ပြည်တွင်းရှိ အစိုးရ အခြေခံပညာကျောင်းများ၌ လွန်ခဲ့သည့် သုံးလေးနှစ်မှစ၍ နှစ်စဉ် ကျောင်းဖွင့်ရာသီတွင် ကရင်စာသင်ကြား ရေးနှင့် ပတ်သက်၍ အားတက်သရော သတင်းများ ထွက်ပေါ်လေ့ရှိသကဲ့သို့ ကျောင်းဖွင့်ခါနီးရောက်တိုင်း ကရင်စာသင်ကြား မည့် ဆရာ၊ဆရာမများကို ဆိုင်ရာဒေသရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများက မွမ်းမံသင်တန်းပေးခြင်း၊ သင်ကြားရေး လိုအပ်ချက်များကို ပညာရေးဌာနများနှင့် ညှိနှိုင်းလုပ်ဆောင်ခြင်းများ ရှိခဲ့သည်။
မြန်မာပြည်၌ ကရင်စာသင်ကြားမှုသမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် တစ်ခေတ်တစ်ချိန်က ရွှေထီးဆောင်းခဲ့သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကိုလိုနီခေတ် ၁၉၁၂ခုနှစ်တွင် ကရင်တိုင်းရင်းသားဘာသာကျောင်းများတွင် ကရင်စာကို ၄တန်းအထိ သင်ကြားခွင့်ရခဲ့သည်။ ၁၉၂၄ခုနှစ်တွင်မူ ရတန်းအထိ သင်ယူနိုင်ခဲ့လို ၁၉၂၆ခုနှစ်တွင် ၁ဝတန်းထိ ကရင်စာသင်ကျောင်းများရှိခဲ့ ပြီး ၁၉၃၆ခုနှစ်တွင်မူ တစ်ပြည်လုံးရှိ ကရင်ကျောင်းသူကျောင်းသားများသည် ၁ဝတန်းအထိ ကရင်ဘာသာဖြင့် စာမေးပွဲဖြေဆိုခဲ့ ရသည်။ ထိုအကျိုးဆက်ကြောင့် ကရင်စာပေကို ယနေ့ထိ မိမိတို့ မြင်တွေ့နေရခြင်း ဖြစ်သည်။
သို့သော် စာသင်ကျောင်းများတွင် ကရင်စာ သင်ကြားပို့ချပေးခြင်းကြောင့် မိမိတို့၏ကလေးများ တခြားဘာသာရပ် သင်ခန်းစာ များအပေါ် အာရုံစိုက်မှု အားနည်းသွားမည်ဟု စိုးရိမ်သည့် မိဘနှင့် ဆရာအချို့ရှိနေကြသလို တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် ဗမာ စာတစ်ခု တတ်မြောက်ရုံနှင့်လည်း ပြီးပြည့်စုံပါပြီဟု နားလည်လက်ခံထားကြသူ မိဘများကို အပြစ်မဆိုလိုသော်လည်း ယင်းမှာ အပြည့်အဝ မှန်ကန်ခြင်းမဟုတ်သည်ကို ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ချိန်ထိုးစဉ်းစားတတ်စေလိုသည်။
ကမ္ဘာတွင် လက်ရှိ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံများဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့ဆိုလျှင် မိခင်ဘာသာစကားဖြင့်သာ ဝိဇ္ဇာ၊ သိပ္ပံ ပညာရပ်များကို ပညာရေးဆုံးခန်းတိုင်ထိ သင်ကြားအောင်မြင်ကာ ဘာသာပြန်ဆော့ဝဲလ် များဖြင့် ကမ္ဘာပတ် သွားလာလှုပ်ရှားနေသည်ကို လေ့လာရင်း သတိပြုသွားသင့်သည်။ မျက်မှောက် နည်းပညာခေတ်ကြီးတွင် အဆင့်မြင့်နည်းပညာရပ်များ နေ့စဉ် တိုးတက်ပြောင်းလဲနေသည်ကို အမှီလိုက်ကာ သင်ယူနိုင်မှသာ ခေတ်နှင့် ရင်ဘောင်တန်း နိုင်မည့်သဘော ရှိနေသည်။ ထို့အတွက် တိုင်းရင်းဘာသာသင်ကြားမှုသည် အဟန့်အတားဖြစ်စေသည်ဟု တစ်ထစ်ချ မှတ်ယူ၍ မရသလို သင်ကြားရေးနည်းစနစ်နှင့် သင်ရိုးညွှန်းတမ်းများသည်သာ အဓိက အရေးကြီးဆုံး ဖြစ်နေပေသည်။
အစိုးရ၏ အခြေခံပညာကျောင်းများ၌ ကရင်စာသင်ကြားရေး အခြေအနေမှာ ပုံမှန် ကျောင်းသင်ခန်းစာ၊ သင်ရိုးညွှန်းတမ်းများ ထက် မိမိတို့စာပေကို သိရှိနိုင်ရေး အခြေခံအပေါ် ဖြည့်စွက်ဘာသာရပ်တစ်ခုအဖြစ်သာ သင်ကြားစေခြင်း ဖြစ်သည်။ ထို့အတွက် “ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ” ဆိုသကဲ့သို့ မိမိတို့စာပေကိုလည်း ပြန်လည်လေ့လာထိန်းသိမ်းပြီး ကျောင်းတိုင်းတွင် အထောက်အကူပြုသည့် သင်ရိုးညွန်းတမ်းတစ်ခုရှိမည်ဆိုလျှင် ပညာရေးစနစ်ကို ပံ့ပိုးပေးရာရောက်သည်။ ထို့အတွက် ကရင်စာ ကို ကျောင်းများတွင် အဖြစ်သဘော သင်ယူနေခြင်း၊ ပွင့်လင်းမြင်သာသည့် စီမံခန့်ခွဲမှု မရှိခြင်း၊ အရည်အချင်းထက် အရေအ တွက်ကိုသာ ဦးစားပေး စဉ်းစားလုပ်ဆောင်ခြင်း မဖြစ်ရလေအောင် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်တွေ့ကျကျ၊ စနစ်တ ကျ အောက်ခြေမှစ၍ လုပ်ဆောင်ရတော့မည်ဖြစ်သည်။
လူမျိုးတစ်မျိုးဟူသည် စာပေ၊ စကား၊ ယဉ်ကျေးမှု၊ အနုသုခုမများဖြင့် ဖွဲ့စည်းထားပြီး ယင်းလက္ခဏာရပ်များ ကင်းမဲ့ပျောက်ကွယ် သွားမည်ဆိုလျှင် လူမျိုးလည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။ မြေမြို၍ လူမျိုးမပျောက်၊ လူမြို၍သာ လူမျိုးပျောက်နိုင်သည့် ဆို ရိုးစကား ရှိသော်ငြား ယခုအခြေအနေမှာ လူမျိုးတစ်မျိုး၏ အင်္ဂါရပ်များ တစ်စစီ ပျောက်ကွယ်သွားမည့်အရေး ဖြစ်လာနေသည်။ ယင်းသို့ လူမျိုးမပျောက်ရေးအတွက် မိမိတို့လူမျိုးလက္ခဏာ အင်္ဂါရပ်များကို ထိန်းသိမ်းရင်း လူမျိုးအလိုက်၏ သမိုင်းပေးတာဝန် စာပေထိန်းသိမ်းမြှင့်တင်မှုကို ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်အောင် သင်ကြားနိုင်ရေးအတွက် ဒေသအသီးသီးရှိ ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီများ၊ ကရင့်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပညာ ရေးကဏ္ဍတွင် ကျွမ်းကျင်သူပညာရှင်များ ပူးပေါင်းကာ ဟန်ချက်ညီစွာ စုပေါင်းလုပ်ဆောင်သွားကြရန် တိုက်တွန်းလိုပါသည်။