“လူတွေ မော်တော်ကား စီးနေသ၍ ရော်ဘာ ခေတ်မကုန်နိုင်သေးပါဘူး”-- မွန်ပြည်နယ် ရော်ဘာ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်နှင့် တွေ့ဆုံခြင်း

“လူတွေ မော်တော်ကား စီးနေသ၍ ရော်ဘာ ခေတ်မကုန်နိုင်သေးပါဘူး”-- မွန်ပြည်နယ် ရော်ဘာ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်နှင့် တွေ့ဆုံခြင်း
by -
လျှမ်းထက်
မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်
မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်

ပြည်နယ်အတွင်း ရော်ဘာ စိုက်တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲ၊ အခြေအနေ၊ စိန်ခေါ်မှုအပြင် ရော်ဘာ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များနှင့် ရော်ဘာ စီးတီး စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ပါက ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်နှင့် တွေ့ဆုံ မေးမြန်းမှုများကို ဟင်္သာမီဒီယာက ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ ရော်ဘာ ကဏ္ဍဖွံ့ဖြိုးရေးအတွက် အစိုးရအဖွဲ့က ဦးဆောင်ပြီး ရော်ဘာ စီးတီး စီမံကိန်း တစ်ခုကို အကောင်အထည် ဖော်ဖို့ လုပ်နေတာ တွေ့ရတယ်၊ ဒီအပေါ်မှာ ဘယ်လို မြင်လဲ။

နိုင်ကျန်ရစ်။ ။ ကျွန်တော်က အဲဒီစီမံကိန်းကို အကြမ်းဖျင်းပဲ သိရသေးတယ်၊ အစိုးရက ဒီမှာ ရင်းနှီးမြှုပ်ချင်တဲ့သူတွေကို မြေကြီးငှားဖို့ ရှိတယ်၊ တစ်နှစ်ကို ဘယ်လောက်နဲ့ပေါ့၊ ပြီးတော့ ရော်ဘာနဲ့ ပတ်သက်တဲ့ လုပ်ငန်း မှန်သမျှကို အဲဒီမှာ စုဆောင်းပြီးတော့ မြေဧရိယာ ၃၆၀ ဧက အပေါ်မှာ လုပ်ဖို့ ရှိတယ်၊ အဲဒီအတွက် ဘယ်လိုတွေ ငှားရမ်းပြီး လုပ်ကိုင်ကြမလဲဆိုတာ မသိသေးဘူး၊

ဟင်္သာမီဒီယာ။ ။ ဒီစီမံကိန်းကြီး အကောင်အထည် ဖော်နိုင်ခဲ့မယ်ဆိုရင် မွန်ပြည်နယ်ရဲ့ ရော်ဘာ ကဏ္ဍဟာ ဘယ်လိုတွေ ဖြစ်လာမလဲလို့ သုံးသပ်မိလဲ။

နိုင်ကျန်ရစ်။ ။ အခုက ကျွန်တော့်တို့မှာက ရော်ဘာအစေးခြစ်ပြီး ကုန်ကြမ်းရောင်းနေရတဲ့ အဆင့်ပေါ့၊ ဒီစီမံကိန်းကြီးသာ အကောင်အထည် ဖော်ဖြစ်မယ်ဆိုရင် အရည်အသွေး မြင့် စက်ရုံတွေ ဖြစ်လာမယ်၊ နောက်ပြီး ကျွန်တော်တို့ အနေနဲ့ ကုန်ကြမ်းကို သိပ်ပြီး လုပ်စရာ မလိုဘဲ အစေးအရည် ရောင်းတာနဲ့ ငွေကိုလည်း မြန်မြန်ရမယ်၊ အဲဒီမျှော်မှန်းချက်နဲ့ ဒီစီမံကိန်းကို ကြိုဆိုပါတယ်။

ဟင်္သာမီဒီယာ။ ။ လက်ရှိ အခြေအနေအရ မွန်ပြည်နယ်ရဲ့ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုက ဘာတွေ ရှိနေလဲ။

နိုင်ကျန်ရစ်။ ။ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးဖို့အတွက်ကတော့ စိန်ခေါ်မှုက အများကြီးပဲ၊ အဓိက ဈေးနှုန်းပေါ့၊ ဈေးနှုန်းကတော့ ဒေါ်လာဈေးတက်တယ်၊ ရွှေဈေးတက်တယ်၊ ရေနံဈေးတက်တယ်၊ စားကုန်တွေ ဈေးတက်တယ်၊ အားလုံးက ဈေးတက်နေတယ်၊ ဒါပေမယ့် ရော်ဘာဈေးက မတက်ဘူးဗျာ၊ အဓိကကတော့ ရော်ဘာလုပ်ငန်းရှင်တွေကို တရုတ်ကိုပဲ အားထားနေရတယ်၊ တရုတ်ဈေးကွက်ကို ရောင်းနေရတယ်၊ တရုတ်ကလည်း ကျွန်တော်တို့ ခပ်ညံ့ညံ့တွေ ထုတ်တော့ ခပ်ညံ့ညံ့ ဈေးပဲ ပေးတယ်၊ ဈေးကောင်းမရဘူးလားဆိုတော့ ရတဲ့ လူရှိတယ်၊ ရတဲ့လူက တရုတ် ဈေးကွက် မဟုတ်ဘူး၊ ဂျပန်ဈေးကွက်တို့ စင်ကာပူဈေးကွက်တို့ ရထားတဲ့ သူတွေ ရှိတယ်။

အဲလိုလူတွေက ဘယ်လို လူမျိုးလဲဆိုတော့ ဧကများများနဲ့ သူတို့ လက်ခံ နိုင်တဲ့ အဆင့်မြင့် ရော်ဘာ ကုန်ကြမ်းတွေကို ထုတ်ပေးနိုင်တယ်၊ ကျွန်တော်တို့ တောင်သူအများဆုံးက အဲဈေးကွက်ထဲကို မဝင်နိုင်ဘူး၊ ဒီတော့ ကျွန်တော်တို့ တတွေက ဒီအတိုင်းပဲ ဆက်ခံနေမလားပေါ့၊ ဒီအတွက် အဆင့်မြင့် ရော်ဘာတွေ ထုတ်ပါ၊ ထုတ်ဖို့အတွက် စက်ရုံ တည်ထောင်ပါ၊ ဆာလဖျူရစ် အက်စစ် အစား ဖော်မစ် အက်စစ်ကို သုံးပါ၊ အစိုးရကလည်း စက်ရုံ တည်ထောင်ဖို့ အားလုံး မဟုတ်ရင်တောင် လိုအပ်တဲ့ ချေးငွေတွေကို တတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီနေတယ်၊ ဒီနှစ်မှာတော့ အဆင့်မြင့် ရော်ဘာထုတ်နိုင်တဲ့ စက်ရုံ တစ်ရုံတော့ လည်နိုင်ပြီ။

ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုက လွယ်လွယ်နဲ့ ပိုက်ဆံရဖို့က တောင်သူအများစု ဖြစ်နေတယ်၊ အဲဒီတော့ အဆင့်မြင့် ရော်ဘာ ဖြစ်လာဖို့က အနည်းဆုံး ရက် ၂၀ ၊ တစ်လ လောက် ကြာတယ်၊ သူတို့က အချိန်ကြာကြီး မစောင့်နိုင်ဘုူး၊ လွယ်လွယ်နဲ့ ပိုက်ဆံ ရမယ့် နည်းပဲ သုံးနေတော့ ကျွန်တော်တို့ ဈေးအနှိမ် ခံရတယ်၊ အခုနက ပြောတဲ့ ရော်ဘာစီးတီးကြီး ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ကုန်ကြမ်းတွေက အစေးကိုပဲ သွင်းလို့ ရလာမယ်၊ အဲဒီတော့ ရော်ဘာ တောင်သူ အသေးစားတွေအတွက်လည်း အကျိုးရှိမယ်လို့ မျှော်မှန်းပါတယ်။

ဟင်္သာမီဒီယာ။ ။ လတ်တလော ရော်ဘာ ကဏ္ဍဖွံ့ဖြိုးရေးအတွက် အစိုးရရဲ့ ကူညီပေးမှု အခြေအနေက ဘယ်လို ရှိနေလဲ။

နိုင်ကျန်ရစ်။ ။ အခု တက်လာတဲ့ အစိုးရဟာ ကျွန်တော်တို့ ရော်ဘာ တောင်သူတွေအတွက် စဉ်းစားပေးတဲ့ အနေအထား ရှိတယ်၊ နောက်ပြီး အစိုးရရဲ့ စီးပွားရေး မူဝါဒထဲမှာလည်း ရော်ဘာ ဖွံ့ဖြိုးရေးကို ထည့်သွင်းထားတယ်၊ ပြီးတော့ ရော်ဘာ ကဏ္ဍဖွံ့ဖြိုးရေး ကော်မတီကိုလည်း ဖွဲ့စည်းထားတယ်၊ ကော်မတီက ရော်ဘာကဏ္ဍမှာ ဘာတွေ လိုအပ်နေလဲဆိုတာ စောင့်ကြည့်နေတာ တွေ့ရတယ်၊ ဒါ့အပြင် လုပ်ငန်း ကော်မတီ တစ်ခုကိုလည်း ဖွဲ့စည်းထားတယ်၊ ဒီကော်မတီကလည်း ရော်ဘာ ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆာလဖျူရစ် အက်စစ်ကို မသုံးပါနဲ့ ဖောမစ်အက်စစ်ကို သုံးပါလို့ တိုက်တွန်းတယ်၊ ဒီအတွက် ဖောမစ် အက်စစ် ဘယ်လို ရမလဲ၊ ဈေးသက်သက်သာသာနဲ့ပေါ့၊

နောက်ပြီး တောင်သူတွေကလည်း ဖောမစ်အက်စစ် သုံးချင်လာအောင် ဘယ်လို လုပ်မလဲ ပညာပေးဖို့အတွက်ရောပေါ့၊ အစိုးရကတော့ ရော်ဘာ ကဏ္ဍဖွံ့ဖြိုးရေးအတွက် စိတ်ဝင်တစား လုပ်နေတယ်၊ ရော်ဘာအသင်းနဲ့လည်း ပူးပေါင်းပါတယ်၊ ရော်ဘာကဏ္ဍနဲ့ ပတ်သက်တဲ့ ဌာနဆိုင်တွေနဲ့ စုပေါင်းပြီး ရော်ဘာကဏ္ဍ လုပ်ငန်းအဖွဲ့လည်း ဖွဲ့ထားတယ်၊ အဲဒီတော့ ရော်ဘာစီးတီး ဖြစ်လာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ ဝင်လာမယ်ဆိုရင် ကျွန်တော်တို့အတွက် အကျိုးရှိလာမယ်။

ဟင်္သာမီဒီယာ။ ။ လက်ရှိမှာ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အစိုးရရဲ့ အားပေးမှုအပေါ်မှာ အားရကျေနပ်မှု ရှိနေပြီးလာ။

နိုင်ကျန်ရစ်။ ။ ပထမက သုညပေါ့၊ အဲကနေ အခုက တစ် လောက် ဖြစ်နေတော့ ကျွန်တော်တို့ အတွက် အကျိုးရှိပါတယ်၊ လူတိုင်းကတော့ ၁၀၀ ရာခိုင်နှုန်း ရဖို့ မျှော်မှန်းကြတယ်၊ ဒါပေမယ့် မရနိုင်ပေမယ့် ရသလောက်တော့ ကျေနပ်ပါတယ်။

ဟင်္သာမီဒီယာ။ ။ နောက်တစ်ခုက ပြည်နယ်အတွင်းမှာ ရော်ဘာ လုပ်ငန်းရှင် အများစုက ရပ်နားထားရတဲ့ အပေါ်မှာ ဘယ်လို မြင်လဲ။

နိုင်ကျန်ရစ်။ ။ အဲဒီအတွက်လည်း ကျွန်တော်တို့ နည်းလမ်းရှာနေပါတယ်၊ အထူးသဖြင့် တခြား တိုင်းနဲ့ ပြည်နယ်က လာတဲ့ သူတွေ အများစုက ရော်ဘာပင်ကို အခုမှ မြင်ဖူးတယ်၊ ရော်ဘာအစေးလှီးမယ်ဆိုတော့ လုံးဝ မတတ်တဲ့ သူကို ခန့်ထားရတယ်၊ အစေးလှီးမယ်ဆိုတော့ ရော်ဘာအပင်နာတာပေါ့၊ အဲဒီလူတွေကို ရော်ဘာအပင် မနာအောင် ကျွန်တော်တို့ တောင်သူတွေလည်း အဆင်ပြေအောင် အစေးလှီးသင်တန်းတွေ ပေးတယ်၊ နောက်ပြီး အဆင့်မြင့် အစေးလှီးသင်တန်းကို မုဒုံ သင်တန်းကျောင်းမှာ အခါအားလျော်စွာ တစ်နှစ်မှာ သုံး ကြိမ်လောက် ဖွင့်တယ်၊ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းလောက်တော့ ကိုယ်လက်ထဲ မရောက်လာဘူး၊ သမင်မွေးရင်း ကျားစားရင်းပေါ့၊ ကျွန်တော်တို့ မွေးထုတ်လိုက်တယ်၊ ဒီထက်ကောင်းတဲ့ နေရာပေါ်လာတော့ ပြောင်းသွားတယ်။

ဟင်္သာမီဒီယာ။ ။ အဲလို အခြေအနေကြောင့် မွန်ပြည်နယ်မှာ ရော်ဘာ ဧက ဘယ်လောက်တောင် ရပ်ထား၊နားထားရလဲ။

နိုင်ကျန်ရစ်။ ။ ကျွန်တော်တို့ အကြမ်းဖျင်း ပြောလို့ ရှိရင် ရော်ဘာ စိုက်ဧက ၅ သိန်းလောက် ရှိတယ်၊ ၅ သိန်းမှာ ၄ သိန်းလောက်က အစေးလှီးနေတဲ့ ခြံတွေပေါ့၊ ကျန်တဲ့ အစေးမလှီးတဲ့ သက်တမ်းမပြည့်လို့ ၁ သိန်းလောက် ကျန်နေတယ်၊ ဒီ ၄ သိန်းထဲမှာပဲ၊ ၁ သိန်းလောက်က မလှီးပဲ ရပ်ထားရတယ်၊ ကျွန်တော့် ခြံဆိုရင် အလုပ်သမားမရှိလို့ ဒီနှစ်နဲ့ဆိုရင် ၅ နှစ်ပေါ့၊ ရပ်ထားရတယ်၊ ရရာ အလုပ်သမားကိုလည်း မအပ်ရဲဘူး၊ အပ်တော့ အပ်ဖူးတယ်၊ သူတို့ လုပ်တာက အပင်ကို သတ်နေသလို ဖြစ်နေတယ်၊ ဒီအတွက် ကျွန်တော်တို့လည်း တော်တော်လေး အခက်အခဲ ရှိတယ်၊ အဲဒီရောဂါကို ဘယ်လို ကုရမလဲ မသိဘူး၊ ဒါပေမယ့် လာတဲ့ သူတွေကို အစေးလှီးသင်တန်းတွေ ပေးပြီးတော့ ခိုင်းနေရတယ်။

ဟင်္သာမီဒီယာ။ ။ အဓိကက ရော်ဘာ ကဏ္ဍဖွံ့ဖြိုးဖို့ အလုပ်သမား ရှားပါးမှုနဲ့ ကျွမ်းကျင် အလုပ်သမား ပြဿနာကို ရင်ဆိုင်နေရတော့ ဒီပြဿနာ ဖြေရှင်းဖို့ ဘယ်လို လုပ်သင့်လဲ။

နိုင်ကျန်ရစ်။ ။ အဓိကကတော့ အလုပ်သမားအများစု ထိုင်းနိုင်ငံကို သွားနေကြတယ်၊ ကျွန်တော်တို့ဆီမှာ ရတဲ့ တစ်ရက် လုပ်အားခနဲ့ သူတို့ဆီမှာ ရတဲ့ တစ်ရက် လုပ်အားခ တူရင်တော့ သူတို့ မြန်မာပြည်ကို ပြန်လာကြမှာပါ၊ အဲလို ဖြစ်လာအောင် မလုပ်နိုင်သေးဘူး၊ ဒါပေမယ့် စီးပွားရေး ဖွံ့ဖြိုးပြီး ငွေကြေး တန်ဖိုး တက်လာရင်တော့ ကျွန်တော်တို့ သွားပါဆိုတာတောင် သူတို့ သွားမှာ မဟုတ်ဘူး။

ဟင်္သာမီဒီယာ။ ။ အဲဒီတော့ ကျွမ်းကျင် လုပ်သားတွေ ပေါ်ထွက်လာဖို့ ဘာတွေ လုပ်သင့်လဲ။

နိုင်ကျန်ရစ်။ ။ ကျွမ်းကျင် လုပ်သားတွေ ပေါ်ထွက်လာဖို့ စိုက်ပျိုးရေးက သင်တန်းတွေ ပေးနေတယ်၊ အဲဒါက ရိုးရိုးလေး စဉ်းစားပြီးတော့ ကုတဲ့ ထုံးပေါ့၊ ခုနက ကျွန်တော်တို့ ပြောသလို ထွက်သွားတဲ့ သူတွေ ပြန်ဝင်လာဖို့က အဓိကလေ၊ ပြန်ဝင်လာဖို့က ကျွန်တော်တို့ မလုပ်နိုင်သေးဘူး။

ဟင်္သာမီဒီယာ။ ။ နောက်တစ်ခုက ရော်ဘာ ကိုင်းဆက်မျိုးဟာ သာမန် အရိုင်းမျိုးထက်စာရင် သုံးဆလေက် အစေးပို ထွက်နေတယ်၊ ဒီတော့ ရော်ဘာ ကိုင်းဆက်မျိုးတွေ စိုက်ပျိုးကြဖို့ ဘယ်လိုတွေ လုပ်ဆောင်နေလဲ။

နိုင်ကျန်ရစ်။ ။ ရော်ဘာကဏ္ဍဖွံ့ဖြိုးဖို့အတွက်ဆို ကျွန်တော်တို့က နှစ် မျိုး လုပ်ရတယ်၊ တစ်မျိုးက ကျွန်တော်တို့ အထွက်နှုန်း ကောင်းအောင် ဘယ်လို လုပ်မလဲ၊ ဒုတိယ တစ်မျိုးက ထွက်လာတဲ့ ရော်ဘာတွေကို နိုင်ငံတကာက သတ်မှတ်တဲ့ ဈေးနှုန်းအတိုင်း ရဖို့ ဘယ်လို လုပ်မလဲ၊ ဒီနှစ်လမ်းပဲ စဉ်းစားနေတယ်၊ ပြည်နယ် ဝန်ကြီးချုပ်က ဒုတိယ လမ်းစဉ်ကို အကောင်အထည် ဖော်နေတယ်၊ ပထမ လမ်းစဉ်ဖြစ်တဲ့ အထွက်တိုးဖို့ ပင်အိ်ု ပင်ဟောင်းတွေ ခေတ်မမီတော့တဲ့ ဟာတွေကို ဖယ်ရှားပစ်ရမယ်၊ ဖယ်ရှားပြီးတော့ အထွက်နှုန်းကောင်းတဲ့ ဟာတွေကို ပြန်စိုက်ရမယ်၊

အဲဒီတော့ သူများ နိုင်ငံမှာ လုပ်သလို ကျွန်တော်တို့ မလုပ်နိုင်သေးဘူး၊ ထိုင်းနိုင်ငံမှာဆိုရင် လွယ်လွယ်လေးပဲ၊ ပြန်စိုက်မယ့် အပင်တွေကို အစိုးရက ထောက်ပံ့တယ်၊ အပင်ကို အလကားပေးတယ်၊ သွင်းအားစုတွေ လုပ်အားခတွေ အလကားပေးတယ်၊ နောက်ပြီး ၈ နှစ် ပြည့်တော့ ရော်ဘာပင်ကို သွင်းအားစုအနေနဲ့ ပြန်စိုက်ရတဲ့ သဘော အဓိပ္ပာယ်က ရော်ဘာကို ပြန်စိုက်တဲ့ နေရာမှာ တောင်သူက ဘာမှ သိပ်ပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူး။ ကျွန်တော်တို့ဆီမှာ အဲဒီအတွက် ဘယ်သူမှ မပံ့ပိုးနိုင်သေးဘူး၊ ကိုယ့်မှာ ရှိရင် ကိုယ်လုပ်ကြတယ်၊ အခု ကျွန်တော်တို့မှာ အခက်အခဲ တစ်ခု ကြုံနေတယ်၊ ရော်ဘာ ဈေးမတက်လို့ အပင်ကို ခုတ်လှဲပြီး ရောင်းနေကြတယ်၊ အဲဒါကိုလည်း ဘယ်လို တားဆီးရမလဲ။

ဟင်္သာမီဒီယာ။ ။ နောက်ဆုံးအနေနဲ့ ရော်ဘာကဏ္ဍကြီး တစ်ခုလုံး ဖွံ့ဖြိုးရေးအတွက် ဘာတွေ လုပ်သင့်လဲ။

နိုင်ကျန်ရစ်။ ။ ကျွန်တော် ပြောချင်တာက ရော်ဘာ လောကသား တော်တော်များများက ရော်ဘာကို စိတ်ကုန်နေကြတယ်၊ စိတ်ကုန်နေတော့လည်း ပစ်လိုက်လို့လည်း မဖြစ်သေးဘူး၊ အဲဒီတော့ အပင်တွေ ပြောင်းလဲ စိုက်ပျိုးဖို့ကလည်း မလုပ်နိုင်သေးဘူး၊ အဆင့်မြင့် ရော်ဘာပြားထုတ်မယ့်ဟာကလည်း မလုပ်နိုင်သေးဘူး၊ အဲဒါကလည်း ၁၀၀ ရာခိုင်နှုန်း မအောင်မြင်နိုင်သေးဘူး၊ နောက်ဆုံး အကြံပြုချင်တာက လူတွေ မော်တော်ကား စီးနေသ၍ ရော်ဘာ ခေတ်မကုန်နိုင်သေးပါဘူး၊ အဲဒီတော့ ရော်ဘာကို စိတ်ပျက်ပြီးတော့ အပင်ကို မလှဲ လိုက်ပါနဲ့ ဆက်ပြီး တောင့်ခံထားပါ၊ တစ်ချိန်ချိန်မှာတော့ ပြန်တက်လာပါလိမ့်မယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...