ရခိုင်ပြည်နယ် အင်တာနက်ဖြတ်တောက်ခံထားရမှု ရက်ပေါင်း ၂၀ ရှိလာပြီ

ရခိုင်ပြည်နယ် အင်တာနက်ဖြတ်တောက်ခံထားရမှု ရက်ပေါင်း ၂၀ ရှိလာပြီ

ရခိုင်ပြည်နယ်က မြို့နယ် (၈)ခုတွင် အင်တာနက်ဖြတ်တောက်ခံထားရမှုမှာ  ယနေ့ဇူလိုင်လ ၁၁ ရက်နေ့ဆိုလျှင် ရက်ပေါင်း ၂၀ ရှိပြီဖြစ်သော်လည်း ပြန်ဖွင့်မည့် အစီအစဉ် ရှိ၊မရှိ မသိရှိရသေးပေ။

ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် အစိုးရက အင်တာနက် ဖြတ်တောက်ထားလိုက်သည်။

ထိုလုပ်ရပ်ကြောင့် ယင်းဒေသတွင် နေထိုင်သည့် ပြည်သူများ  သတင်းအချက်အလက်ရရှိမှု နည်းပါးခြင်းအပြင် တခြားအခက်အခဲများနှင့်လည်း ကြုံတွေ့နေရသည်ဟု ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“အခက်အခဲကတော့ ကျွန်တော်တို့ အများကြီးရှိပါတယ်။ အခုက များသောအားဖြင့် သတင်းနည်းပညာ Information ကို အခြေခံပြီးသွားနေတာဖြစ်တယ်။ ကျွန်တော်တို့ Information နည်းနည်း ပြတ်တောက်သွားတာနဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်တွေ၊ ပညာရေးဆိုင်ရာ လုပ်နေတဲ့သူတွေ၊ နောက်ပြီး တခြားလူထုနဲ့ပတ်သက်နေတဲ့ ဆက်ဆံမှုတွေမှာ လုံးဝလက်လှမ်းမမှီနိုင်တဲ့ အခြေအနေရှိတယ်” ဟု ၎င်းကပြောသည်။

ထိုသို့ အခက်အခဲများရှိနေသည့်အတွက် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်က အင်တာနက် ပြန်ဖွင့်ပေးရန် အဆိုကို ပြည်နယ်အမတ် ဦးလှသိန်းအောင်က ရခိုင်ပြည်နယ် လွှတ်တော်တွင် တင်သွင်းခဲ့ပြီး ယင်းအဆိုကို အတည်ပြုခဲ့ကြသည်။ သို့သော် အစိုးရက လက်ရှိအချိန်ထိ အကောင်အထည်ဖော်မှု မရှိသေးပေ။

“ရခိုင်ပြည်နယ်လွတ်တော်မှာပဲ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့တယ်။ ဖြတ်တောက်ထားတဲ့ အင်တာနက်လိုင်းတွေကို အမြန်ဆုံးဖွင့်ပေးစေချင်တယ်။ ဒါဟာ ပြည်သူတွေရဲ့ သဘောထားလည်းဖြစ်တယ်။ ပြည်သူတွေရဲ့ဆန္ဒလည်းဖြစ်တယ်။ ဒါကြောင့် အင်တာနက်ပိတ်ပင်ထားတာတွေကို အမြန်ဆုံး ဖွင့်ပေးစေချင်တယ်” ဟု ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က တောင်းဆိုသည်။

ရခိုင်ပြည်နယ်က မြို့နယ် (၈)မြို့နယ်အပြင် တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း အစိုးရက အင်တာနက်ဖြတ်တောက်ထားသည်။ ထိုသို့ အင်တာနက် ဖြတ်တောက်လိုက်မှုသည် သာမန်အခြေအနေတွင်ပင် အသက်မွေးဝမ်းကျောင်းမှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် လွန်စွာ ဆိုးကျိုးသက်ရောက်မှု ဖြစ်စေသည်။

ထို့အပြင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် အင်တာနက်ဖြတ်တောက်မှုသည် ပြည်သူများ၏ လုံခြုံရေးအတွက် လွန်စွာ စိုးရိမ်စရာကိစ္စရပ်ဖြစ်သည်ဟုလည်း အရပ်ဖက်အဖွဲ့အစည်းများနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားသည့် အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

December 23, 2024
“ရခိုင်ပြည်အတွင်း စစ်ကောင်စီကင်းစင်ရမည်” ဟု ကြွေးကြော်ထားသည့် အာရက္ခတပ်တော် (AA) သည် လက်ရှိတွင်...
December 21, 2024
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျား‌ချောင်းဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု...
December 20, 2024
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် ပြည်ပနှင့် ပြည်မဒေသထုတ် အရက်၊ ဘီယာ...
December 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA...