“ထန်းသီးရောင်းတာက တစ်ရက်ကို ကျမ တစ်သောင်း(ကျပ်)လောက်တော့ ရတယ်။ ထန်းသီးတုံးတဲ့အထိဆိုရင်တော့ ကျမတို့ အတွက် တစ်သိန်း၊ နှစ်သိန်းလောက်တော့ ကျန်နေတာပေါ့။”လို့ ပြောသူက ထန်းသီးနုနုလေးတွေ ရောင်းနေတဲ့ ရိုးမဟာရွာသူ အသက် ၅၀အရွယ်ရှိ နန်းဖောင် (အမည်ရင်းမဟုတ်) ဖြစ်ပါတယ်။
ရိုးမဟာရွာလေးဟာ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ထဲက ကျုံဒိုး-ကော့ကရိတ်ဘက်သွား လမ်းမကြီးဘေးမှာ ရှိပါတယ်။ ရိုးမဟာ ရွာအလွန်မှာတော့ ဂျိုင်းမြစ်ကိုဖြတ်ပြီး ဆောက်လုပ်ထားတဲ့ ဂျိုင်းတံတားကြီးရှိပြီး ဒီတံတားကြီးကနေတဆင့် ကျုံဒိုး၊ ကော့က ရိတ်မြို့တွေကို သွားရောက်နိုင်တာကြောင့် ရွာသူရွာသားတွေဟာ လယ်လုပ်ငန်းတွေအပြင် အခုလို ရာသီစာ ဒေသထွက်တွေ ကို လမ်းမကြီးနံဘေး တဲလေထိုးပြီး ဈေးရောင်းရင်း ဝမ်းစာအရေး တစ်ဖက်တစ်လမ်းက ဝင်ငွေရှာနေကြတာလည်း ရှိပါတယ်။
အခြားဆိုင်တွေက ထန်းသီးနုနုလေးတွေနဲ့အတူ မနက်ခင်းမှာတက်ယူထားတဲ့ ပင်ကျထန်းရည်စစ်စစ်ကိုပါ တွဲရောင်းပေမယ့် နန်းဖောင်ကတော့ ထန်းသီးနုနဲ့ မုန့်ကွက်ကြော်၊ ကောက်ညှင်းထုပ်၊ ပြောင်းဖူးပြုတ်တွေပဲ တွဲရောင်းနေပါတယ်။ သူမအနားက ဆိုင်တွေလည်း ထန်းသီး၊ ထန်းရည်တို့အပြင် အလားတူ ခြံထွက် အာတာလွတ်ဥကို ပြုတ်ပြီး အခွံနွင်ပြီးသား တစ်ထုပ် ၅၀၀ ကျပ်နဲ့ကော၊ ဥအစိမ်းကို တစ်ထုပ် ကျပ် ၁၀၀၀နဲ့ပါ ရောင်းနေကြပါတယ်။
ခုမှ ထန်းတက်ချိန် အရှိန်ကောင်းဆဲမို့ ရိုးမဟာရွာအတွင်းအပြင်က ထန်းပင်တွေတင်မကဘဲ အခြားရွာတွေက ထန်းပင်တွေကိုပါ ပင်စား ပုတ်ပြတ်နဲ့ ယူထားရပါတယ်။ ဒါ့အပြင် ဒီထန်းသီးတွေကို တက်ခူးဖို့ လူငှားခရယ်၊ ခူးပြီးသား ထန်းသီးခိုင် အများကြီးကို သယ်ယူရမယ့် ကားခတွေကလည်း ကုန်ကျနေပါသေးတယ်။ ဒီအတွက် ထန်းသီးရောင်းသူတွေဟာ သိန်းနဲ့ချီ ငွေရင်းနှီးထားရ သလို သူတို့အတွက် ဝင်ငွေအမြတ်လည်း ကျန်ပါတယ်။
နန်းဖောင်က “ထန်းပင်တစ်ပင်ကို ၅၀၀၀နဲ့ လိုက်ယူထားရတာ။ ရွာနားက ထန်းတောလည်း ယူထားသူများတော့ ဟိုး ဘက်ရွာ က ထန်းပင်တွေကို သွားဝယ်ထားရတယ်။ နောက်ပြီး ထန်းသီးတက်ခုတ်ခနဲ့ သယ်ရတဲ့ ကားခကလည်း ရှိသေးတယ်။ ဒါတွေအ တွက်လည်း သိန်းဂဏန်းလောက် ငွေရင်းထားရတာပဲ။”လို့ ကရင်လို ပြောပါတယ်။
ဒီလို ဒေသခံ၊ ရွာခံတွေအတွက် ရာသီအလိုက် စီးပွားရေးကနေ ရလာတဲ့ ဝင်ငွေတွေကလည်း မိသားစုစရိတ်လေး ရသလို၊ သား သမီးတွေအတွက် ကျောင်းချိန် မုန့်ဖိုးဆိုလည်း မမှားပါဘူး။ ထန်းသီးရင့်သွားတဲ့အချိန်အထိဆို ရောင်းရငွေ စုစုပေါင်းက ၂သိန်း၊ ၃သိန်းလောက်တော့ ကျန်ပါတယ်လို့ ထန်းသီးနဲ့ ထန်းရည်ရောင်းသူတွေက ပြောပါတယ်။
သားသမီးတွေ အိမ်ထောင်ကျကုန်လို့ သူမအနားမှာ မကူပေးနိုင်ကြတော့ ဆယ်ကျော်သက်အရွယ် တူမလေးနဲ့အတူ သနပ်ခါး ပါးကွက်ကြားလေးနဲ့ အေးချမ်းတဲ့ မျက်နှာပိုင်ရှင် နန်းဖောင်ဟာ ထန်းခိုင်၊ ထန်းသီးတွေ၊ ခုတ်ပြီးသား ထန်းသီးအခွံပုံတွေကြားမှာ ဓားတစ်လက်နဲ့ ထန်းသီးကို တစ်မွှာချင်း ရလာအောင် ခုတ်ထစ်ပြီး ရေစိမ်နေပါတယ်။
ပြီးရင် ဆေးကြောသန့်စင်ထားတဲ့ ထန်းသီးနုနု အကြီးအသေး ၇မွှာကို ပလပ်စတစ်အကြည် တစ်ထုပ်ချင်းစီမှာ ထည့်၊ ရာဘာ ကွင်းနဲ့ချည်ပြီး တစ်ထုပ်ကို ကျပ် ၅၀၀၊ ငါးထုပ်ကို ကျပ် ၂၀၀၀နဲ့ ရောင်းနေပါတယ်။
“ထန်းရည်စစ်စစ်တွေဆိုရင် ထည့်ထားတဲ့ ဗူးက အဖုံးကို လုံး၀ ပိတ်ထားလို့မရဘူး။ မသိမသာလေး လှပ်ထားရတယ်။ သဘာ၀ ပင်ကျရည်မို့ အမြှုပ်စူထွက်လာလို့ စစ်မစစ်ကို အဲဒါကြည့်ရင် သိသာတယ်။ တချို့က ရောစပ်ထားတော့ တစ်ဗူးကို ၅၀၀နဲ့ ဗူးက လည်း အလုံပိတ်။ သောက်လိုက်ရင် ထန်းရည်အနံ့တော့ ရတယ်။ အရသာက လုံးဝကွာတယ်။”လို့ ထန်းရည်အစစ် သောက်သူ တွေကလည်း ခွဲခြားပြတတ်ပါတယ်။
ဒီလိုထန်းရည်တွေနဲ့အတူ ထန်းသီးနုတွေကို ဖားအံမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ကို ခြားထားတဲ့ ဂျိုင်းရွာနားက ဂျိုင်းတံတား ထိပ်မှာလည်း ရောင်းသူတွေက ဒုနဲ့ဒေးပါ။ သူတို့ကတော့ တဆင့်ခံ ပြန်ဝယ်ယူရောင်းချနေရတာမို့ ထန်းသီးအမွှာ ၄ခုသာပါတဲ့ တစ်ထုပ်ကို ငါးရာကျပ်နဲ့ သုံးထုပ်ကို ကျပ်တစ်ထောင် ထားပေးပါတယ်။
မြဝတီ-ဖားအံ၊ ကော့ကရိတ်-ဖားအံကို လွန်းထိုး သွားလာမောင်းနှင်နေတဲ့ ကားတန်းတွေထဲက ကားကြီးကားငယ် အသွယ်သွယ် ဟာ ဒီလိုဒေသခံတွေဆီက ရောင်းတဲ့ အရသာရှိတဲ့ ထန်းသီးနုနဲ့ ထန်းရည်စစ်စစ်လို ရာသီပေါ်အစာလေး ဝယ်ယူစားသောက်ရ တာ ပီတိလည်းဖြစ်၊ ဝမ်းလည်းပြည့်သလို မဝယ်ဖြစ်လိုက်တဲ့ ခရီးသည်တွေကလည်း ကားဖြတ်သွားချိန် ငေးမောရင်း ကျော်လွန် သွားကြပါတယ်။
ပင်စည်မြင့်မြင့် ထိပ်ဖျားမှာ အရွက်၊ အသီးတွေနဲ့ ဝေဆာနေတဲ့ ဒီထန်းပင်စုတွေကနေ ထန်းသီး၊ ထန်းရည်တွေအပြင် ထန်းပင် ကထုတ်တဲ့ ထန်းရည်ကို ကျိုချက် အအေးခံပြီး ထန်းလျက်ခဲ ထုတ်ရောင်းနိုင်သလို ကျိုထားတဲ့ ထန်းလျက်ရည်ကို အုန်းသီး၊ နှမ်းတို့နဲ့ ပြုလုပ်ထားတဲ့ နှမ်း/အုန်းထန်းလျက်သာမက ဇီးသီးအမှုန့်နဲ့ ရောပြွမ်းထားတဲ့ ဇီးထန်းလျက်ကိုလည်း ဖားအံမြို့က ဆိုင် တွေ၊ ထန်းတောတွေထဲက ထန်းလျက်ဆိုင်တွေမှာ တစ်ပိဿာ ၄၀၀၀ကျပ်နဲ့ လက်လီလက်ကား ရောင်းချနေကြပါတယ်။
ထန်းရည်၊ ထန်းသီးပေါတဲ့ ဒီဆောင်းဦးရာသီမှာ ကရင်ပြည်နယ်က ဒေသခံတွေဟာ တနိုင်တပိုင် စားဝတ်နေရေးအတွက် မိသား စုဝင်ငွေအဖြစ် ရောင်းချလေ့ရှိတဲ့အပြင် ထန်းပင်ထွက် အခြားစားကုန်တွေဖြစ်တဲ့ မှည့်ပြီး ထန်းသီးအစို့ပေါက်ကနေ ခွဲထုတ်ယူရ တဲ့ ထန်းသကျီသွေးနဲ့ ထန်းမျှစ်ပြုတ်တွေကိုလည်း ဆယ့်နှစ်ရာသီပတ်လုံးရဲ့ နောက်ပိုင်းလတွေမှာလည်း ဒေသခံတွေရဲ့ ထန်း ဈေးကွက်တစ်ခုအဖြစ် ဆက်လက် မြင်တွေ့ရအုံးမှာ ဖြစ်ပါတယ်။