“တု” ဆိုတဲ့ စကားလုံးကို မြန်မာအဘိဓာန်ထဲ ရှာကြည့်တော့ [ တု၊ ကြိ – ၁။ တူအောင်လုပ်သည်။ ၂။ ဖက်ပြိုင်သည်] လို့တွေ့ရပါတယ်။ ဆက်ပြီး “တုပ”ကို ရှာကြည့်ပြန်တော့ [တုပ၊ ကြိ – တူအောင်လုပ်သည်] လို့ တွေ့ရပါတယ်။
“အတုနဲ့ အစစ်” လို့ ဆိုလိုက်ရင် လူတိုင်းက “အတု” ဆိုတာ မကောင်းတာ၊ အပေါစား၊ အရည်အသွေး ခပ်ညံ့ညံ့လို့ အလိုအလျောက် သိနားနေကြပြီးဖြစ်တယ်။
အတုနဲ့ပတ်သက်လို့ သမိုင်းကြောင်းပေါ်မှာတင်ပြီး စဉ်းစားလိုက် ဖက်ဆစ်ဂျပန်တွေအုပ်စိုးစဉ် ၃နှစ်လောက်ကာလက ဖက်ဆစ်ဂျပန်တွေပေးတဲ့ “လွတ်လပ်ရေး” ဆိုတာ ဖျတ်ခနဲပေါ်လာပါတယ်။ သမိုင်းစာအုပ်တွေမှာ “ရွှေရည်စိမ် လွတ်လပ်ရေး” လို့ အဲဒီလွတ်လပ်ရေးရဲ့ အတုအယောင်သဘောကို သရုပ်ဖော်တာကို တွေ့ရမှာဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးတဲ့အခါကျတော့ “ပြည်ထောင်စုအတု”နဲ့ တည့်တည့်တိုးကြတော့တာပါပဲ။ တစ်ပြည်ထောင်စနစ် (Unitary)ကို ပြည်ထောင်စုလို့ လှည့်ဖြားခဲ့ကြတယ်။ နောက်တစ်ခုကတော့ ဗိုလ်နေဝင်းရဲ့ ၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ သမိုင်းဝင် မှတ်ချက်တစ်ခု ဖြစ်ပါတယ်။ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်” ဆိုတာပါပဲ။ နောက်ထပ်တစ်ခု ကတော့ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ “ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်” ဆိုတဲ့ “ဆိုရှယ်လစ်အတု” ပါပဲ။ “ဆိုရှယ်လစ်အတု” (ဝါ) မဆလခေတ်ကိုတော့ ကျနော်တို့ ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းခဲ့ကြတယ်မဟုတ်လား။ နောက်ဆုံးတစ်ခုကတော့ ယနေ့ စစ်အုပ်စုစိတ်ကြိုက် “၂၀၀၈ အခြေခံဥပဒေ”ကို ဖော်စပ်ထုတ်လုပ်ပေးတဲ့ ညောင်နှစ်ပင်ညီလာခံ ဆိုတဲ့ “အမျိုးသားညီလာခံ အတု” ပဲ ဖြစ်ပါတယ်။
ဒီတော့ အတုဆိုတာရဲ့ ပထမလက္ခဏာချက်က အစစ်အမှန်မဟုတ်ဘဲ၊ အပေါ်ယံ အသွင်အပြင်အရ အစစ်ကဲ့သို့ လုပ် ကြံဖန်တီးထားပြီး အစစ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် အကွက်ချ လှည့်စားလိမ်ညာမှုသာ ဖြစ်တယ်ဆိုတဲ့သဘောကို ကျနော်တို့ သမိုင်း လက်တွေ့၊ ဘဝဖြတ်သန်းမှု လက်တွေ့တွေထဲကနေ ကြည့်မြင်နိုင်ပါတယ်။ သိမြင်နိုင်ပါတယ်။
အတုနဲ့အစစ်ကို တိုက်ပွဲ၊ အချိန်ကာလနဲ့ စူးစမ်းလေ့လာမှုတွေနဲ့ အလွယ်တကူ ဖော်ထုတ်ဖွင့်ချနိုင်ပါတယ်။ တချို့အ တုတွေထဲ (နိုင်ငံရေး/စစ်ရေး/သပိတ်/ဆန္ဒပြမှု) တိုက်ပွဲတွေထဲမှာ သူတို့ရဲ့မူလအရောင် ပေါ်သွားတတ်တယ်။ တချို့က အချိန် ကာလတစ်ခုအတွင်းမှာ (ဖားလား/ငါးလားဆိုတဲ့) သူတို့ပကတိသရုပ် ပေါ်လာတယ်။ တချို့ကျတော့ (နည်းပညာ၊ အတတ် ပညာတွေရဲ့ အကူအညီတွေနဲ့) စူးစမ်းလေ့လာမှုနဲ့ ဖော်ထုတ် သိရှိနိုင်ပါတယ်။ ဒီတော့ အတုရဲ့ဒုတိယလက္ခဏာအချက်က ကြာရှည်ဖုံးကွယ်ထားနိုင်စွမ်း မရှိခြင်းဆိုတဲ့အချက် ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။
အတုရဲ့ ဒီသဘောနှစ်ခုက နိုင်ငံရေးနယ်ပယ်မှာတင် တသီးတခြား ကန့်သတ်တည်ရှိနေတာ မဟုတ်ပါဘူး။ စီးပွားရေးနဲ့ လူမှုဘဝနယ်ပယ်မျိုးစုံမှာလည်း ဒီသဘောနှင်နှင်ပါပဲ။ စီးပွားရေးမှာတော့ “ဆင်တူရိုးမှားအတုအပသတိပြုပါ” ဆိုတဲ့ သတိပေး ချက်ကို တွေ့နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဘုန်းကြီးတု၊ စစ်ဗိုလ်အတု၊ ရဲအတု၊ ဆရာဝန်အတု၊ ရမ်အတု စသဖြင့် အတုမျိုးစုံ ရှိပါ သေးတယ်။
အဲဒီ အတုတွေထဲမှာ ဆေးဝါးအတု၊ နို့မုန့်အတုနဲ့ ငွေစက္ကူအတုတွေအကြောင်းကို ကွက်ပြီး ပြောချင်ပါတယ်။ ဘာလို့ ဒီသုံးခုကိုပဲ ကွက်ပြောချက်သလဲဆိုတော့ ဒီအတုသုံးခုဟာ ပြည်သူလူထုနေ့စဉ်ဘဝကို တိုက်ရိုက်အကျဆုံး ထိခိုက်နစ်နာမှုကို အကြီးမားဆုံး ပေးနိုင်လို့ပါပဲ။
ဒီကနေ့ ကျနော်တို့ လူမျိုးပေါင်းစုံပြည်သူလူထု အများတကာ့ အများစုကြီးဟာ ဆင်းရဲမွဲတေနေတာပါ။ ဥစ္စာဓနတင် ဆင်းရဲတာ မဟုတ်ဘူး၊ အသိပညာဗဟုသုတပါ ခေါင်းပါးနေရတဲ့ ဘဝပါ။ အဲဒီဆင်းရဲမွဲတေမှု နွံအိုင်ထဲကို ပြည်သူလူထုက သူတို့ကိုယ်တိုင် ပျော်ပျော်ကြီး ဆင်းခဲ့ကြတာ မဟုတ်သလို၊ မိုက်လုံးကြီးကြီးနဲ့ တွင်းတူးပြီး ဆင်းသွားကြတာမျိုးလည်း မဟုတ်ပါ ဘူး။ အဆက်ဆက်သော အုပ်စိုးသူတွေက တွန်းချခဲ့တာပါ။ ဥစ္စာဓနနဲ့ အသိပညာ ဆင်းရဲမွဲတေသူတွေရဲ့ဘဝဟာ အလုံးစုံ လုံခြုံမှုကင်းမဲ့နေတဲ့ ဘဝသာလျှင် ဖြစ်ပါတယ်။ ဖြားယောင်းသိမ်းသွင်းမှု အပါအဝင် အန္တရာယ်မျိုးစုံရဲ့ စက်ကွင်းထဲ သားကောင် အဖြစ် အချိန်မရွေး ကျရောက်နေရတဲ့ ဘဝမျိုးလည်း ဖြစ်ပါတယ်။
ပြန်ဆက်ရရင် ဆေးဝါးအတုကို ပထမကြည့်ပါ။ နေမကောင်းဖြစ်ပြီဆိုတာနဲ့ ရောဂါ အကြီးအသေး၊ အပြင်းအထန် အပေါ် မူတည်ပြီး ဆေးဝါးကုသစရိတ်က မိုးထိအောင် ကြီးမားနေတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ ဒီအခါမှာ “မရှိဝမ်းစာ – ရှိတန်ဆာ” ဆိုတဲ့ စကားလို၊ မရှိ ရှိတာ ပေါင်နှံရောင်းချ ချေးငှားကြပြီး အသက်ကို ကယ်တင်ကုသကြရပါတယ်။
ဒီလို မရှိမဲ့ ရှိမဲ့ ပေါင်နှံရောင်းချလို့ရတဲ့ ငွေစကြေးစနဲ့ ဝယ်လို့ရတဲ့ဆေးဝါးက အတုဖြစ်နေတဲ့အခါ လူနာရော၊ လူနာရှင် မိသားစုပါ ရင်ကွဲပက်လက် ဖြစ်ရမယ် မဟုတ်ပါလား။ လူနာက မွေးကင်းစ သို့မဟုတ် သက်ကြီးရွယ်အိုဖြစ်နေတဲ့ ဒီဆေးဝါးအတု ကြောင့် ချက်ချင်း သေဆုံးသွားနိုင်သလို၊ ထာဝစဉ် မစွမ်းမသန်ဖြစ်သွားနိုင်တဲ့ အလားအလာတွေလည်း များစွာ ရှိနိုင်တယ် မဟုတ်ပါလား။
အလားတူပါပဲ။ ဆင်းရဲတဲ့မိခင်က မွေးတဲ့ကလေးဟာ မိခင်ကိုယ်၌က အာဟာရချို့တဲ့လို့ဖြစ်စေ၊ ရောဂါခံရှိလို့ဖြစ်စေ နို့ မတိုက်နိုင်လို့ နို့မှုန့်ဝယ်တိုက်တဲ့အခါ နို့မှုန့်အတုဖြစ်နေရင် မခက်ပါလား။ ထိုနည်းတူပါပဲ အခြားသော သားငါးအစာအစာတွေ၊ အသီးအရွက်တွေ၊ အသီးအနှံတွေမှာ တာရှည်ခံအောင် တားမြစ်ထားတဲ့ ဓာတုဆိုးဆေးတွေ ဆေးရည်တွေ စိမ်ပြီး၊ ဖျန်းပြီး ရောင်းချနေတာတွေကလည်း ဒွေးရောဥပဒ်ပါ ဝင်စေတဲ့ အတုပြုလုပ်မှုတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ဈေးပေါပေါနဲ့များများရလို့၊ တွက်ချေကိုက်လို့၊ ကျန်းမာရေး စတဲ့ ဗဟုသုတနည်းပါးရှာတဲ့ ဆင်းရဲတဲ့ပြည်သူတွေ စားသုံးမိတဲ့အခါ တစ်ပူပေါ် တစ်ပူဆင့် မြွေပူရာကင်းမှောင့်သလို မဖြစ်ပေဘူးလား။ ဒါကြောင့် ဆေးဝါး၊ နို့မှုန့်နဲ့ အခြားအစားအစာတွေကို အတုပြုလုပ်တာ၊ တာရှည်ခံ အောင် တားမြစ်ဓာတုဆေးဝါးတွေ၊ ဆိုးဆေးတွေ သုံးစွဲတာတွေကို လူသတ်မှုကဲ့သို့ အလေးထားပြီး ပြုလုပ်သူတွေကို ထိထိမိမိ အရေးယူ အပြစ်ပေးဖို့ လိုအပ်ပါတယ်။ ဒါဟာ အမြတ်ဆိုတဲ့ လောဘအမှောင်တိုက်နေတဲ့ ဘယ်သူသေသေ ငတေမာဖို့ဆိုတဲ့ စိတ်ယုတ်မာနဲ့ ကျဉ်းမြောင်းမိုက်မဲစွာလုပ်ကြတဲ့ လုပ်ရပ်တွေသာဖြစ်လို့ အတုပြုလုပ်သူတွေ၊ အတုဖြန့်ဖြူးရောင်းချသူတွေကို ပြတ်ပြတ်သားသား၊ ထိထိရောက်ရောက် အပြစ်ပေး အရေးယူရမှာပါ။
နောက်တစ်ခုကတော့ နိုင်ငံတွင်းလှည့်လည်သုံးစွဲနေတဲ့ ကျပ်ငွေစက္ကူအတု ပြုလုပ်မှုပါ။ ဒါလည်း ယုတ်မာမှုပါပဲ။ (မဆလ)ခေတ်မှာ ဗိုလ်နေဝင်းစစ်အုပ်စုက တရားဝင် သုံးစွဲနေတဲ့ ငွေတွေကို တရားမဝင်ကြောင်း ကြေညာပြီး ဖျက်သိမ်းမှုတွေ အလီလီ လုပ်ခဲ့ဖူးပါတယ်။ ဘယ်သူတွေထိခိုက်သလဲ။ အောက်ခြေဆင်းရဲသား နင်းပြားတွေနဲ့ ဝန်ထမ်းတွေပဲ ထိခိုက်ခံစားခဲ့ရ တာပါ။ ဒီလို ယုတ်မာမှုတွေက “၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး” ပေါက်ကွဲပေါ်ထွက်လာဖို့အတွက် ရေခံမြေခံတွေ ဖြစ်ခဲ့ပါ တယ်။ ပြည်သူလူထုရဲ့ သည်းခံနိုင်စွမ်းကို ထိုးဖောက်ပစ်တဲ့ လုပ်ရပ်တွေလည်းဖြစ်ပါတယ်။ ဒီလုပ်ရပ်ရဲ့အနှစ်သာရဟာ နိုင်ငံ တော်အစိုးရက ပြည်သူလူထုလက်ဝယ်မှာရှိတဲ့ ငွေတွေကို လုယက်ဖျက်ဆီးမှုသာ ဖြစ်ပါတယ်။
အခုလက်တွေ့ ဖြစ်ရပ်ကတော့ စင်္ကာပူမှာ အလုပ်သွားလုပ်ရာကနေ ပြန်လာတဲ့ နော်သောသွဲ့ထူး ဆိုတဲ့ အမျိုးသမီး ငယ်ဆီကနေ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုတွေ သိမ်းဆည်းရမိတာဖြစ်ပါတယ်။ မီဒီယာသတင်းဖော်ပြချက်တွေအရ တော့ စင်္ကာပူက အလုပ်ရှင်ကနေ လဲလှယ်ပေးလိုက်တဲ့ ငွေတွေလို့ဆိုပါတယ်။ ဒီလို ငွေစက္ကူအတုတွေ လက်ဝယ်တွေ့ရှိမှုနဲ့ နော်သောသွဲ့ထူးကို ဒိုက်ဦးမြို့မ ရဲစခန်းက (ပ) ၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ /၁၀၆ နဲ့ အမှုဖွင့်ပြီး အရေးယူခံထားရပါတယ်။
ဒီဖြစ်စဉ်မှာ မြင်နိုင်တာက “မိအေးနှစ်ခါနာ” ဆိုတဲ့စကားအတိုင်းပါပဲ။ တကယ့်နစ်နာနေရသူဟာ နော်သောသွဲ့ထူးသာ ဖြစ်ပါတယ်။ပထမနစ်နာမှုက မိမိလုပ်အားနဲ့ရင်းပြီး ရရှိလာတဲ့ လုပ်ခလစာငွေဟာ ငွေစက္ကူအတုတွေဖြစ်နေတဲ့ အချက်။
ဒုတိယနစ်နာမှုက ဒီအတုတွေ (သိသည်ဖြစ်ဖြစ်/မသိသည်ဖြစ်ဖြစ်) လက်ဝယ်ကိုင်ဆိုင်မှု/တွေ့ရှိမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဒီတော့ ပြည်သူလူထုရဲ့ လက်ဝယ်မှာ မိမိ (ကာယ+ ဉာဏ) လုပ်အားနဲ့ရင်းပြီး ရရှိထားတဲ့ ငွေကြေး ငွေစက္ကူတွေဟာ လုံခြုံစိတ်ချမှုရှိဖို့ သိပ်အရေးကြီးပါတယ်။ (မဆလ) အုပ်စိုးသူတွေ လုယက်ခဲ့သလို တရားမဝင်ငွေ ကြေညာတဲ့ လုယက်ဖျက်ဆီး မှုနဲ့ မသမာသူတွေရဲ့ အတုအပ ပြုလုပ်မှုတွေကြောင့် အဖက်ဖက်က နစ်နာဆုံးရှုံးရတာမျိုး လုံးဝမဖြစ်သင့်ပါဘူး။ ပြီးတော့ တစ် သောင်းတန် ငွေစက္ကူတစ်ရွက်ဆိုတာ သာမန်ပြည်သူလူထုအဖို့ အင်မတန်ကြီးမားတဲ့ ပမာဏဖြစ်ပါတယ်။ တနည်းနည်းနဲ့ လက် ဝယ်ရောက်ရှိလာတဲ့ ဒီငွေစက္ကူဟာ အတုဖြစ်နေပြီဆိုရင် ဒီမိသားစုအတွက် ဘယ်လောက်ထိခိုက်နစ်နာမလဲ တွက်ကြည့်ပါ။ ကျပ် ၁၂၀၀ ကနေ ၂၀၀၀ ဝန်းကျင်အထိ ရှိတတ်တဲ့ ဆန်ဆိုရင် ၈ပြည် သို့မဟုတ် ၅ပြည်လောက်တော့ ရနိုင်ပါလိမ့်မယ်။
ဒါတွေဟာ ပြည်သူလူထုအပေါ် “အတုတွေ” ကပေးတဲ့ ဒုက္ခတွေထဲက နမူနာမျှပါပဲ။
ဒါကြောင့် ပြည်သူတွေဟာ နိုင်ငံရေးဘက်မှာ “ဒီမိုကရေစီအတု၊ ဖက်ဒရယ်တု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတုတွေ”ကို သတိ ပြုမိကြဖို့ လိုသလို နေ့စဉ်လူမှုဘဝထဲမှာလည်း ငွေစက္ကူအတု၊ ဆေးဝါးအတုနဲ့ စားသောက်ဖွယ်ရာအတုတွေ ဘေးကနေ ကင်း စင်ဝေးဖို့ လိုအပ်ပါတယ်။
“အတု”တွေရဲ့ ဆိုးကျိုးတချို့ကို တင်ပြခဲ့ပါပြီ။ ဆန့်ကျင်ဘက်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ လောကကြီးမှာ “အတု” မကောင်းကြောင်း တဖက်သတ်ပြောလို့ မဖြစ်ပါဘူး။ ကောင်းတဲ့အတုတွေ ရှိပါသေးတယ်။ ဥပမာ – ခြေတု – လက်တု – သွေးတု လို အကျိုးပြုတဲ့ အတုတွေပေါ့။ နောက်တစ်ခုက သင်ယူမှုအပိုင်းက အတုယူမှုတွေပေါ့။ ဆရာမင်းသုဝဏ်က ကဗျာစပ်ချင်သူ တွေကို နည်းပေး လမ်းပြ လုပ်ခဲ့တဲ့ လမ်းညွန်လေးရှိတယ် မဟုတ်လား။ “စု – တု – ပြု” ဆိုတာလေ။ ဒီလို အတုယူမှု၊ အတုမြင် အတတ်သင်မှုတွေကတော့ ကောင်းသောတုပမှုတွေသာ ဖြစ်ပါတယ်။ အခု နည်းပညာနယ်ပယ်မှာ ရေပန်းစား တွင်ကျယ်လာ နေတဲ့ ဉာဏ်တု Artificial intelligence (AI) ဆိုတာကရော လူသားတွေအတွက် ဘယ်လိုကောင်းကျိုး/ ဆိုးပြစ်တွေ သယ် ဆောင်လာအုံးမလဲ မသိသေးပါဘူး။
ဒါကြောင့် ဘယ်လို “အတု” ပဲဖြစ်ပါစေ သမိုင်းရဲ့ အလင်းရောင်ထဲမှာ၊ “လက်တွေ့” ဆိုတဲ့ တစ်လောကလုံးဆိုင်ရာ အမှန် တရား ရဲ့ အလင်းရောင်ထဲမှာ၊ ဆင်ခြင်တုံတရားရဲ့ အလင်းရောင်ထဲမှာ၊ သိပ္ပံပညာစမ်းသပ်မှုဆိုတဲ့ အလင်းရောင်ထဲမှာ အခိုင်အမာ စူးစမ်း လေ့လာပြီး အကဲဖြတ်ကြရမှာပဲ မဟုတ်ပါလား။