းကြိုးတွေကို သွယ်တန်းလို့ မရတာကြောင့် အိမ်ခြေစုံလင်အောင် မရရှိနိုင်သေးတာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ရှင်းပြပါတယ်။
“မရသေးတဲ့ နေရာက ဘာဖြစ်လို့မရလဲဆိုရင် လမ်း၊တံတား၊ အဆောက်အဦးကို ဦးစားပေးတော့ မရတာပေ့ါနော။” လို့ သူက လျှပ်စစ်မီး အလုံအလောက် မရရှိနိုင်သေးတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးလည်း ပြောပြပါတယ်။
လျှပ်စစ်မီး မရရှိသေးတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေကို မီးဖွားတဲ့အခါမှာ အခက်အခဲတွေ များစွာ ရှိနေတယ်လို့ ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီ(CHDN) မှ ဒေါပဲ့ဒူကျေးရွာမှာ ခေတ္တတာဝန်ကျတဲ့ ဆရာမ မော်ဖိုးမိုးက ပြောပါတယ်။
“ မီးရရင် အများကြီး ပိုအဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ မီးဖွားတာတွေ လုပ်ပေးတဲ့အခါတွေမှာဆို သန့်ရှင်းမှုရှိလား မရှိလားဆိုတာကိုလည်း ပိုပြီးတော့ သိနိုင်မယ်။ ကျမတို့ ဓာတ်မီးပဲ သုံးတော့ အကုန်လုံး မသိနိုင်ဘူးလေ။” လို့ သူမက မီးမရတဲ့ကျေးရွာတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်တွေကို မီးဖွားပေးတဲ့အခါ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
ကယားပြည်နယ်ကနေ မြန်မာတနိုင်ငံလုံးကို လျှပ်စစ်ထုတ်လုပ်ပေးနိုင်ပေမယ့်လည်း ပြည်နယ်သူ၊ပြည်နယ်သားတွေမှာ ယနေ့အချိန်ထိ လုံလောက်စွာ ခံစားခွင့် မရှိသေး ဘူးလို့ ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။
“ လုံလုံလောက်လောက် ရှိစေချင်တယ်။ အထူးသဖြင့် မီတာဘောက်ပေါ့၊ စနစ်တကျ ချပေးဖို့လိုတယ်။ အခုဟာက မီတာဘောက် မလုံလောက်ပဲနဲ့ကို ရှင်းရှင်းပြောရရင် တချို့လူထုတွေကလည်း တိုက်ရိုက်ယူပြီးတော့မှ မီးသုံးနေတဲ့ဟာလည်း ရှိတာပေါ့။ ဒါတွေကလည်း တစ်ဖက်က ကြည့်မယ်ဆိုရင် အခွန်အခ မရပဲနဲ့ကို ဒီလိုပေးနေရတယ်ဆိုတာလည်း မကောင်းဘူးပေါ့နော ကိုယ်သုံးရင် သုံးသလို ပေးရတဲ့ဟာမျိုးကို ဖြစ်စေချင်ပါတယ်။ ဆိုတော့ အခုဟာက ပြည်နယ်မှာလည်း လျှပ်စစ်မီးမလုံလောက်မှုတွေ ဘတ်ဂျက်မလုံလောက်မှုတွေကလည်း ဒီဘက်မှာ လာပြီးတော့ ရိုက်ခတ်နိုင်တယ်လို့လည်း ကျနော် မြင်ပါတယ်။” လို့ ဦးသဲရယ်က ပြည်နယ်အတွက် လျှပ်စစ်မီးဘတ်ဂျက်မလုံလောက်မှုနဲ့ ပတ်သက်ပြီး ပြောပါတယ်။
ပြည်နယ်တွင်းမှာ ကျေးရွာပေါင်း (၅၁၇) ရွာအနက် မီးလင်းပြီးတဲ့ ကျေးရွာတွေက (၃၇၇) ရွာ ရှိပြီး (၁၄၀) ရွာ ကျန်ရှိနေပါသေးတယ်။ ယခုလက်ရှိ ကယားပြည်နယ်က ၇၂.၉၂ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိနေပြီဖြစ်ကြောင်း ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းမှာ ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ မီးမရရှိသေးတဲ့ ဖရူဆိုအနောက်ဘက်ခြမ်းက ကျောင်းတွေကို ဆိုလာပြား၊အင်ဗိုက်တာ၊မီးသီးတွေကို ပေးလှူခဲ့ပါတယ်။
တချို့သော ကျေးရွာတွေမှာလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်တဲ့ အဖွဲ့အစည်းကနေပြီး လှူဒါန်းတာတွေ ရှိပါတယ်။ ဒါပေမဲ့လို့ ကြာရှည်မခံနိုင်တဲ့အတွက် ခနတာအတွက်သာ အသုံးပြုနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါပဲ့ဒူကျေးရွာမှာတော့ ရွာပိုင်အနေနဲ့ဆိုလာပြားကြီးတခုရှိပြီး ကလေးတွေစာကြည့်နိုင်ဖို့ ကျောင်းမှာပဲ စီစဉ်ထားတယ်လို့သိရပါတယ်။
“စာဖတ်ဝိုင်းတွေလုပ်မယ်ဆိုလို့ရှိရင် ဘက်ထရီက တစ်ခုပဲ ဘက်ထရီကလည်း ကျောင်းမှာဆိုလို့ရှိရင် တစ်ခုပဲရှိတာပေါ့ တခုလည်းရွာကနေပြီးတော့ တရွာလုံးအတွက်ပေးထားတာ ရွာကအသုံးအပြုပဲနဲ့ ကျောင်းမှာလာထားထားပေးတယ်။ လာထားပေးတော့ ကျောင်းအတွက်အဆင်ပြေသွားတာပေါ့။”
စာကြည့်နိုင်တဲ့ မီးအလင်းကို ရရှိနိုင်တာ စာသင်ကျောင်းမှာသာ ရှိတဲ့အတွက် ကျောင်းသူ၊ကျောင်းသားတွေကို ညပိုင်းစာကြည့်ရန် ကျောင်းကို လွတ်သွားရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
“ဆရာမတွေက ကျောင်းကို ကလေးတွေကို စာကျက်ဖို့ ခေါ်လာတော့ ညမိုးချုပ်မှ ပြန်လာတယ် အဲ့လိုလုပ်တော့ ကျောင်းမှာက အေးတယ်လေ တချို့ဆို မိဘတွေက ပေးမသွားချင်ဘူး ကျောင်းမှာ စာကျက်တာ အေးတော့ အအေးမိကုန်တယ်ဆိုပြီးတော့ ပေးမသွားချင်ဘူး အိမ်မှာကျက်မယ်ဆိုလည်း မီးက အဆင်မပြေဘူး ဆရာမတွေက ကျောင်းမှာ လာကျက်စေချင်တော့လည်း ကလေးတွေလည်း များတော့ နေရာလည်း မဆံ့ဘူး ကျောင်းခန်းလည်း တစ်ခန်း၊နှစ်ခန်းပဲ ရှိတယ်။” လို့ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဒေါ်စေမယ်က သူမ ကလေးတွေ ညနေပိုင်း ကျောင်းမှာ စာကြည့်ရတာနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
ယခုလို မီးအလင်း မရရှိနိုင်သေးတဲ့အတွက် ဒေသခံလူငယ်တွေက “ လျှပ်စစ်မြို့တော် ဒို့လွိုင်ကော်၊ ဖယောင်းတိုင်ဆောင်ထား ဒို့မမှား” ဆိုပြီးတော့ ဝေဖန်နေကြတာတွေလည်း ရှိပါတယ်။ လျှပ်စစ် မီးလည်းမရ၊ ဆိုလာပြားလည်း အသုံးမပြုနိုင်သေးတဲ့ ကျေးရွာတွေမှာတော့ ယနေ့အချိန်ထိ ဖယောင်းတိုင်၊ဆီမီးခွက်ကို အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။
ဒေါပဲ့ဒူကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ပရဲမိုအပြင် မီးမလင်းနိုင်သေးတဲ့ တခြားသော ကျေးရွာမှ ဒေသခံပြည်သူများ အထူးသဖြင့် အိမ်ရှင်မတွေ၊ ကျောင်းသားမိဘတွေက လျှပ်စစ်မီး ရရှိဖို့ အထူးမျှော်လင့်နေကြပါတယ်။ သူတို့ရဲ့ မျှော်လင့်ချက်တွေ ပြည့်စုံလာဖို့အတွက်လည်း သက်ဆိုင်သူများအနေဖြင့် ဆောင်ရွက်ပေးမှသာလျှင် ရရှိလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တာဝန်ရှိပုဂ္ဂိုလ်များကလည်း ပြည်နယ်ကနေ ထွက်တဲ့ အလင်းကို ပြည်နယ်သူ၊ ပြည်နယ်သားများ အပြည့်အဝ ခံစားနိုင်ရေးအတွက် ဦးစားဆောင်ရွက်ပေးဖို့ လိုအပ်လျှက် ရှိနေပါတယ်။
“ မီးရရင်တော့ ကျမတို့အတွက် အများကြီး ပိုသာတာပေါ့။ ညပိုင်း သွားလာနေထိုင်ရေးမှာရော။ ကလေးတွေ စာကြည့်ဖို့အတွက်ရော မီးလင်းတဲ့အောက်မှာ စာကြည့်မှ သူများတွေကို လိုက်နိုင်မှာလေ။ မီးလိုချင်တယ်။ ရလာဖို့လည်း အများကြီး မျှော်လင့်ပါတယ်။” လို့ ဒေါ်ပရဲမိုက သူမတို့ ကျေးရွာအတွက် လျှပ်စစ်မီးရဖို့ မျှော်လင့်ချက်တွေကို ပြောပြသွားပါတယ်။
မော်ဦးမြာ ရေးသားသည်။