သမိုင်းအစဉ်အလာကောင်းများ ရှိခဲ့ဖူးသည့် ကရင်မျိုးနွယ်စုဝင်များ၏ စာပေ၊ စကားနှင့် ရိုးရာယဉ်ကျေးမှု ရေစီးကြောင်းသည် နိုင်ငံ့အရေးအရာများအောက်တွင် ပြည်တွင်း၌ ဆယ်စုနှစ်များစွာ အရှိန်တန့်သွားသည်။ သို့သော် ၂၀၁ဝပြည့်နှစ်နောက်ပိုင်း ပြောင်းလဲလာခဲ့သည့် နိုင်ငံရေး အခင်းအကျင်းများနှင့်အတူ တဖန်ပြန်လည် သက်ဝင်လှုပ်ရှားမှု သိသိသာသာ ရှိလာခဲ့သည်။
ထိုသို့ စာပေ၊ စကား၊ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းစဉ်များကို သမိုင်းတစ်လျှောက် အရေးကြီးသည့်ကဏ္ဍမှ ဦးဆောင်ခဲ့သူများမှာ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများ ဖြစ် သည်။ တချို့သော မြို့နယ်များ၏ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများကို ပြန်ကြည့်လျှင် နှစ် ၅ဝကျော် ရပ်တည်လာခဲ့ကြ သော်လည်း အများစုမှာ လွန်ခဲ့သည့် ၂၀၁ဝပြည့်နှစ်နောက်ပိုင်းမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင်မူ ယခင် ဦးသိန်းစိန် USDP အစိုးရလက်ထက် ကရင့်ရေးရာဝန်ကြီးများက အစပျိုး လုပ်ဆောင်ခဲ့ပြီး လက်ရှိ NLD အစိုးရလက်ထက် ကရင့်ရေးရာဝန်ကြီးများက အရှိန်အဟုန်ဖြင့် ခိုင်မာစွာ စနစ်တကျ ထပ်မံ ဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ အောက်တိုဘာ ၁၉ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄မြို့နယ်တွင် တိုင်း ဒေသကြီး၏ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌလည်းဖြစ်၊ ကရင့်ရေးရာဝန်ကြီးလည်းဖြစ်သူ နော်ပန်းသဥ္ဇာမျိုးက ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီရုံးများ တည်ဆောက်ရန် အစိုးရဘတ်ဂျက်များထဲက မတည် ငွေများ ပေးအပ်ခဲ့သည်။
ယင်းသို့ အစိုးရဘတ်ဂျက် ရင်းနှီးမတည်မှုများကြောင့် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ကိုယ်ပိုင်ရုံးများ ပေါ်ပေါက်လာ တော့မည်မှာ ကောင်းသောလက္ခဏာ ဖြစ်သည်။ အလားတူ ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီအနေဖြင့် ကရင်အမျိုးသား သမိုင်းပြုစုရေး၊ ကရင်-ဗမာ-အင်္ဂလိပ် အဘိဓါန်ပြုစုရေး လုပ်ငန်းစဉ်များ စတင်လုပ်ဆောင် လာသည်ကိုလည်း တွေ့ရသည်။
တည်တံ့စွာ ထိန်းသိမ်းသွားရမည့် မည်သည့်လုပ်ဆောင်မှုမျိုးမဆို လူကြီးလူငယ် ကျား/မ မရွေး ပါဝင်သင့်သော်လည်း ကရင်စာ/ ယဉ်ကော်မတီအချို့၏ ဖွဲ့စည်းမှုအပိုင်းတွင် အားလုံး ပါဝင်မှုမှာ အားနည်းနေသေးသည်။ ထို့အပြင် ကရင်စာပေကျွမ်းကျင်သူများ ပါဝင်မှု နည်းပါးနေသလို ကော်မတီ၏ ကိုယ်ပိုင်ရပ်တည်မှု၊ လွတ်လပ်စွာ အကောင်အထည်ဖော်ဆောင်မှုနှင့် ရန်ပုံငွေအပိုင်းမှာ လည်း လိုအပ်နေသေးသည်။ တိုင်းဒေသကြီးတချို့တွင် ကာလသက်တမ်းတစ်ခု၌သာ ပါဝင်လုပ်ဆောင်ပေးနိုင်သည့် ကရင့်ရေး ရာဝန်ကြီးများက စာ/ယဉ်ဆိုင်ရာ လှုပ်ရှားမှုများကို ဦးဆောင်နေကြသော်လည်း ရေရှည်တွင်မူ မိမိတို့ ကရင်လူထု၊ လူမှုအသိုင်း အဝိုင်း၏ ပံ့ပိုးဝန်းရံမှုသည်သာ အဓိကကျကြောင်း ရှုမြင်မိသည်။
ထို့အတွက် ကရင်စာပေ၊ ယဉ်ကျေးမှု မပျောက်ပျက်စေရေး၊ တိုးတက်ထွန်းကားစေရေးနှင့် မျိုးဆက်သစ် လူငယ်/ရင်သွေးများ၏ နှလုံးအိမ်ထဲတွင် ထာဝစဉ် ရှင်သန်သွားနိုင်ရေးတို့အတွက် သမာသမတ်ကျပြီး အရည်အချင်းရှိသော လူ့စွမ်းအားအရင်းအမြစ် များ လိုအပ်နေပေသည်။ ၎င်းလိုအပ်ချက်များ ရှိပြီဆိုပါက အခြားလိုအပ်သည့် ရန်ပုံငွေရှာဖွေရေးကဏ္ဍမှာလည်း ကြီးမားသည့် ခက်ခဲမှု မရှိနိုင်ပေ။
စိမ်းလန်းသော မြက်ခင်းပြင်တစ်ခုအတွက် သန်မာသော မြက်ပင်များစွာ စုစည်းပေါက်နေရမည်ဖြစ်သလို ခိုင်မာသော အိမ်တစ် ဆောင် ဆောက်လုပ်နိုင်ရန် အုတ်ချပ်၊ သဲပွင့်များစွာ စုပေါင်းပါဝင်ကြရမည်ဖြစ်သည်။ ထို့ကြောင့် နည်းပညာခေတ်တွင် မွေးဖွား ကြီးပြင်းလာကြသည့် ကရင်လူငယ်မောင်မယ်များအနေဖြင့်လည်း ဒေသစွဲ၊ အယူအဆစွဲ၊ မျိုးနွယ်စုစွဲ၊ အလွှာစွဲများဖြင့် သံသယ များ မထားရှိကြဘဲ မိမိတို့၏ ဓလေ့ရိုးရာ၊ စာပေ၊ စကား၊ ယဉ်ကျေးမှုများကို မွေးရာပါ သမိုင်းပေးတာဝန်အဖြစ် ထိန်းသိမ်းထားရှိ သွားရန် တောရော၊ မြို့ပါမကျန် ခေတ်ကာလနှင့်လျော်ညီစွာ ညီညာဖျဖျ လုပ်ဆောင်ရမည် ဖြစ်ပေသည်။