အစ်ကိုဖြစ်သူ မန်းတင်ရွှေပြောတဲ့ မန်းရှာငယ်ဘဝအကြောင်း တစေ့တစောင်း

အစ်ကိုဖြစ်သူ မန်းတင်ရွှေပြောတဲ့ မန်းရှာငယ်ဘဝအကြောင်း တစေ့တစောင်း

မန်းတင်ရွှေ ဘယ်သူလဲဆိုတာ ကျနော်တို့ ကရင်လူမျိုးများအကြား အများစုက သိကြမှာမဟုတ်ပါဘူး။ သူကတော့ ဧရာဝတီ တိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ တောကျောင်းရွာဇာတိသားဖြစ်တယ်။ မိသားစုထဲမှာတော့ အစ်မတွေ ညီမတွေမရှိဘဲ မွေးချင်းထဲမှာ ညီအစ်ကို နှစ်ယောက်နဲ့ ငယ်စဉ်က ဆုံးပါးသွားခဲ့တဲ့ ညီမငယ်တယောက် ရှိပါတယ်။ သူ့ညီလေးနာမည်ကတော့ စချစ်ရွှေလို့ ခေါ်ပါတယ်။

အဖ မန်းဘသော် နဲ့ အမိ ဂါ့နန့်တင် ကနေ မွေးဖွားတဲ့ အစ်ကိုစတင်ရွှေနဲ့ ညီဖြစ်တဲ့ စချစ်ရွှေဆိုပြီး ညီအစ်ကို နှစ်ယောက်မှာ စချစ်ရွှေကို ခရစ်သက္ကရာဇ် ၁၉၄၃ ခုနှစ်မှာမွေးပါတယ်။ ယနေ့ခေတ်ကရင်လူငယ်အချို့ကြားမှာ ရင်းနှီးမှုရှိမှာ မဟုတ်တဲ့ စချစ်ရွှေကတော့ နောင်တစ်ချိန် ကရင်အမျိုးသားတွေကြားမှာ လေးစား အသိအမှတ်ပြုခံရတဲ့ “ပဒိုမန်းရှာလားဖန်း” လို့ခေါ်တဲ့ ပဒိုမန်းရှာပဲ ဖြစ်ပါတယ်။

စချစ်ရွှေတို့ ငယ်ဘဝ ဖြတ်သန်းမှုကတော့ သိပ်ပြီးသာယာလှတယ် မရှိပါဘူး။ မိဘတွေက ငွေရှင်ကြေးရှင်၊ ကုန်သည်မျိုးရိုး မဟုတ်သလို လယ်ယာလုပ်ပြီးအသက်မွေးဝမ်းကျောင်းပြုနေသူတွေလည်း မဟုတ်ကြပါဘူး။ ခြံလုပ်ငန်းတစ်ခုဖြစ်တဲ့ ကွမ်း ရွက်ခြံနဲ့ အသက်မွေးဝမ်းကျောင်းပြုနေရသူဖြစ်တယ်လို့ သူအစ်ကိုဖြစ်တဲ့ ဖူးတင်ရွှေက ပြောပြပါတယ်။ အခုထိလည်း တောကျောင်းကျေးရွာဆိုတာ ကွမ်းရွက်စိုက်ပျိုးတဲ့လုပ်ငန်းနဲ့သာ အများစု အသက်မွေးဝမ်းကျောင်းပြုနေကြဆဲ ဖြစ်ပါတယ်။

စချစ်ရွှေအစ်ကို ယခု မန်းတင်ရွှေကတော့ “ဒို့ငယ်ငယ်က ဆင်းရဲတော့ ညီအစ်ကိုနှစ်ယောက် ကောက်သင်း လိုက်ကောက် ရတယ်။ ရလာတဲ့ စပါးတွေကို အိမ်ပြန်ယူလာပြီး ပြန်ထောင်းစားရတယ်။ ကျူပင်ခုတ်ပြီး ကျုဖျာယက်ရတာ မျိုးတွေလည်း လုပ်ခဲ့ရတယ်”လို့ အစ်ကိုဖြစ်သူက ဖြတ်သန်းခဲ့ရတဲ့ငယ်ဘဝအကြောင်းကို ပြောပြပါတယ်။

ကောက်သင်းကောက်တယ်ဆိုတာက လယ်ပိုင်ရှင်တွေ ရိတ်သိမ်းပြီးသား လယ်ကွက်ထဲက ကျကျန်၊ ကြွင်းကျန်ခဲ့တဲ့ စပါးနှံလေးတွေကို လိုက်ကောက်ရတာပါ။ အရင်ခေတ်အချိန်အခါအရ စပါးကြိတ် စက် (ဆန်စက်)တွေ အခုလို များများစားစား မပေါ်သေးပါဘူး။ အများစုကတော့ စပါးကို ကြိတ်ဆုံနဲ့ကြိတ်၊ သစ်သားဆုံထဲထည့်ပြီးထောင်း ဒါမှမဟုတ် ခြေနင်းမောင်းတံ အသုံးပြုပြီး စပါးကနေ ထမင်းချက်လို့ရတဲ့ စားစရာဆန်ဖြစ်အောင် ပင်ပင်ပမ်းပမ်းလုပ်ကြရတဲ့ ခေတ်ကာလဖြစ်ပါတယ်။

သူတို့ဟာ တခြားမိသားစုတွေလို အစ်မရှိရင် အစ်မ၊ ညီမရှိသူက ညီမ ထမင်းဟင်းချက်ပေးမယ့်သူရှိပေမယ့် သူတို့ညီအစ်ကို ၂ယောက်ကတော့ မိဘတွေ ကိုင်းတောထဲသွားရင် ထမင်းဟင်းချက်တဲ့ တာဝန်ယူရပါတယ်။ သူ့ညီကတော့ ချက်ပြုတ်တာ ဝါသနာပါသလို ဟင်းချက်ကောင်းတယ်လို့လည်း သူက ဆိုပါတယ်။

“သူ မိန်းမယူတဲ့ အခါကျရင် သူ့မိန်းမက အချက်အပြုတ် မတတ်လို့ ရှိရင် သူစားနိုင်မှာ မဟုတ်ဘူးလို့ ပြောလေ့ရှိတယ်။ သူက ဟင်းချက်လက်ရာ တအား ကောင်းတာကိုး”လို့ ဖူးတင်ရွှေက ပြောပါတယ်။

အဲဒီအပြင် အစ်ကိုဖြစ်တဲ့ ဖူးတင်ရွှေနဲ့ရွာက သူ့ရဲ့ငယ်ပေါင်းတွေ ပြန်ပြောင်းပြောပြချက်အရကတော့ စချစ်ရွှေတစ်ယောက် အရွယ်စရောက်တဲ့အချိန်မှာတောင် စိတ်ဝင်စားတဲ့မိန်းကလေးရှိကောင်းရှိပေမယ့် သူတို့သိသလောက် စချစ်ရွှေ ရည်းစားရှိတာ တစ်ခါမှမကြားဖူးပါဘူးတဲ့။ သူကိုယ်တိုင်က အရပ်အမောင်း ထွားထွားကြိုင်းကြိုင်းမဟုတ်သလို မှုန်ကုတ်ကုတ်နဲ့ရိုးရိုးအေးအေး နေတတ်သူဖြစ်တဲ့ စချစ်ရွှေကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မဟုတ်ခဲ့ပါဘူး။

“သူနဲ့ရိုက်ထားတဲ့ ဓာတ်ပုံထဲက ပုံကို ရိုက်ခါနီးတုန်းက အဖူက သူ့ကို ‘တေး ဓာတ်ပုံရိုက်မယ်။ ဆံပင်ကို နည်းနည်းဖြီး လိုက်အုံး’ ပြောပေမဲ့ သူမဖြီးဘူး။ သဘာဝအတိုင်းဘဲ နေမယ်တဲ့။ အပျိုအရွယ်လေးတွေ လာရင် ကိုယ်တွေက လူပျိုပီပီ လှချင်သန့်ချင်ပေမယ့် သူက အဲ့ဒါကို မကြိုက်ဘူး။ သက်သက်မဲ့ လှချင်ပချင်တာနဲ့ တူတယ်တဲ့”လို့ ဖူးတင်ရွှေက သူ့ညီအကြောင်းကို ဖောက်သည်ချပါတယ်။

ခေတ်ကာလအရ သူတို့မိသားစု အစစအရာရာ ခက်ခဲမှုတွေရှိပေမယ့် မိဘတွေကတော့ ပညာရေးနဲ့ ပတ်သက်လို့ သူတို့ ညီအစ်ကိုနှစ်ယောက်ကို ကြပ်တည်းတဲ့ကြားက ကြိုးစားပြီး ပညာဆက်သင်စေတယ်လို့ ဖူးတင်ရွှေ ကပြောပါတယ်။ ၁၉၅၉ ခုနှစ်မှာ စချစ်ရွှေတစ်ယောက် သူ့ရွာဖြစ်တဲ့တောကျောင်းရွာကနေ နာရီဝက်ကျော် ခြေလျင်သွားရတဲ့ ပန်းတနော်မြို့နယ် ရင်းတိုက်ကုန်းအလယ်တန်းကျောင်းမှာ မူလတန်းနဲ့ အလယ်တန်းကို တက်ခဲ့ပါတယ်။ အထက်တန်းကိုတော့ ပန်းတနော်မြို့မှာ တက်ခဲ့တယ်လို့သိရပါတယ်။

ဖူးတင်ရွှေက “သူက ဟိုးငယ်ငယ်လေးကတည်းက ရပ်ရေးရွာရေးလုပ်ရတာ တအား ဝါသနာပါတယ်။ တာဖို့တာတို့၊ ရေမြောင်း လုပ်တာတို့ပေါ့။ ကရင်စာလည်းသင်တယ်။ အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝနဲ့ ပန်းတနော်မှာ ဘောသွားသွား ကန်တတ်တယ်”လို့ ပြောပါတယ်။

စချစ်ရွှေကတော့ ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါသူ ကြိုးစားချင်စိတ်၊ မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ စိတ်ရှိသူဖြစ်တယ်လို့ သိရပါတယ်။ ခက်ခဲတဲ့ကြားထဲကပဲ သူ့အနေနဲ့ ၁၉၆၂ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို စတင် တက်ရောက်ခဲ့ပြီးတော့ တက္ကသိုလ် တက်နေစဉ် ၁၉၆၂ခုနှစ်၊ 7 July အရေးအခင်းမှာလည်း စချစ်ရွှေတစ်ယောက် ဝင်နွှဲလိုက်ပါသေးတယ်။

သူကျောင်းဆက်တက်နိုင်အောင် အစ်ကိုဖြစ်သူက ကျောင်းနားပြီး ရန်ကုန်တွင် ၁၀ နှစ်ကြာအောင် စာရေးအလုပ်ဝင်လုပ်ကာ ညီငယ်ရဲ့ပညာရေးအတွက် အလုပ်တစ်ဖက်နဲ့ ကျောင်းပြီးအောင် ထားနိုင်ခဲ့ပါတယ်။ စချစ်ရွှေတစ်ယောက် ၁၉၆၆ ခုနှစ်မှာ သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ သူ့အစ်ကိုဖူးတင်ရွှေကတော့ စချစ်ရွှေ တော်လှန်ရေးထဲရောက်မှသာ ဘွဲ့ရခဲ့ပါတယ်။

ဘွဲ့ရပြီးခါစ ရန်ကုန်မှာ ကျောင်းဆရာ၊ စာရေးအလုပ်တွေလည်း လုပ်ခဲ့ဖူးတယ်လို့ သူ့အစ်ကိုဖူးတင်ရွှေက ပြောပါတယ်။ လူငယ် အနေနဲ့တော့ အဲဒီခေတ်ကာလမှာ အလုပ်တွေ သိပ်မရှားလှပေမယ့် စိတ်ဆတ်တဲ့သူ၊ သူများခိုင်းမှလုပ်တတ်သူမဟုတ် သူ့အသိ စိတ်နဲ့သာလုပ်တတ်သူ၊ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလကြောင့်လား မဟုတ်မခံစိတ်ရှိသူမို့လားမသိ အစိုးရအလုပ်တွေကို စချစ်ရွှေ စိတ်ဝင်စားမှုမရှိပါဘူး။ သူတက္ကသိုလ် တက်နေစဉ် ၁၉၆၃ခုနှစ်မှာ ကရင်အမျိုးသားအစည်းအရုံးနဲ့ချိတ်ဆက်မိပြီး KNU ရဲ့မြေအောက်လှုပ်ရှားမှုတွေကို ၁၉၆၆ ခုနှစ်အထိ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

၁၉၆၇ခုနှစ်မှာတော့ စချစ်ရွှေတစ်ယောက် ကရင့်တော်လှန်ရေးထဲခြေစုံပစ်ဝင်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ အဲဒီအချိန် တုန်းက သူ့အဖေမန်းဘသော်ရယ်၊ အစ်ကိုဖြစ်တဲ့ မန်းတင်ရွှေရယ်ပဲရှိပါတော့တယ်။ သူအနေနဲ့ ဒီခရီးကြမ်းကိုလျှောက်ဖို့ ဖခင်ကိုတောင် အသိမပေးဘဲ ထွက်သွားခါနီးကျမှ အစ်ကိုဖြစ်သူကို အလုံးစုံ တိုင်ပင် ပြောပြပါတော့တယ်။

အစ်ကိုဖြစ်သူ မန်းတင်ရွှေ ပြန်လည်ပြောပြတာကတော့ “သူ တောထဲသွားတော့ ဗိုလ်ချုပ်မြမောင်မိန်းမက သူ့ကို ကိုယ်တိုင်လာ ခေါ်တယ်။ သူသွားခါနီးတော့ အဖူကို ထိုင်ပြီး ရှိခိုးကန်တော့တယ်။ အဖူပြောတယ်။ နင့်ကို မတားပါဘူး။ တေး သွားချင်တဲ့ ပန်းတိုင်ကို ရောက်အောင်သွား။ အဖူကလည်း လစာထုတ်ထားတော့ တေး လိုသလောက် ယူသွား၊ စောင်တွေ ဘာတွေ ထည့် သွားပြောပေမဲ့ ဘာမှ မယူသွားဘူး။ ဘာမှ မပါသွားဘူး။ ပိုက်ဆံလည်း တပြားမှ မယူသွားဘူး။ ညီအစ်ကို နှစ်ယောက်ဘဲရှိ တာ တေးကလည်း သွားတော့မှာဆိုတော့ အဲ့လို ပြောပြီးတော့ အဖူမျက်ရည် တောက်တောက်ကျတဲ့အခါကျတော့ သူလည်း ငိုရော။ အဲ့ဒါနဲ့ မတားတော့ဘူး သွား ဘာမှမဖြစ်ဘူး။ တေးရေ သွားချင်ရင်စိတ်ဖြောင့်ဖြောင့်နဲ့သာသွား။ အဖေအတွက်လည်း စိတ်ပူစရာမလိုဘူး။ အကိုတစ်ယောက်လုံး ရှိတယ်။ ရှာကျွေးမယ်။ ပြုစုစောင့်ရှောက်မယ်ပြောတော့ သူပြောသွားတယ် ဝိုက်ရေ ယားဟိုကို ရောက်တဲ့အချိန်ကျရင် အထောက်အပံ့လိုတာရှိရင် ယားပြန် ကူညီပေးမယ်”လို့ ပြောတယ်။

စချစ်ရွှေ တောခိုတော့ မန်းတင်ရွှေက စာရေးအလုပ်ကထွက်ပြီး ကျောင်းဆရာအလုပ်နဲ့အသက်မွေးကာ တစ်ဖက်ကလည်း ဖခင်မန်းဘသော်ကို ပြုစုစောင့်ရှောက်ရင်းနဲ့ ကျန်ခဲ့ပါတယ်။ စချစ်ရွှေ ကရင်တော်လှန်ရေးထဲစဝင်တဲ့ ၁၉၆၇ ခုနှစ်ကနေ ကရင်အမျိုးသားအစည်းအရုံး-KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအဖြစ် ကျဆုံးသွားခဲ့တဲ့အချိန်အထိ ခေတ်ကာ လ အခြေအနေအရ၊ ဆက်သွယ်ရေး အခက်အခဲအရ မွေးရပ်အိမ်ကို စာတစ်ခါသာ ပို့ဖူးခဲ့ပေမယ့် သူ့အဖေ မန်းဘသော် မကွယ်လွန်ခင် တောထဲမှာ သူကိုယ်တိုင်လုပ်ထားတဲ့ ဆေးတံတစ်ချောင်းတော့ ပို့ပေးဘူးတယ်လို့ ပြောပါတယ်။

ပဒိုမန်းရှာလားဖန်းတစ်ယောက် ဇာတိရပ်ရွာမှာ ကျန်ခဲ့တဲ့ ဖခင်နဲ့အစ်ကိုဖြစ်သူကို ထားခဲ့ပြီး ကရင့်အမျိုးသားရေးကို တစိုက်မတ် မတ် ကျဆုံးသည်အထိ လုပ်ဆောင်နိုင်တာဟာ သူ့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်၊ အရည်အချင်းနဲ့ ဇနီးဖြစ်သူ ဂါ့နမ့်ကျင်ရွှေရဲ့ ဖေးမ အားပေးမှုကြောင့်တွေအပြင် နောက်ဆံတင်းစရာမရှိအောင် ဖြည့်ဆည်းပေးခဲ့တဲ့ အစ်ကိုဖြစ်သူ မန်းတင်ရွှေရဲ့ကျေးဇူးတွေလည်း မကင်းဘူးလို့ဆိုရမှာပါ။

အများသိကြတဲ့ ပဒိုမန်းရှာဟာ ၁၉၇၆ ခုနှစ် သူ့အသက် ၃၂နှစ်အရွယ်မှာ သူ့ထက် အသက် ၇လကြီးတဲ့ ပန်းတနော်မြို့နယ် တောကျောင်းအုပ်စု နံဂါတ်ရိုးကျေးရွာသူ နန့်ကျင်ရွှေနဲ့ အိမ်ထောင်ကျခဲ့ပြီး တော်လှန်ရေးထဲမှာတင် သားကြီး စောစေးစေးဖန်း အပါအဝင် နန့်ဘွားဘွားဖန်း၊ နန့်ဇိုယာဖန်းနဲ့ စလုံ့ဖန်း ဆိုပြီး သားသမီး ၄ယောက် ထွန်းကားခဲ့ပါတယ်။

ပဒိုမန်းရှာလားဖန်းအနေနဲ့တော်လှန်ရေးထဲ စဝင်ကတည်းက နောက်ဆုံး ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူးချုပ်တာဝန်အထိ တာဝန်ယူခဲ့ရသလို စာရေးစာဖတ် ဝါသနာပါသူပီပီ ရေဆန်၊ တော်လှန်ရေးရဲဘော်တစ်ဦး၊ ဇိုယာဖန်း၊ ဆာလားကပေါ် စတဲ့ကလောင်နာမည်တွေနဲ့ တော်လှန်ရေး စာစောင်တွေမှာ ဆောင်းပါး၊ ကဗျာတွေရေးခဲ့ပါတယ်။

ပဒိုမန်းရှာလားဖန်းကို ဂုဏ်ပြုတဲ့အနေနဲ့ သူ တက္ကသိုလ်ကျောင်းသားဘဝ၊ ကရင်လူငယ် စချစ်ရွှေ ဘဝက ရေးခဲ့တဲ့ စာစုလေးနဲ့ ဂုဏ်ပြုပါရစေ။ ဒီစာလေးဟာ သူ့ပင်ကိုယ်စရိုက်၊ စိတ်နေသဘောထား၊ အမျိုးသားရေးခံယူချက်တို့ကို ထင်ဟပ်ပေါ်လွင်စေတယ် လို့ မှတ်ယူတဲ့အတွက် ဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။

ပဒိုမန်းရှာလားဖန်း တက္ကသိုလ် ကျောင်းသားဘဝတွင် ရေးသားခဲ့သော မှတ်တမ်းများထဲမှ စာစု “လူသည် လူ၏အကျိုးကို သယ်ပိုးတော့မည် ဆိုလျှင် မိမိအကျိုး ထိခိုက်နစ်နာရမြဲ ဖြစ်ပေသည်။ မိမိအကျိုးကိုသာ တွယ်တာသူ တစ်ယောက်ဆိုလျှင် သူတစ်ပါး၏ အကျိုးကို ထမ်းဆောင်ဖို့ ဆိုသည်မှာ အဓိပ္ပါယ် ကင်းလှချေသည်။

ကျနော်သည် ကမ္ဘာ့အဖိနှိပ်ခံလူသားအားလုံးကို ချစ်သည်။ သူတို့အား ချစ်သောစိတ်နှင့် သူတို့အကျိုးအတွက် ဘာမှ မယ်မယ်ရရ မလုပ်ရသေးမှီမှာပင် ကျနော့်ကိုယ်ကျိုးကို အထိုက်အလျောက် စွန့်ထားရပြီ ဖြစ်သည်။

ကျနော်သည် ကျနော့်ပညာ အရည်အချင်း အဆင့်အတန်းနှင့် အထက်လွှာသို့ ဝင်ဆန့်နိုင်ရန် မကြိုးစား။ ကျနော်သည် လူ့အလွှာ၏ အောက်ဆုံးအထစ်မှ ဆင်း၍ ကျနော်ချစ်သော ဆင်းရဲသားများနှင့်အတူ တိုးတက်သော လူ့ဘောင်သို့ လှမ်းတက် လာမည်သာ ဖြစ်သည်။

ကျနော့်အသိဉာဏ်ကို ကျနော်သည် ပဲလှော် နှင့် လုံးဝ မလဲစားနိုင်။ အိမ်ထောင်ရေးနှင့် ပတ်သက်လာလျှင် အယူအဆ လုံးဝဆန့်ကျင်ခြားနားသောသူနှင့် လုံးဝ လက်မတွဲနိုင်။ ကျနော်နှင့် လက်တွဲနိုင်မည့်သူသည် အနိမ့်ဆုံး ကျနော်ချစ်သော အမျိုးနှင့် အတန်းစားကို ချစ်ရမည်။ နားလည် သဘောပေါက်အောင်လည်း ကြိုးစားမည့် အလားအလာရှိသူ ဖြစ်ရပေမည်။

မေတ္တာကို ဘောင်ခတ်လိုသော်လည်း ဘောင်ခတ်သူ အဆင့်ဆင့်နှင့် တွေ့ရတော့လည်း ဘောင်လောကသို့ဝင်၍ ကိုယ့်ဘဝ အတွက် ဘောင်ခတ်ပေးရတော့မည်” ဖြစ်ပေတော့သည်။}

ပဒိုမန်းရှာလားဖန်း ဆိုတဲ့နာမည်မှာ အနောက်ပိုးကရင်လို “ရှာ “ဆိုတာ မြန်မာလို “ကြယ်”ဖြစ်သလို “လား”ကတော့ “လ”ဖြစ်ပြီး “ဖန်း”ကတော့ “လင်းလက်”တယ်လို့အဓိပ္ပါယ်ရပါတယ်။ ဆီလျော်သလိုဘာသာပြန်ရရင် “လင်းလက်တဲ့ ကြယ်လ”လို့ အဓိပ္ပါယ် ရပါတယ်။

“ပဒိုမန်းရှာလားဖန်း”ဟာ ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့ ညနေ ၄း၄၆နာရီအချိန်မှာ သေနတ်သမားနှစ်ဦးရဲ့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီး ကျဆုံးခဲ့သူဖြစ်ပါတယ်။

Most read this week

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ...