ဒီနှစ် (၂၀၁၉)ခုနှစ်၊ နှစ်ဆန်းဟာ ယခင့် ယခင်နှစ်များထက် မင်္ဂလာရှိတဲ့ ဖားစည်သံနဲ့ ပဒိုး(ကျွဲချို) မှုတ်သံတွေ ဝေစည် နေတဲ့ နှစ်ဆန်းလို့ပြောရမယ် ထင်ပါတယ်။ ဘာလို့ ဒီလိုပြောရသလဲဆိုတော့ ဟိုးယခင်တုန်းက “ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်”ဆိုတာ ချုပ်ခြယ်မှုအမျိုးမျိုး၊ ကန့်သတ်မှုအဖုံဖုံနဲ့ ကျင်းပခဲ့ကြရတာ မဟုတ်လား။ ဒီနှစ်မှာတော့ ကရင်လူမျိုး အများစု နေထိုင်ကြတဲ့ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ အခြားနေရာဒေသတွေမှာ ကရင်သက္ကရာဇ် ၂၇၅၈ခုနှစ်၊ သလေးထိုင်ခုတ်ဖို၊ ပြာသိုလဆန်း (၁)ရက်နေ့ “ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်” စည်ကား သိုက်မြိုက်စွာ ကျင်းပကြပါတယ်။
ထူးခြားတာက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ တောင်စုကျေးရွာမှာ ကျင်းပတဲ့ “နှစ်သစ်ကူးပွဲတော်”ပါပဲ။ ထူးခြားတယ်လို့ ပြောရတဲ့အချက်က ဒီလိုပါ။ ယခင်ကဆိုရင် နှစ်သစ်ကူးပွဲတော်ကို အကန့် အသတ်တွေ၊ အတားအဆီးတွေကြားကနေ “ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီ (မဟာရန်ကုန်)”က နေ အစဉ်အလာမပျက် ဦးစီး ကျင်းပတာ မဟုတ်လား။
ဒီနှစ် နှစ်သစ်ကူးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင်အမျိုးသား စာပေနှင့်ယဉ်ကျေးမှု ဦးစီးကော်မတီတို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သဝဏ်လွှာပေးပို့တယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသကြီးဝန်ကြီးတွေ၊ ကရင်အမျိုးသားအစည်း အရုံး(KNU) ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ၊ သက်ဆိုင်ရာ စစ်တိုင်းမှူး စသဖြင့် တက်ရောက်လာကြတဲ့ ပွဲတော်ဖြစ်လို့ပါပဲ။
ဒီလိုကျင်းပလို့ထင်ပါရဲ့။ အစိုးရပိုင်သတင်းစာတွေမှာတော့ “ပြည်ထောင်စုအဆင့် ကရင်အမျိုးသားနှစ်သစ်ကူး ကောက်သစ်စား ပွဲတော်”လို့ ရေးသားထားတာလည်း ဖတ်ရပါတယ်။
ဒီလို စည်ကားသိုက်မြိုက်စွာ ကျင်းပခွင့်ရလာကြတဲ့ ကိစ္စဟာ မကောင်းဘူးလား။ ကောင်းပါတယ်။ ဒါပေမယ့် တစ်ဖက် မှာ ပျော်ပျော်ရွှင်ရွှင် စုံစုံညီညီ ကောက်သစ်စားပွဲတော် ကျင်းပနေပေမယ့် အခြားတစ်ဖက်မှာ၊ အခြားပြည်နယ်တွေမှာ၊ အခြား ဒေသတွေမှာ သေနတ်သံ၊ အမြောက်သံတွေ ဆူညံနေပြီး စစ်ဘေးရှောင်နေကြရတာ၊ သေကျေဒဏ်ရာရနေကြရတာမျိုးကတော့ ဘယ်လိုမှ မကောင်းနိုင်ပါဘူး။
အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာဆိုတဲ့ စကားလိုပေါ့၊ ကရင်က ကောက်သစ်စားပွဲတော်ကျင်းပနေတုန်း ကချင်၊ ရှမ်း၊ ပလောင်နဲ့ ရခိုင်က စစ်မက်ဘေးကနေ လွတ်ရာပြေးနေကြရတာမျိုး လုံးဝ မဖြစ်သင့်ပါဘူး။
ဒီအချက်ကနေ ဘာကို ပြဆိုနေသလဲ ဆိုတော့ တိုင်းရင်းသားလူမျိုးစုတစ်စု အေးချမ်းနေရုံ၊ ပျော်ရွှင်နေရုံနဲ့ လူမျိုးပေါင်း စုံ စုပေါင်းနေထိုင်တဲ့ ကျနော်တို့ တိုင်းပြည်တစ်ခုလုံး ပြည်သူတွေအားလုံး အေးချမ်းနေပြီး သာယာနေပြီ၊ ပျော်ရွှင်နေပြီလို့ မပြော နိုင်တဲ့ အချက်ပါပဲ။ ဒီကနေ တဆင့်တိုးပြောနိုင်တာက အဖိနှိပ်ခံနေရတဲ့ လူမျိုးပေါင်းစုံပြည်သူတွေ အားလုံး လွတ်မြောက်မှသာ အေးချမ်းမှသာ တစ်တိုင်းတစ်ပြည်လုံး လွတ်လပ်အေးချမ်းသာယာမယ်လို့ လက်တွေ့ကျကျ ပြောနိုင်မှာပါ။ ဒီလိုမဟုတ်ဘဲ သဝဏ်လွှာဖတ်၊ မိန့်ခွန်းပြော၊ ရိုးရာဝတ်စုံတူညီဝတ်၊ သီချင်းဆို၊ လက်ဝှေ့ထိုး၊ ဂျပ်ခုတ်ပြိုင်ပွဲကျင်းပတာလောက်နဲ့ပဲ အချိုကုန် နေမယ်ဆိုရင်တော့ ယခင်အုပ်စိုးသူတွေ လုပ်ခဲ့တဲ့ လမ်းရိုးဟောင်းကြီးဖြစ်တဲ့ သတင်းစာ၊ ရုပ်သံလိုင်းတွေကနေ မြင်ကောင်းရုံ၊ ကြားကောင်းရုံ ဝါဒဖြန့်တာ သက်သက်ပဲ ဖြစ်နေပါလိမ့်မယ်။
ဒါကြောင့် စစ်တပ်အနေနဲ့ အတိုက်အခိုက်တွေကို ဒေသနယ်ပယ် အကန့်အသတ်နဲ့တင် ကွက်ကြားရပ်စဲတာမျိုး မဟုတ်ဘဲ တစ်တိုင်းတစ်ပြည်လုံးရပ်စဲဖို့ လိုအပ်ပါတယ်။ ဒီလိုရပ်စဲတာဟာ အမြတ်ရဖို့ဆိုတဲ့ တွက်ကိန်းနဲ့ ဈေးတွက် တွက်ပြီး ဟိုတစ်ကွက်ဒီတကွက် ကွက်ပြီး ရပ်စဲနေလို့လည်း မဖြစ်ပါဘူး။ သဘောထားပျော့ပျောင်းတယ်၊ သဘောထားမှန်တယ်၊ သဘော ထား ပြည့်ဝတယ်၊ သဘောထားကြီးမားတယ်ဆိုတာကို တကယ်တမ်း ပြသလိုတယ်ဆိုရင် တစ်တိုင်းတစ်ပြည်လုံး၊ စစ်တိုင်း အားလုံးမှာ အတိုက်အခိုက်တွေ ရပ်စဲကြောင်း စစ်တပ်ဖက်က တည်ကြည်စွာနဲ့ ကြေညာဖို့ လိုအပ်ပါတယ်။
မျက်နှာစာတစ်ဖက်ကို အသာချိုထားပြီး အခြားမျက်နှာစာတစ်ဖက်မှာ ပစ်ခတ်နေတယ်ဆိုတာ သဘောထားမမှန်တဲ့ ဖော်ပြချက်မျိုးသာ ဖြစ်ပါလိမ့်မယ်။ ကိုယ်က သဘောထားကြီးကြီးနဲ့ တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာ ထားပါလျက်နဲ့ တဖက်က ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်လာတယ်ဆိုရင် လိုအပ်သလို လုပ်ဆောင်ကြပါ။
နှစ်သစ်ကူးပွဲတော်၊ ကောက်သစ်စားပွဲတော်တို့ဆိုတာ ပထဝီဒေသတိုင်းမှာ ရှိတဲ့ လူမျိုးတိုင်း မကင်းနိုင်တဲ့ သူ့ရိုးရာ သူ့ အစဉ်အလာနဲ့အညီ တည်ရှိနေတဲ့ ပွဲတော်တွေဖြစ်ပါတယ်။ ဘယ်လူမျိုးရဲ့ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေမှာမဆို ဆက်ခံတိုး ချဲ့သင့်တဲ့ အပိုင်းရှိသလို စွန့်ပယ်ထားပစ်ခဲ့ကြရမယ့် (ဥပမာ – ပါးရဲထိုးတာ၊ လည်ပင်းမှာကြေးကွင်းတွေစွပ်တာ စတဲ့) ဓလေ့ ဟောင်း၊ ထုံးဟောင်း၊ အစဉ်အလာဟောင်းတွေလည်းရှိတာပါပဲ။ ဒါမျိုးတွေကို ရဲရဲစွန့်ပယ်ကြဖို့ လိုပါတယ်။ ဒါ့အပြင် ခေတ်ကာ လနဲ့ လျော်ညီစွာ ရဲရဲ ဆန်းသစ် တီထွင်ကြဖို့လည်း လိုအပ်ပါတယ်။
ဥပမာတစ်ခုအနေနဲ့ ကရင်ရိုးရာ ကျားမ(သင်တိုင်း) ဝတ်စုံတွေကိုပဲကြည့်ပါ။ ခေတ်ကာလနဲ့ လျော်ညီစွာ ဘယ်လောက် ပြောင်းလဲ လှပဆန်းသစ်လာနေပါသလဲ။ ရိုးရာမပျက် အဆင်မပျက် ဒီဇိုင်းမဆန်း၊ အရောင်မသစ်ဘဲ တဆင်ထဲ တရောင်ထဲ သာခြယ်နေမယ်ဆိုရင် မျိုးဆက်သစ်ခေတ်လူငယ်တွေက လက်ခံပါ့မလား။ လက်ခံမယ် မထင်ပါဘူး။ ဒါ့ကြောင့် ကရင်ရိုးရာ ကျားမဝတ်စုံတွေ ဒီဇိုင်းအရောင်အဆင်း အသွင် လှပသစ်လွင်လာအောင် တီထွင်ကြသလို အတွေးအခေါ်နဲ့ အခြား (ဘာသာ စကား၊ စာပေ၊ ဂီတ စတဲ့) ယဉ်ကျေးမှုရေးရာတွေမှာ ခေတ်ကာလနဲ့ ကိုက်ညီအောင် ပြောင်းလဲဆန်းသစ် တီထွင်ကြဖို့ လိုအပ်ပါ တယ်။
တကယ်တော့ ဆတိုးအရှိန်နဲ့ မရပ်မနား တိုးတက်ပြောင်းလဲဆန်းသစ်နေတဲ့ ကုန်ထုတ်လုပ်မှုနည်းနာ၊ သိပ္ပံနဲ့ နည်း ပညာအသစ်တွေက နယ်ပယ်အားလုံးမှာရှိတဲ့ ကျနော်တို့ရဲ့ အစဉ်အလာ ရိုးရာယဉ်ကျေးမှုဆိုတာတွေထဲက အတော်များတဲ့ တချို့ကို ပြတိုက်ထဲ ပို့ပစ်နေတဲ့အချက်ကို သတိပြုမိဖို့ လိုအပ်ပါတယ်။ တချိန်က ကျွဲချိုနဲ့ ဝါးပုလွေနေရာမှာ ဆိုက်ဆိုဖုန်းတွေ၊ ထရန်းပက်တွေ၊ ကလဲရီနက်တွေက နေရာယူလာကြသလို၊ ဝါး၊ သံပတ္တလားနေရာကိုလည်း စန္ဒရားက သိမ်းပိုက်သွားခဲ့ပြီ မဟုတ်လား။
နောက်တစ်ချက်ကတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မိန့်ခွန်းထဲမှာ ထည့်သွင်းကိုးကား ပြောဆိုသွား တဲ့ “ပထမဆုံး ကရင်အမျိုးသား နှစ်သစ်ကူးနေ့မိန့်ခွန်း” ထဲက အချက်ကို ပြောချင်ပါတယ်။ ပထမဦးစွာ သူထည့်သွင်း ကိုးကား ပြောဆိုသွားတဲ့အချက်ကို ကောက်နုတ်ဖော်ပြပါ့မယ်။
– “ကျွနု်ပ်တို့သည် ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရင်း ညီညွတ်သော မြန်မာနိုင်ငံအဖြစ်သို့ ပါဝင် ဆောင်ရွက်ကြိုးပမ်းကြမည်။ ကျွနု်ပ်တို့ကရင်အမျိုးသားခေါင်းဆောင်များအနေဖြင့် ကိုယ်ကျိုးမဖက်ဘဲ လူမျိုးရေးနှင့် ဘာသာ ရေး အာဃာတအလျဉ်း ကင်းစင်သောစိတ်ထားဖြင့် တိုင်းပြည်နှင့် နိုင်ငံတော်အကျိုးစီးပွားကို ဆောင်ရွက်ကြမည်”
သမိုင်းအချက်အလက်အရဆိုရင် “ပထမဆုံး ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အသံလွှင့်မိန့်ခွန်း”ဟာ ၁၉၃၈ခုနှစ်၊ ဒီဇင် ဘာလ ၂၁ရက်နေ့ [ကရင်သက္ကရာဇ် ၂၆၇၈ – သလေးထိုင်ခုတ်ဖို၊ ပြာသလိုလဆန်း (၁)ရက်နေ့]က ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ပေါင်း ၈၁နှစ်ခန့် ဖြစ်ပါတယ်။ (၈၁ကြိမ်ရှိပြီဆိုတာ ဒီအသံလွှင့်မိန့်ခွန်း ပြောကြားတဲ့ ခုနှစ်ကနေ စတင်ရေတွက်တာပါ) ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက် ရက်ပိုင်းအတွင်းမှာဖြစ်ပါတယ်။ ပင်လုံစာချုပ်ထက်လည်း ၉နှစ်ခန့် စောပါတယ်။ အဲဒီ အသံလွှင့်မိန့်ခွန်းကို လက်မှတ်ရေးထိုးကြတဲ့သူတွေဟာ ကရင်အမျိုးသားတွေချည်း မဟုတ်ဘဲ ဦးလှဖေ (ပအိုဝ်း)လူမျိုးလည်း ပါဝင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေး မရသေးပါဘူး။ အင်္ဂလိပ်ကိုလိုနီလက်အောက်မှာပဲ ရှိပါသေးတယ်။ ဒါဟာ မြင် သာတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။
စည်းလုံးညီညွတ်မှုကို တည်ဆောက်တဲ့အခါမှာ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာ တန်း တူရေး၊ ဒီမိုကရေစီရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးတို့ဟာ အရေးကြီးပါတယ်။ ဒါတွေမရှိဘဲ၊ ဒါတွေမပါဘဲ ဘယ်လိုမှတည် ဆောက်လို့ မရနိုင်ပါဘူး။ လူမျိုးစုတစ်စုကို အပြင်းအထန် ထိုးစစ်ဆင်နေချိန်မှာ လူမျိုးစုတစ်စုကို အချိုသပ် မျက်နှာချိုသွေးနေ တယ်ဆိုတာ ကောက်ကျစ်တဲ့ ပရိယာယ်သာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုင်းခြား ခွဲခြားပြီး နိုင်ငံရေးအရ၊ စစ်ရေးအရ ထိုးစစ်ဆင် တာမျိုးကို ငါတို့ နယ်ငါတို့ ဒေသ၊ ငါတို့ပြည်နယ်မှာ ဖြစ်တာမှမဟုတ်ဘဲ ဆိုပြီး ကိုယ်နဲ့မဆိုင်သလို မျက်နှာလွှဲနေလို့ မဖြစ်ပါဘူး။ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူတိုင်းရဲ့အရေးကို လူမျိုးတိုင်း လူမျိုးတိုင်းက အလေးအနက်ထားပြီး ကိုယ့်အရေးကိုယ့်အရာလို စွဲမှတ်ခံယူပြီး လေးလေးနက်နက် ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
ကျက်သရေ မင်္ဂလာရှိတဲ့ ဖားစည်သံနဲ့ ပဒိုး(ကျွဲချို) မှုတ်သံတွေ၊ ရှမ်းအိုးစည်သံ၊ ဒိုးပတ်သံတွေ၊ လင်းကွင်းသံတွေ၊ ရွှေမောင်းသံ၊ ငွေမောင်းသံတွေနဲ့ တစ်တိုင်းတစ်ပြည်လုံး ဝေစည်ချိုမြပါစေ။ လူမျိုးပေါင်းစုံပြည်သူများရဲ့စွမ်းအားနဲ့ အရှည် တည်တံ့ခိုင်မြဲမယ့် ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်အောင်မြင်ပါစေကြောင်း ကရင်အမျိုးသားနှစ် သစ်ကူး အခါသမယမှာ လေးလေးနက်နက် ဆန္ဒပြုလိုက်ပါတယ်။
ကိုးကား
– ကရင့်ကြေးမုံ – ၂၇၅၁ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်
– (၇-၁-၂၀၁၉) မြန်မာ့အလင်း/ကြေးမုံသတင်းစာများ