ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ဓမ္မသုခဘုန်းကြီးကျောင်းဝင်း၌ နှစ်စဉ် တပို့တွဲလပြည့် နံနက် ၄ နာရီ အချိန်တွင် မီးပူဇော်ပြုလုပ်သည့် နယ်လုံးကျွတ် ကရင်ရိုးရာ မီးပုံပွဲတော်ကြီးအကြောင်းကို ယခုနှစ် ပွဲကျင်း ပရေးကော်မတီ ဒုဥက္ကဌ စောလောရှည်အား ကေအိုင်စီ သတင်းထောက် စောရှားမှ တွေ့ဆုံမေးမြန်းထား သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ မီးပုံပွဲ ဖြစ်ပေါ်လာပုံသမိုင်းလေးကို သိပါရစေ။
ဖြေ။ ။ ဖြစ်ပေါ်လာပုံ သမိုင်းနဲ့ ပတ်သက်လို့ကတော့ အင်းဝခေတ်ဖြစ်တဲ့ မြန်မာသက္ကရာဇ် ၁၁၁၇ ကာလတုန်း ကပေါ့။ အင်းဝခေတ်တုန်းက ညောင်ရမ်းမင်းဆက်ဖြစ်တဲ့ မဟာဓမ္မရာဇာဓိပတိမင်း လက်ထက်မှာ အင်းဝကို သွားပြီး ဗုဒ္ဓကျမ်းဂန်တွေကို သင်ကြားဆည်းပူးခဲ့တဲ့ ကရင်အမျိုးသား ပုဂ္ဂိုလ်ကျော် ၄ ဦးရှိခဲ့တယ်။ တစ်ပါးက ကရင်သံဃာတော် ဖူ့တာမိုက်လို့ခေါ်တဲ့ ဆရာတော် (ဖူ့ကျာ်)နန္ဒမာလာ၊ နောက်ပြီး ဓူဝေသာသနာကို တည် ထောင်ပေးတဲ့ ဖူ့ဓူဝံနဲ့ တလဂုဏ်ဘာသာရေးဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဖူ့စွန်ယို့တို့ ဖြစ်ပါတယ်။ နောက်ဆုံး တစ်ဦးကတော့ နာမည်ထင်ရှားခြင်းမရှိတော့ပါဘူး။
ဖူ့တာမိုက်၊ ဖူ့ဓူဝံနဲ့ ဖူ့စွန်ယို့တို့ဟာ အင်းဝနေပြည်တော်ကနေ ပြန်လာပြီးနောက်မှာ ဖူ့တာမိုက်က ကျုံဒိုးရွာအနီး ဂျိုင်းဒေသမှာ သီတင်းသုံးပြီး အဲဒေသက ကရင်လူမျိုးတွေကို ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာအောင် စည်းရုံးသိမ်း သွင်းနိုင်ခဲ့တယ်။ ဖူ့ဓူဝံကတော့ ဇွဲကပင်တောင်ခြေအနီးတဝိုက်က ကရင်လူမျိုးတွေကို ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာ အောင် စည်းရုံးသိမ်းသွင်းပြီး ဓူဝေဂိုဏ်း(ဓူဝေသာသနာ)ကို တည်ထောင်ပေးခဲ့တယ်။ ဖူ့စွန်ယို့ကတော့ ဒေါနတောင်အရှေ့ဖက်၊ ထိုင်းနယ်စပ်မှာသီတင်းသုံးပြီး တရားဓမ္မနဲ့အညီ တလဂုဏ်(ရသေ့)ဂိုဏ်းကို တည် ထောင်ခဲ့ပါတယ်။ ရသေ့ကြီး ဖူ့စွန်ယို့က ဒီ မီးပုံပူဇော်ပွဲကိုဖြစ်ပေါ်လာအောင် စတင်ပြုလုပ်ပေးခဲ့တဲ့သူဖြစ် ပါတယ်။
မေး။ ။ ကျုံဒိုး မီးပုံပွဲကရော ဘယ်လို ဖြစ်တည်လာတာလဲ။
ဖြေ။ ။ ဖူ့စွန်ယို့က တလဂုဏ်ဂိုဏ်းကို တည်ထောင်ပြီး ၁၀ နှစ်အကြာမှာပဲ ပျံလွန်တော်မူ(ကွယ်လွန်)သွားတယ်။ ဖူ့စွန်ယို့မရှိတော့တဲ့နောက် ဂိုဏ်းချုပ်ရသေ့တွေ တစ်ပါးပြီးတစ်ပါး တလဂုဏ်ဂိုဏ်းကို ဆက်လက် ဦးဆောင် သာသနာပြုခဲ့တယ်။ ၅ ပါးမြောက် ရသေ့ဖြစ်တဲ့ ဖူ့သောကြာ လက်ထက်(မြန်မာသက္ကရာဇ် ၁၁၈၄ ခုနှစ် -ခရစ်နှစ် ၁၈၂၃ ခုနှစ်) ရောက်တော့ ဂျိုင်းရွာမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဖူ့တာမိုက်ဆီကို သွားခဲ့တယ်။ ဖူ့တာမိုက်က ဖူ့သောကြာကို ဂျိုင်းရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကျုံဒိုးမှာ သီတင်းသုံးစေပြီး အဲဒီက ကရင်လူမျိုးတွေကို တရားဓမ္မ ရှိလာအောင်၊ ဗုဒ္ဓဘာသာဝင်တွေဖြစ်လာအောင် တရားပြ၊ ဟောပြောဖို့ သြဝါဒပေး လမ်းညွှန်ခဲ့တယ်။ အဲဒီ ဖူ့သောကြာကနေ စတင်ဦးဆောင်ပြီးတော့ ဒီကျုံဒိုးမီးပုံပွဲလို့ခေါ်တဲ့ မီးပုံပူဇော်ပွဲကို ပြုလုပ်လာခဲ့တာ အခု ၁၉၃ ကြိမ်မြောက် ရှိခဲ့ပြီပေါ့။
မေး။ ။ မီးပုံပူဇော်ပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်လေးကို သိပါရစေ။
ဖြေ။ ။ အရင်တုန်းက ကရင်လူမျိုးတွေဟာ နတ်တွေကို ကိုးကွယ်တယ်။ သရဲတစ္ဆေတွေ ယုံကြည်မှု များတယ်။ အဲဒီမှာ ရသေ့ကြီး ဖူ့သောကြာက ဗုဒ္ဓတရားတော်တွေ ပညာရပ်တွေကို သိနားလည် တတ်မြောက်ထားတဲ့ အတွက် ကရင်လူမျိုးတွေရဲ့ တစ္ဆေယုံကြည်မှု၊ နတ်ကိုးကွယ်မှုတွေ၊ လွဲမှားနေတဲ့ အယူဝါဒတွေကို ပယ်ဖျက်၊ ပစ်ပယ်လိုက် ဆိုပြီး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာအောင် စည်းရုံးသိမ်းသွင်းခဲ့တယ်လေ။ သူ့ရဲ့ဟောပြောချက် ပေါ့နော်။ အဲဒီ ဒေသက ကရင်လူမျိုးတွေဟာ တဖြည်းဖြည်းနဲ့ ယုံကြည်သူများများလာပြီး ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ အများစု ဖြစ်လာခဲ့တယ်။ နောက်ပြီး နတ်တွေက ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဆံတော်ရှင်ကို ပင့်ဆောင်ပြီး နတ်ပြည်မှာ တည်ထားကိုးကွယ်တဲ့ စူဠာမဏိစေတီရှိတယ်။ အဲဒီစေတီကို ရည်မှန်းပြီး မီးပုံပွဲ(မီးပုံပူဇော်ပွဲ) ကျင်းပပေးရမယ်လို့ ဖူ့သောကြာရဲ့သြဝါဒလမ်းညွှန်ချက်အရ မီးပုံပွဲကျင်းပ လာတာ ဖြစ်ပါတယ်။
မေး။ ။ မီးပုံပွဲကို ဘယ်လိုလုပ်တာလဲ။ မီးပုံပွဲမှာ ပါဝင်တဲ့ ပစ္စည်းနဲ့ အဓိပ္ပါယ်တွေက ဘယ်လိုရှိနေပါသလဲ။
ဖြေ။ ။ အနယ်နယ်အရပ်ရပ်က တလဂုဏ်ဘာသာဝင်တွေဟာ မီးရှို့ပူဇော်ဖို့ မီးခုံတိုင်အတွက် ဝါးကို မယူဘဲ သက်ရင်း (သစ်အမျိုးအစား)တွေကို တောထဲမှာသွားခုတ်တယ်။ မိသားစုက ၅ ယောက်ဆို ၅ ချောင်း၊ ၁၀ ယောက်ဆို ၁၀ ချောင်းပေါ့။ မိသားစုအလိုက်ပေါ့။ သက်ရင်းကိုရွေးရတာက သူတို့က မွှေးတယ်။ အရင်က ဖယောင်းတိုင်မပေါ်သေးတော့ ဖယောင်းတိုင်သဘောအနေနဲ့သုံးတာပေါ့။ ခုတ်ပြီးရင် နနွင်း၊ နှမ်းဆီတွေနဲ့ သုတ်လိမ်း၊ အဲဒါပြီး ရှို့မယ့်နေရာမှာ စိုက်ထူပြီး စုပေါင်းမီးရှို့၊ မီးပူဇော်ကြတာပေါ့။ အရင်က မီးပုံ သေးသေးလေးပါပဲ။ တဖြည်းဖြည်း လူဦးရေများလာတော့ မီးပုံဟာလည်း ကြီးလာတာပေါ့။ အခုနှစ်ဆို ရွာပေါင်း ၁၂၀ ကျော်က လူတွေလာရောက် စုပေါင်းမီးပူဇော်ကြပါတယ်။
မီးပူဇော်ပြီးလောင်ကျွမ်းတဲ့အချိန်မှာလည်း ဦးဆောင်ကျင်းပတဲ့ ပုဂ္ဂိုလ်တွေရော၊ ပြည်သူတွေရောက မီးစွယ်ကို ကြည့်ပြီး နိမိတ်ဖတ်ကြတယ်။ အော် ဒီနှစ်မှာ စားနပ်ရိက္ခာ ရှားပါးမယ်။ ဒါမှမဟုတ် ပြည့်လျှံမယ်။ တိုင်းပြည် အေးချမ်းမယ်။ စစ်မက်ဖြစ်ပွားမယ်။ အစရှိသဖြင့်ပေါ့။
မေး။ ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောခဲ့ပေးပါ။
ဖြေ။ ။ ဘိုးဘွားတွေ ချန်ရစ်ထားခဲ့တဲ့ ရိုးရာလည်းဟုတ်တဲ့ အရာတွေကို ဦးတို့ ကော်မတီအဖွဲ့က ထိန်းသိမ်းလာခဲ့တာ ၁၉၃ ကြိမ်ရှိခဲ့ပါပြီ။ နောက်နောင်မှာလည်း ဘိုးဘွားတွေပြုလုပ်လာခဲ့တဲ့ ဒီမီးပုံပွဲတော်ကြီး မပျောက်ပျက်၊ မပြိုပျက်ရအောင် လူငယ်တွေအနေနဲ့ ဆက်လက် လက်ဆင့်ကမ်း ထိန်းသိမ်းပေးကြပါ။ ဦးတို့က လူ့သက်တမ်းမှာ ကြာကြာမနေနိုင်တော့ဘူးဖြစ်တဲ့အတွက် လူငယ်တွေက ဦးတို့ကို ဝိုင်းဝန်းကူညီပါ။ ဦးဆောင်တတ်တဲ့ လူငယ်တွေလည်း ဦးဆောင်သူနေရာမှာနေပေးကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်။
——————————————————————————————————————
ကျုံဒိုးမီးပုံပွဲ၏ ကရင်အယူအဆမှာ ကရင်စကားဖြင့် (ဍွဲအုဂ်ဒါန်.– ဒွဲအောင်ဒယောင်) ဖြစ်ပြီး မကောင်းသည့် အရာမှန်သမျှ ကျွတ်လွတ်စေချင်၍ အမွှေးနံ့သာများဖြင့် လာရောက် ဆုတောင်းကာ မီးရှို့ပူဇော်လိုက်ခြင်း ဖြစ်သည်ဟုလည်း ပွဲတော်ကျင်းပသူများက ပြောသည်။
ဒေသတစ်ခု၏ ဘိုးဘွားအမွေအနှစ်အဖြစ် ပြုလုပ်လာသည့် ယခု ၂၀၁၉ ခုနှစ်၊ ၁၉၃ ကြိမ်မြောက် မီးပုံပွဲသည် ကရင့်ရိုးရာ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးကို ပေါင်းစပ်ပြီး ကျင်းပသည့်ပွဲတော်တစ်ခုလည်းဖြစ်သည်။