မွန်ပြည်နယ်အစိုးရ တင်ဒါမခေါ်သည့်ကိစ္စ အုပ်ချုပ်ရေးအပိုင်းဖြစ်သည့်အတွက် မှတ်ချက်မပေးလိုဟု NLD ပြောခွင့်ရဆို

မွန်ပြည်နယ်အစိုးရ တင်ဒါမခေါ်သည့်ကိစ္စ အုပ်ချုပ်ရေးအပိုင်းဖြစ်သည့်အတွက် မှတ်ချက်မပေးလိုဟု NLD ပြောခွင့်ရဆို
Photo- NLD ဗဟို ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်(Internet)
Photo- NLD ဗဟို ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်(Internet)

မွန်ပြည်နယ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်နေသော ရေးမြို့နယ်၊ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းအတွက် နိုင်ငံတော်ခွင့်ပြုငွေကျပ်သန်းပေါင်း ၁၀၀၀ တင်ဒါမခေါ်သည့်ကိစ္စမှာ အုပ်ချုပ်ရေးအပိုင်းဖြစ်သည့်အတွက် မှတ်ချက်မပေးလိုဟု NLD ဒီချုပ်ဗဟို ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့် မွန်သတင်းအေဂျင်စီသို့ ပြောသည်။  

ဒေါက်တာမျိုးညွန့်က “ကျနော်တို့ အချက်အလက်အသေအချာမသိဘဲနဲ့ ပြောရခက်ပါတယ်ခင်ဗျ၊ အုပ်ချုပ်ရေးကဖြစ်တဲ့အခါ ကျနော်တို့ကအစအဆုံးမသိဘူးခင်ဗျ၊ အုပ်ချုပ်ရေးကသာ လုပ်ထုံးလုပ်နည်းနဲ့ ညီချင်းမညီချင်းကို စစ်ဆေးလို့ရပါလိမ့်မယ်၊ အဲဒီအပေါ်မှာတော့ ကျနော်တို့မှတ်ချက် မပေးလိုဘူးခင်ဗျ” ဟု ဆိုသည်။

သို့ရာတွင် ကျေးရွာချင်းဆက်လမ်းဖောက်ရန် တင်ဒါခေါ်ယူခြင်းမရှိဘဲ SMD ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုခဲ့သည့်အပေါ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တာဝန်ယူရှင်းလင်းရမည်ဟု  ဒေါက်တာမျိုးညွန့်က 7Day Daily သတင်းစာအား ပြောကြားခဲ့သည်။

“လက်ရှိမှာ ကျနော်တို့ ဘတ်ဂျက်ဘဏ္ဍာရေးနှစ်ကိုပြောင်းလိုက်တယ်၊ တချို့လုပ်ငန်းတွေဟာ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်တဲ့အခါမှာ အချိန်မမှီတာလည်းရှိနိုင်တယ်၊ အဲဒါတွေအတွက် အုပ်ချုပ်ရေးအပိုင်းက ဘယ်လိုညွှန်ကြားချက်တွေရှိတယ်ဆိုတာကတော့ ကျနော်တို့ မသိပါဘူး၊ အဲဒီတော့ ဒီအတွက်ကတော့ ကျနော်တို့မှတ်ချက်မပေးလိုဘူး”ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

ယင်းကဲ့သို့ တင်ဒါမခေါ်သည့်ကိစ္စမှာ နိုင်ငံတော်၏အတိုင်ပင်ခံ နှုတ်မိန့်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်အစည်းအဝေး၌ တင်ပြခဲ့သော်လည်း ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်က အစိုးရကတ်ဘိနက်အစည်းအဝေးတစ်ခုတွင် ဦးစိန်ဝမ်း၏ SMD ကုမ္ပဏီအား လုပ်ပိုင်ခွင့်ပေးရန် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတရုံး၏ တင်ဒါဆိုင်ရာညွှန်ကြားချက် (၁/၂၀၁၇) အရ ငွေကျပ် ၁၀ သန်းအထက်လုပ်ငန်းများအတွက် ဖော်ပြထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တင်ဒါခေါ်ယူရမည်ဖြစ်ပြီး အဆိုပါ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိသည့်အပြင် ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုရှိပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ကြိုတင်သတိပေးချက်ထုတ်ပြန်ထားသည်။

September 16, 2024
ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူ နေထိုင်ရာနေရာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး...
September 13, 2024
ရန်ကုန်-မော်လမြိုင်နှင့် မော်လမြိုင်-ရေးကားလမ်းပိုင်းတလျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင်...
September 13, 2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းတွင်  ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်လာလ ၁၀ ရက်နေ့ထိ...
September 10, 2024
မွန်ပြည်နယ်အတွင်း လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့်ရှိ...