ဟင်္သာတ ကရင်သွေးသစ်လူငယ်အဖွဲ့ ဥက္ကဌနှင့် တွေ့ဆုံခြင်း

ဟင်္သာတ ကရင်သွေးသစ်လူငယ်အဖွဲ့ ဥက္ကဌနှင့် တွေ့ဆုံခြင်း

“အမျိုးသား ရေးစိတ်ဓာတ်တွေတော့ ရှိပေမဲ့ အကြောက်တရားတွေကြောင့်သာ မနိုးကြားနိုင်ကြတာပါ။”

ဟင်္သာတခရိုင်အတွင်း ကရင်လူငယ်များကို စုစည်းနိုင်ရန်နှင့် ကရင်အမျိုးသားရေးကို အထောက် အကူပြုနိုင်ရေးအတွက် ရည်ရွယ်ပြီး Karen Renascent Youth Organization (KRYO) ခေါ် ကရင်သွေးသစ်လူငယ်အဖွဲ့ကို ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။

၎င်းဖွဲ့အစည်းကို ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များနှင့် လှုပ်ရှားဆောင်ရွက်သွားမည့် အခြေအနေများကို အဖွဲ့၏ ဥက္ကဌ ဖြစ်သူ စောထင်လင်းအောင် အား ကေအိုင်စီက တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

မေး။ ။KRYO လို့ခေါ်တဲ့ ကရင်သွေးသစ်လူငယ်အဖွဲ့ ဖွဲ့စည်းဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ရည်ရွယ် ချက်လေးကို သိပါရစေ။

ကျနော်တို့ အဖွဲ့အစည်းနာမည်က ကရင်သွေးသစ်လူငယ်အဖွဲ့ပေါ့။ ဒီအဖွဲ့စတင်ဖွဲ့စည်း ဖို့အ တွက် ဒီနှစ် သြဂုတ် လ ၆ ရက်၊ ၇ ရက်နေ့မှာဆွေးနွေးပြီးတော့ စက်တင်ဘာ ၄ ရက်နေ့မှာ ဖွဲ့စည်းဖြစ် လိုက်တယ်။ ဟင်္သာတ ခရိုင်ထဲမှာ ရှိတဲ့ အင်္ဂပူ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ဓနုဖြူ၊ မြန်အောင်၊ ကြံခင်းနဲ့ကျုံပျော်က လူငယ်တွေပါ ပါတယ်။ အဓိက ဖွဲ့စည်းရတဲ့ အကြောင်းအရင်းက ကရင်လူငယ် တွေအတွက် အဖွဲ့အစည်းမဖွဲ့ လို့မရတော့တဲ့ ကရင်မျိုးဆက်အခြေအနေ အများကြီးရှိနေ တဲ့ အတွက်ဖြစ်တယ်။ အများနည်းတူ ရင်ဘောင်တန်းနိုင်အောင် ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ အဓိကကတော့ ရည်ရွယ်ချက် (၇)မျိုးနဲ့ဖွဲ့စည်းဖြစ်တယ်။

လူငယ်ညီလာခံကြရင် ထပ်မံ ဖြည့်စွက်မဲ့ အစီအစဉ်တွေလည်းရှိတယ်။ တကယ်ခေါင်း ဆောင်နိုင်တဲ့ လူငယ်တွေကိုလည်း ဖွဲ့စည်းနိုင်အောင် လူငယ်ညီလာခံမှာ ရည်ရွယ်ထား တယ်။ ရည်ရွယ်ချက် (၇)မျိုးက ကရင်လူမျိုးတွေ အနာဂတ်လှပစေဖို့၊ ကရင်လူမျိုးတွေ စည်းလုံးညီညွတ် မှုရရှိစေဖို့ ၊ ကရင်လူမျိုးတွေအတွက် ထက်မြက်တဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့၊ ဘာသာအဖွဲ့ အစည်း မခွဲခြားဘဲ ကရင်အလံတော်အောက်မှာ ရပ်တည်နိုင်ဖို့ ၊ ကရင်လူမျိုးတွေ တန်းတူအခွင့် အရေးရရှိဖို့ ၊ ကရင်အမျိုးသားရေး ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေအပေါ် အကူအညီ ပေးဖို့နဲ့ မျိုးချစ်စိတ်ဓါတ် နိုးထစေဖို့အတွက် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတယ်။

မေး။ ။ ဒီဖွဲ့စည်းလိုက်တဲ့ ကရင်လူငယ်အဖွဲ့အနေနဲ့ ဘာတွေကို အဓိက လှုပ်ရှား ဆောင်ရွက်သွားမှာလဲ။

အဓိက ကတော့ ကရင်လူမျိုးတွေရဲ့အရေးကို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကို ကူညီပေးနိုင်ဖို့၊ လူငယ်တွေကနေ ပါတီအဖွဲ့အစည်း တစ်ခုခုရဲ့ လောင်းရိပ်အောက်မှာ မနေဘဲနဲ့ ကရင်တစ်မျိုးသားလုံးအတွက် ကရင့်အရေးကိုအမြဲလုပ်ဆောင်သွားမယ်လို့တော့ ရည်ရွယ်ထားတယ်။ ဒီ ဟင်္သာတ ခရိုင်အတွင်းမှာလည်း ပါတီအဖွဲ့အစည်းတွေ စာ/ယဉ်အဖွဲ့အစည်းတွေ အများကြီးရှိ တယ်။ အဲ့ဒီအပေါ်ကူညီပေးနိုင်ဖို့လည်ရှိတယ်။ နောက်ပြီး ယဉ်ကျေးမှုတွေပြန်လည်ထုတ်ဖော်ဖို့ ကရင့် နေ့ထူးနေ့မြတ်တွေကို ပြန်လည် ထုတ်ဖေါ်ဖို့ ရှိတယ်။ နောက်ပြီး တခြားသော ကရင်လူငယ် အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်ဖို့နဲ့ အရင်ကတည်းကလည်း ဆက်စပ် လုပ်ဆောင်မှုတွေ ရှိထားပါတယ်။ နောက်ပြီး ဧရာဝတီတိုင်းမှာလည်းပဲ ကရင်လူငယ် တစ်ဖွဲ့ထဲကို ဖွဲ့သွားနိုင်ဖို့လည်း ရှိပါတယ်။

မေး။ ။ ဒီကရင်လူငယ်အဖွဲ့ ဖွဲ့နိုင်ဖို့ ကရင်လူငယ်တွေ စုစည်းရတဲ့အခြေအနေ နဲ့ အခက်အခဲ တွေကိုလည်း သိပါရစေ။

စုစည်းတဲ့အခါမှာ စိတ်ဝင်စားတဲ့ လူငယ်တွေ ရှိသလို စိတ်မဝင်စားတဲ့ လူငယ်တွေလည်းရှိ တယ်။ ဒီအခြေအနေပေါ်မှာ အခက်အခဲက တိုင်းရင်းသားတန်းတူညီမျှမှုမရှိတဲ့ အခြေအနေအရ ဒီက ကရင်လူမျိုးတွေရဲ့ စီးပွားရေး၊ ပညာရေး အားလုံး နိမ့်ကျတဲ့အခြေအနေတွေရယ် ၊ အကြောက်တ ရားစိုးမိုးနေမှုတွေနဲ့ ဖိနှိပ်မှုတွေ အများကြီးရှိ နေတုန်းဘဲဖြစ်တဲ့အတွက် အခုချိန်အထိလည်း အားလုံးပဲ မြင်နေ တွေ့နေတဲ့အတိုင်းပဲ အခက်အခဲကတော့ အများကြီးရှိပါတယ်။ အဓိက ကတော့ အရင်တုန်းက အကြောင်းတရားတွေကြောင့် အကြောက်တရားတွေက ယနေ့အချိန် အရိပ်လို စိုးမိုးနေပြီး စုစည်းနိုင်ဖို့က ခက်ခဲနေတုန်းပါ။



မေး။ ။ ဒီလူငယ်အဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မဲ့ ရှေ့လုပ်ငန်းစဉ် အတွက် စိန်ခေါ်မှုတွေအ နေနဲ့ကတော့ ဘာတွေရှိ လာနိုင်သလဲ။

စိန်ခေါ်မှုတွေကတော့ အမြဲတမ်းရှိပါတယ်။ အဖွဲ့အစည်းတစ်ခု ဖြစ်လာပြီးဆိုရင် အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု စိန်ခေါ်မှုတွေ၊ နိုင်ငံရေးအရ စိန်ခေါ်မှုတွေ အမျိုးမျိုးရှိပါတယ်။ အခုဆိုလည်း တိုင်း ရင်းသား မညီမျှမှုတွေ၊ ဖိနှိပ်မှုတွေက မြင်နေ တွေ့နေရတာပဲ။ ကျနော်တို့ဒေသမှာ ကြုံတွေ့နေရ တာကလည်း အုပ်ချုပ်ရေးမညီမျှမှုတွေ အများကြီးရှိပါတယ်။ ကျနော်တို့ လူငယ်တွေ လှုပ်ရှားဆောင် ရွက်မှုတွေအတွက် အမြဲတစေ စောင့်ကြည့်ခံရမှုတွေ တွေ့ကြုံရတယ်။ အဲ့လိုစောင့်ကြည့်ခံရတာကို ကျနော်တို့ လူငယ်တွေက မြင်တွေ့သိနေတော့ ကြောက်ရွံ့မှုတွေက ရှိလာကြတာပေါ့။ အဲ့လို စိန်ခေါ် မှုတွေ ဖိအားတွေ ကြုံတွေ့နိုင်တာပေါ့။

မေး။ ။ ဟင်္သာတ ခရိုင်အတွင်းမှာရှိတဲ့ ကရင်လူငယ်တွေမှာ အမျိုးသားရေးနိုးကြားမှုက ဘယ်လို အခြေအနေရှိသလဲ။

ဒီမှာရှိတဲ့ လူငယ်တွေက အမျိုးသားရေး နိုးကြားမှုက အားနည်းတယ်လို့ ပြောလို့ရတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျနော်ပြောခဲ့သလိုပဲ အကြောက်တရားတွေက လွှမ်းမိုးနေတုန်းမို့ပဲ။ အမျိုးသား ရေးစိတ်ဓာတ်တွေတော့ ရှိပေမဲ့ အကြောက်တရားတွေကြောင့်သာ မနိုးကြားနိုင်ကြတာပါ။ နောက်ပြီး စီးပွားရေးမှာလည်း နိမ့်ကျနေကြတဲ့ အခြေအနေကြောင့်လည်း အားနည်းတာတွေပါတယ်။ နောက် တစ်ခုက လူကြီးတွေက တချိန်တုန်းက သူတို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေ အကြောက် တရားတွေ ကြောင့် လူငယ်တွေကို အားပေးတာမျိုးလည်းနည်းတဲ့အတွက် လူငယ်တွေမှာ နိုးကြားမှု အားနည်း တာကိုလည်း တွေ့ရတာပေါ့။ ကျနော်တို့ ဒေသမှာက ကရင်စကားတွေ မပြောနိုင်ကြ တော့ဘူး။ ကရင်အကြောင်းကို မသိကြတော့တဲ့သူတွေများတယ်။ သွေးနှောမှုတွေလည်း ရှိနေတော့ နိုးကြားမှုက တဖြည်းဖြည်းအားနည်းသွားတယ်။ နိုးကြားမှု အားကောင်းလာအောင်လည်း အရေးကြီးတာက ပညာ ရေးနဲ့ ယဉ်ကျေးမှုတွေ၊ နေ့ထူးနေ့မြတ်တွေ ကရင့်အမျိုးသားနိုင်ငံရေး သမိုင်းကြောင်းတွေကို ပြန်လည်ဖော်ထုတ်ပြီး လုပ်ဆောင်ရမှာပေါ့။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာဖြည့်စွက် ပြောချင်လဲ။

ဟင်္သာတခရိုင်အတွင်းမှာရှိတဲ့ ကရင်လူငယ်တွေအပြင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကရင် လူငယ်တွေရော၊ နိုင်ငံတကာရောက် ကရင်လူငယ်တွေရော အားလုံးက ကရင့်ကံကြမ္မာကို ကရင်ပဲ ဖန်တီးရမှာပဲ။ ကရင့် အနာဂတ်လှပဖို့ ကရင်လူငယ်တွေရဲ့ လက်ထဲမှာပဲ ရှိနေတယ်။ ဒါကြောင့် ကရင်လူငယ်တွေ အများကြီး ကြိုးစားဖို့လိုသလို ကြိုးစားကြဖို့လည်း တိုက်တွန်းချင်ပါ တယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...