လွန်ခဲ့သော ၁၄ နှစ် မေလ ၃၀ ရက်သည် ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သေကံမရောက် သက်မပျောက်ခဲ့သည့် နေ့ရက်ဟု ဆိုပါက မှားနိုင်မည်မဟုတ်ပါ။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပါတီစည်းရုံးရေးဆင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ကအပြန် မန္တလေးတိုင်း ဒီပဲယင်းမြို့နယ် ကျီရွာအနီး ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က ပေါ်ပေါက်ခဲ့တဲ့ အကျည်းတန် ဥပဒေပ လုပ်ရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။
ထိုစဉ်က အုပ်ချုပ်ခံ၊ ဖိနှိပ်ခံဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပင် ယခု နိုင်ငံတော် အကြီးအကဲ ဖြစ်လင့်ကစား ၁၄ နှစ် ကြာခဲ့ပြီဖြစ်သော ဥပဒေပ လုပ်ရပ်သည် အမှုမှန် ပေါ်ပေါက်ခြင်း မရှိသေးပါ။ ထိုစဉ်က ပေါ်ပေါက်ခဲ့သည့် ဥပဒေပ လုပ်ရပ်အတွက် ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် ကားကိုမောင်းခဲ့သူ ကိုကျော်စိုးလင်း ယခု မန္တလေးတိုင်း ပြည်ကြီးတံခွန် မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်စိုးလင်းက “အဖြစ်မှန်လေးကို ပေါ်လွင်စေချင်တယ်” လို့ ဆိုခဲ့ပါတယ်။
သို့ဆိုလျှင် ထိုစဉ်က နိုင်ငံတော် အကြီးအကဲများအဖြစ် တာဝန်ယူခဲ့ကြသူများရဲ့ ဒီပဲယင်း လုပ်ကြံအမှုအပေါ် ထုတ်ဖေါ် ရေးသားချက်များသည် ဦးကျော်စိုးလင်း မျှော်လင့်တဲ့ “အဖြစ်မှန်” ဘယ်လောက်အထိ နီးစပ်မှုရှိသလဲ ဆန်းစစ်ကြည့်နိုင်ပါတယ်။ ထိုစဉ်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ၁ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ” ဆိုတဲ့ စာအုပ်မှာ ဒီပဲယင်း လုပ်ကြံမှုနှင့် ပတ်သက်ပြီး “ဒီပဲယင်း အဖြစ်အပျက်” လို့ သုံးနှုန်းထားပါတယ်။
ဒီအဖြစ်အပျက်ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ပြန်လည်ရေးသားရာမှာ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းရှည်ကြီးဟာ မန္တလေးမှ ထွက်ခွာလာပြီး လမ်းတလျောက် စည်းရုံးရေး တရားတွေဟောရင်းနှင့် မုံရွာမြို့လည်းရောက်ရော ဥက္ကဋ္ဌ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ) က ကျွန်တော်တို့ လူကြီးပိုင်း ငါးယောက် ခြောက်ယောက်ကို သူ့အခန်းသို့ ခေါ်လိုက်ပါသည်။ ကျွန်တော်တို့လည်းစုံရော တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့ ပြောပါသည်။ ထိုအချိန်တွင် ကျွန်တော်ကပဲ အကြမ်းဖက် တားဆီးတာမျိုး မလုပ်သင့်ကြောင်း ပြောသောအခါ ကျွန်တော့် တင်ပြမှုကို လူကြီးက သဘောမတူပါ။ အဲ့ဒါကလည်း ကျွန်တော့်အတွက် ကောင်သည်ဟု မြင်ပါသည်။ အဲ့ဒီမှာတင်ပဲ ဒီကိစ္စနှင့် ပတ်သက်၍ ကျွန်တော့်ကို လုံးဝတာဝန်မပေးတော့ဘဲ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးဆောင်စေကာ အဖွဲ့ဝင်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ကို လိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့် မုံရွာသို့ စေလွှတ်လိုက်ပါသည်” လို့ ရေးပါတယ်။
ထိုစဉ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရဲ့ အတွင်းရေးမှူး ၂ ဖြစ်သူ ဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့ “မမျှော်လင့်သော ခရီးရှည်” စာအုပ်မှာတော့ “ဒီပဲယင်း ရုန်းရင်းဆန်ခတ်မှု” လို့ ဖေါ်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါ ခရီးစဉ်သည် ပဋိပက္ခများမဖြစ်ရန် ထိန်းသိမ်းခဲ့ခြင်းဟု ရေးသားထားပါတယ်။
“ပဋိပက္ခများ မဖြစ်စေရန် ထိန်းကျောင်းဖို့လည်းလိုသည်။ ဒေါ်စုကြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် တာဝန်ယူနေသော တိုင်းမှူးများ၏ သက်တမ်းက တစ်နှစ်ကျော်စီပဲ ရှိသေးသည်။ ထို့ကြောင့် သူတို့ကို ကူညီရန်အတွင် အဆိုပါဒေသများတွင် တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့ဖူးသူများကို လူကြီးများက စေလွှတ်ခဲ့သည်။ ကျွန်တော်လည်း ကိုယ်ရေးအရာရှိပင် မခေါ်ဘဲ နမခ တိုင်းစစ်ဌာနချုပ်တွင် ရောက်နေခဲ့သည်” လို့ ရေးပါတယ်။
သို့ပေမယ့် အဆိုပါ ပဋိပက္ခကို ထိန်းသိမ်းဖို့ ဘယ်သူက ညွှန်ကြားသည်ကိုတော့ ရေးသားထားခြင်းမရှိပါ။ ဒါ့အပြင် “ဒီပဲယင်း ပြဿနာသည် အင်န်အယ်ဒီနှင့် ပြည်ခိုင်ဖြိုးအကြား နိုင်ငံရေးအရ အားပြိုင်မှုဖြစ်စဉ်များထဲမှ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသော သာမန်ထက်ပိုသည့် ရုန့်ရင်းဆန်ခတ်မှုတစ်ခုဖြစ်သည်။ သာမန်ထက်ပိုသောဟု ဆိုရခြင်းမှာ ထိုဖြစ်စဉ်တွင် အင်န်အယ်ဒီခေါင်းဆောင် ဦးတင်ဦးနှင့် ဒေါ်စုကြည်တို့ ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်သည်” လို့ ဆိုထားပါတယ်။
အတိုက်အခံများဘက်က အဆိုပါ အခြေအနေကို လုပ်ကြံမှုလို့ ခေါ်ဆိုကြပြီး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က အဖြစ်အပျက်လို့ဆိုကာ ဗိုလ်ချုပ်ကြီးစိုးဝင်း (ကွယ်လွန်) က “ဒီပဲယင်း ရုန်းရင်းဆန်ခတ်မှု” လို့ သုံးထားပါတယ်။ အဆိုပါ ဥပဒေမဲ့ လုပ်ရပ်ကို ဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့ စာအုပ်မှာ စာမျက်နှာ ၉ မျက်နှာ ဖေါ်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူနှင့် မထောက်ခံသူတို့အကြား ပဋိပက္ခအဖြစ် ရေးသားထားတာကို တွေ့ရပါတယ်။
“အခြေအနေမှာ ခံယူချက်၊ ယုံကြည်ချက်ချင်း မတူကြသော အဖွဲ့အစည်းပေါင်းစုံ စုဝေးမိသလို ဖြစ်သွားကာ အချင်းချင်း အင်အားပြိုင်ဆိုင်မိသွားပြီး လကွယ်ည၏ အမှောင်ထုအတွင်း ထိပ်တိုက် ရင်ဆိုင်မိကြသည်။ အခြေအနေအရပ်ရပ်က အတိမ်းအစောင်း အထိအခိုက် မခံနိုင်သော အနေအထားမျိုးဖြစ်သည်။”
“အော်ဟစ်နေကြရင်း ဘယ်နေရာကမှန်းမသိ ဝုန်းကနဲ့ အသံကြားလိုက်ရပြီး ရိုက်ကြ နှက်ကြ ဖြစ်သွားပါတယ်။ မှောင်နဲ့ မည်းမည်းဆိုတော့ တစ်ဖက်နဲ့ တစ်ဖက် ဘယ်သူက ဘယ်သူ့ကိုရိုက်ကြသလဲဆိုတာ မသိရဘဲ မည်းမည်းမြင်သမျှ ရိုက်နေကြသလို ဖြစ်သွားပါတယ်။ လူအုပ်ကလည်း ပြေးတဲ့သူပြေးဆိုတော့ အလဲလဲအကွဲကွဲ ဖြစ်ကုန်ကြပါတယ်။ ဒေါ်စုကြည်ကားကတော့ လူအုပ်စုထဲကနေ ဖေါက်ထွက်ပြီး အတင်းမောင်းထွက်သွားပါတယ်။” လို့ ရေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကားကို မောင်သူဖြစ်တဲ့ ဦးကျော်စိုးလင်း (ယခု လွှတ်တော်အမတ်) က ပြန်ပြောပြရာမှာတော့ “ကျနော့် ညာဘက်က မှန်ကော၊ ဘယ်ဘက်က မှန်ကော၊ နောက်မှန်တွေကော၊ ကားဘက်မှန်နဲ့ မီးသီးတွေကော သူတို့ အကုန်ရိုက်ခွဲကြတယ်။ အဲ့အချိန် ကားဘေးမှာ လုံခြုံရေးတွေ ရှိနေတယ်။ သူတို့က ပေပြီးတော့ အရိုက်ခံနေကြတာ။ ကျနော် ကားနောက် ဆုတ်ပြီ ဆိုတာနဲ့ သူတို့က ကားပေါ်ကို အတင်းဝိုင်းတက်ကြတယ်။ ရှေ့ကို ကြည့်တော့ ကိုယ့်လူတွေက မှောက်နေတယ်။ ရိုက်တဲ့သူတွေက ရှောင်နေတာနဲ့ ဘယ်သူ့ကိုမှ မတိုက်တော့ပဲ ကျနော် ကျော်တက်ပြီးတော့ အတင်းမောင်း ထွက်ခဲ့တာ” လို့ ဆိုပါတယ်။
ဒီဥပဒေမဲ့ ရိုက်နှက်မှုနဲ့ ပတ်သက်လို့ သေဆုံးသူ လေးယောက်ရှိပြီး ဒဏ်ရာရသူ ၇၀ ကျော်ရှိခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့ စာအုပ်မှာရေးထားပေမယ့် အတိုက်အခံတွေဘက်ကတော့ သေဆုံးသူဟာ ဒါ့ထက် အဆပေါင်းများနိုင်တယ်လို့ ဆိုကြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ စာအုပ်မှာ သူဟာ ပဲလှော်ကြား ဆားညပ်တာလို့ ဖေါ်ညွှန်းထားပါတယ်။ “ကျွန်တော့်အပေါ်တွင် အတော်လေး ဂယက်ရိုက်မှုရှိခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးသည် ကြိုတင်စီစဉ်ထားသည်ဟုပင် စွပ်စွဲကြသည်။ အထူးသဖြင့် ဒေါ်စုကြည်ကို အသေသတ်ရန်အထိ ကြိုတင် ကြံစည်မှုဟု ဆိုသူက ဆိုကြသည်။ ထိုသို့မဟုတ်ပါဟု ပြောလျှင်လည်း ယုံရခက်သော အနေအထား ဖြစ်နေသည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ ပဲလှော်ကြား ဆားညပ်တာဟု ပုံခိုင်းပြီးပြောသည်” ဟု ရေးပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကတော့ “ထိုအချိန် တိုင်းမှူးကတော့ ဗိုလ်မှူးချုပ်စိုးနိုင်ဖြစ်ပါသည်။ အသေးစိတ် စီစဉ်ညွှန်ကြားမှုတွေတော့ မသိတော့ပါ။ သို့သော် ထောက်လှမ်းရေး တပ်ဖွဲ့တွေက တိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်းမှာ တိုင်းမှူး၏ ကွပ်ကဲမှုအောက်မှာ ရှိနေတာကြောင့် တချို့ဖြစ်စဉ်တွေကို ကျွန်တော်သိနေရတာ အမှန်ပဲ ဖြစ်ပါသည်။ ထို့ကြောင့် ဖြစ်စဉ်ကြီးတစ်ခုလုံးမှာ ကျွန်တော် ဦးဆောင်ပါဝင် ဆောင်ရွက်ရခြင်း မဟုတ်သော်ငြားလည်း ကျွန်တော်သည် အစိုးရ အဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်ဖြစ်တာကြောင့် ကျွန်တော့်မှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်။ အစိုးရအဖွဲ့ဆိုတာ အဖွဲ့ဝင်အားလုံး တိုင်ပင်ခြင်း အသိပေးခြင်းဖြင့် လုပ်ငန်းတစ်ခုကို အကောင်အထည်ဖေါ်ရတာ ဖြစ်တာကြောင့် ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာသည့် အကြောင်းတရားနှင့် အကျိုးဆက်များအပေါ်မှာ အစိုးရအဖွဲ့ဝင် အားလုံးမှာ တာဝန်ရှိကြတာပါပဲ။ အားလုံးက တာဝန်ခံကြရမှာဖြစ်ပါတယ်” လို့ ရေးထားပါတယ်။