စက်တင်ဘာလ ၈ ရက်မှ ၁၁ ရက်နေ့အထိ ပြုလုပ်သည့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း(NCA-s EAO) ၁ဝ ဖွဲ့၏တတိယအကြိမ်မြောက်ထိပ်သီးဆွေးနွေးပွဲ၌ ၎င်းတို့၏ဆွေးနွေးချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအတွက်ဆုံးဖြတ်ချက်များအပေါ် ညီလာခံ၏ပြောခွင့်ရ ပူးဇင်ကျုံးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး- NCA-s EAOရဲ့တတိယအကြိမ်မြောက်ထိပ်သီးဆွေးနွေးပွဲရဲ့၄ရက်တာဆွေးနွေးမှုကနေဘာတွေရှေ့ဆက်လုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့တာမျိုးရှိလဲ။
ဖြေ - ကျနော်တို့လုပ်တဲ့ထိပ်သီးဆွေးနွေးပွဲကနေPPST(ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့)ရဲ့စုဖွဲ့မှုကိုပြန်လည်ပြီးတော့မှသုံးသပ်တာတွေရှိတယ်။ PPSTကိုနဂိုမူလတုန်းက NCA လက်မှတ်ရေးထိုးထားတဲ့၈ဖွဲ့နဲ့လက်မှတ်ပြန်ထိုးတဲ့နှစ်ဖွဲ့ပေါင်း PPST+2 ဆိုပြီးကျနော်တို့၁ဝဦးနဲ့ဖွဲ့စည်းပါတယ်။နောက်ပြီးတော့ PPSTအဖွဲ့ကိုအထောက်အကူပြုဖို့အလုပ်အဖွဲ့(Working Team)ကိုလည်းနဂိုမူလအတိုင်းပြန်ဖွဲ့ထားပါတယ်။ဒါပေမဲ့ဖွဲ့ပုံဖွဲ့နည်းက PPST+2 ဆိုပြီး၁ဝဦးဖွဲ့စည်းထားပါတယ်။ဒါကတော့ကျနော်တို့ရဲ့ဖွဲ့စည်းမှုပေါ့။အဖွဲ့ခေါင်းဆောင်ကတော့ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ဒုအဖွဲ့ခေါင်းဆောင်ကဗိုလ်ချုပ်ကြီးယွက်ဆစ်ပေါ့။
နောက်ပြီးဒုတိယအရေးကြီးတဲ့ဆုံးဖြတ်ချက်အနေနဲ့မြန်မာ့နိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဘယ်လိုပြန်သွားမလဲဆိုတဲ့ဆုံးဖြတ်ချက်ရှိပါတယ်။ကျနော်တို့ဒီကနေ့နိုင်ငံရေးအခင်းအကျင်းကိုကြည့်မယ်ဆိုရင် Working Group ကနေ UPDJC။ UPDJCကနေ UPCကိုတရားဝင်သုံးကြိမ်လုပ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီကနေ့အခင်းအကျင်းမှာဖက်ဒရယ်မူ၊ကိုယ်ပိုင်ပြဌာန်းခွင့်တန်းတူအခွင့်အရေးနဲ့ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ကိစ္စတွေနဲ့ပြည်ထောင်စုကနေခွဲမထွက်ရဖူးဆိုတဲ့အစိုးရနဲ့တပ်မတော်ရဲ့တင်ပြချက်တွေကရှေ့ဆက်လို့မသွားနိုင်တော့တဲ့အနေအထားမျိုးမှာရောက်တယ်။ကျနော်တို့ခွဲမထွက်ရဘူးဆိုတာကိုလက်မခံဘူးဆိုလို့ရှိရင်ခင်ဗျားတို့လိုချင်တဲ့ဖက်ဒရယ်မူတွေကိုယ်ပိုင်ပြဌာန်းခွင့်တွေတန်းတူအခွင့်အရေးတွေဒါရနိုင်မှာမဟုတ်ဘူး။ဒါကိုအလဲအထပ်လုပ်ရမယ်ဆိုတဲ့ကိစ္စပေါ်လာတော့ကျနော်တို့ရှေ့ဆက်သွားလို့မရတဲ့အနေအထားဖြစ်သွားတယ်။
နောက်လုံခြုံရေးပိုင်းဆိုင်ရာမှာလည်းပဲတစ်ခုတည်းသောတပ်မတော်ကိုလက်ခံရမယ်ဆိုတဲ့တပ်မတော်ဘက်ကတင်ပြလာတဲ့အပေါ်မှာကျနော်တို့ဆွေးနွေးညှိနှိုင်းလို့မရသေးတဲ့အနေအထားဖြစ်တဲ့အတွက်ကျနော်တို့ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကတစ်ဆို့နေတယ်လို့ညီလာခံကသုံးသပ်တဲ့အတွက်ဒီတစ်ဆို့နေတဲ့ငြိမ်းချမ်းရေးအခြေအနေတွေနိုင်ငံရေးဆွေးနွေးပွဲတွေကိုရှေ့ဆက်သွားလို့ရအောင်နိုင်ငံတော်အစိုးရဘက်ကတကယ်ဆုံးဖြတ်နိုင်တဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ၊မြန်မာ့တပ်မတော်ဘက်ကတကယ့်ဆုံးဖြတ်ချက်ပေးနိုင်တဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းကထိပ်ပိုင်းခေါင်းဆောင်တွေအလွတ်သဘောတွေ့ဆုံပြီးတော့မှကျနော်တို့ဒီကနေ့ကြုံနေရတဲ့အခက်အခဲတွေအဟန့်အတားတွေတစ်ဆို့မှုတွေကိုဝိုင်းဝန်းအဖြေရှာကြမယ်ဆိုတဲ့ကျနော်တို့ဆုံးဖြတ်ချက်တစ်ခုကိုရပါတယ်။
အဲ့ဒီဟာကိုအမြန်ဆုံးတွေ့ဆုံနိုင်အောင်အဲ့ဒီကိစ္စကိုဖြေရှင်းနိုင်အောင်ကျနော်တို့ကြိုးစားကြမယ်လို့လည်းပြောကြတာရှိပါတယ်။အဲ့ဒါပြီးမှငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့သက်ဆိုင်ရာလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ကျနော်တို့အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချပါတယ်။နောက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကကျနော်တို့ငြိမ်းချမ်းရေးဖြစ်စဉ်မှာNCAကိုလက်မှတ်ရေးထိုးထားတဲ့၁ဝဖွဲ့တင်မကဘဲနဲ့လက်မှတ်မရေးထိုးရသေးတဲ့ညီနောင်တိုင်းရင်းသားတွေရှိတဲ့အတွက်အဲ့ဒီအဖွဲ့တွေကိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာဘယ်လိုပူးပေါင်းပါဝင်လုပ်ဆောင်သွားနိုင်မလဲဆိုတဲ့ကိစ္စကိုလည်းကျနော်တို့စဉ်းစားကြပါတယ်။
အဲ့လိုစဉ်းစားတဲ့နေရာမှာမြန်မာပြည်ငြိမ်းချမ်းရေးတည်ဆောက်မှုအပေါ်မှာထားရှိတဲ့ဘုံသဘောထားတွေ၊နောက်မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာဘုံသဘောထားတွေဖက်ဒရယ်အခြေခံမူဆိုင်ရာဘုံသဘောထားတွေနဲ့ NCAဆိုင်ရာဘုံသဘောထားတွေလက်မှတ်မရေးထိုးသေးတဲ့ EAOတွေနဲ့ညှိပြီးတော့မှကျနော်တို့ညှိလို့ရတဲ့ရလဒ်နဲ့ရှေ့ဆက်ပြီးတော့မှငြိမ်းချမ်းရေးဖြစ်စဉ်ကိုသွားလို့ရှိရင်ကောင်းမွန်တဲ့ရလဒ်တွေရလာမယ်။ပိုအကျိုးရှိမယ်လို့ကျနော်တို့ယူဆတဲ့အတွက်အဲ့ဒီအပေါ်အခြေခံပြီးတော့မှကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအားလုံးပါဝင်တဲ့အစည်းအဝေးကြီးတစ်ရပ်ပြုလုပ်ရန်အတွက်ကျနော်တို့ဆုံးဖြတ်ထားပါတယ်။
မေး -ဒီညီလာခံကရှေ့ဆက်သွားမဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက်ဘယ်လောက်အရေးကြီးလဲ။
ဒီညီလာခံတစ်ခုလုံးမှာရှေ့ဆက်သွားရမဲ့ငြိမ်းချမ်းရေးခရီးစဉ်အတွက်ပဲကျနော်တို့အလေးပေးပြီးတော့မှဆွေးနွေးတာဖြစ်ပါတယ်။ဒီကနေ့တရားဝင်းလိုင်းအနေနဲ့သွားလို့ရတဲ့ဟာတွေကိုတော့တတ်နိုင်သလောက်သွားပြီးပြီး။နောက်ရှေ့ဆက်ပြီးတော့မှသွားမယ်ဆိုလို့ရှိရင်တစ်ဆို့မှုရှိတဲ့ကိစ္စတွေကိုမဖြေရှင်းဘဲနဲ့ကျနော်တို့ကြားမှာရှိနေတဲ့နက်ရှိုင်းတဲ့ကွာဟချက်တွေကိုမဖြေရှင်းဘဲနဲ့တော့ကျနော်တို့ Union Peace conferences ၂၁ရာစုပင်လုံအစည်းအဝေးကြီးကိုသွားလို့ရှိရင်လည်းပဲဘာမှအကျိုးထူးလာစရာမရှိဘူး။ကျနော်တို့ရလဒ်ကောင်းလည်းရလာမှာမဟုတ်ဘူး။ဒါကြောင့်ကျနော်တို့ကြားထဲမှာရှိနေတဲ့ကွာဟချက်တွေကိုအရင်ဖြေရှင်းဖို့လိုတယ်လို့ကျနော်တို့ဒီအစည်းအဝေးကြီးမှာဒါကိုအလေးပေးပြီးတော့မှဆွေးနွေးတာဖြစ်ပါတယ်။
မေး - အပစ်ရပ်အဖွဲ့နဲ့အစိုးရ၊တပ်မတော်အကြားငြိမ်းချမ်းရေးဖြစ်စဉ်မှာရှေ့ဆက်သွားဖို့အတွက်ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေမျိုးဖြစ်ပေါ်နေတဲ့အဓိကကြုံတွေ့ရတဲ့အခက်အခဲတွေကဘာတွေဖြစ်မလဲ။
ဖြေ - အဓိကကတော့ကျနော်တို့ NCAအတိုင်းအကောင်အထည်မဖော်နိုင်တာကတော်တော်လေးအဓိကကျပါတယ်။တကယ်ဆိုလို့ရှိရင် NCAကတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း၁ဝဖွဲ့နဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကြားမှာချုပ်ဆိုတဲ့စာချုပ်ကြီးဖြစ်ပါတယ်။ဒါကိုလည်းအကောင်အထည်ဖော်ဖို့အတွက်သန္နိဌာန်ပြုကြပြီးဖြစ်တယ်။ဒါပေမဲ့ဒီကနေ့ NCAကိုအကောင်အထည်ဖော်တဲ့နေရာမှာအခက်အခဲအများကြီးကြုံရတာကျနော်တို့တွေ့ရပါတယ်။
အဲ့ဒါဘာလဲဆိုတော့ကျနော်တို့ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖြစ်ပေါ်လာဖို့အတွက်သွားရမဲ့အဆင့်လိုက်အဆင့်လိုက်လုပ်ရမဲ့လုပ်ငန်းတွေရှိပါတယ်။အဲ့ဒီထဲမှာအရေးကြီးဆုံးကတော့ကျနော်တို့ပြည်သူနဲ့တွေ့ဆုံပွဲတွေ Public consultation၊နောက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ National Dialogue တွေ၊ဒါတွေကလုပ်ဖို့လိုအပ်တဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။ဒါပေမဲ့လို့ဒီကနေ့အဲ့လိုလုပ်ဖို့လိုတဲ့ကိစ္စတွေကိုအစိုးရနဲ့တပ်ပိုင်းဆိုင်ရာကောလွတ်လွတ်လပ်လပ်လုပ်ခွင့်မပေးတဲ့အပေါ်မှာကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးလူထုတွေ့ဆုံပွဲမလုပ်နိုင်တဲ့အဖွဲ့အစည်းတွေအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမလုပ်တဲ့အဖွဲ့အစည်းတွေတော်တော်များများရှိပါတယ်။
နောက်တစ်ချို့ကတစ်ကြိမ်ပဲလုပ်ရတယ်။နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်လုပ်ဖို့လိုအပ်တယ်။ဒါပေမဲ့ခွင့်မပြုဘူးဆိုတဲ့အနေအထားအောက်မှာကျနော်တို့ NCAကိုအကောင်အထည်ဖော်နေရတဲ့အတွက်အင်မတန်မှအဟန့်အတားဖြစ်ပါတယ်။ဒါ့အပြင်ဒီထက်အဟန့်အတားဖြစ်စေတဲ့အရာတွေကခွဲမထွက်ရဘူးဆိုတဲ့ကိစ္စကိုခင်ဗျားတို့သဘောမတူဘူးဆိုလို့ရှိရင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကအမြဲတမ်းနှစ်ပေါင်း (၇၀)ကြာတောင်းဆိုနေတဲ့ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊အမျိုးသားတန်းတူရေးတွေ၊ဖက်ဒရယ်အခြေခံမူတွေဒါတွေအားလုံးကိုဘာမှမလုပ်ပေးနိုင်ဘူး။မလွဲပေးနိုင်ဘူးဆိုတဲ့တစ်ဖက်ကပြောလာတဲ့အပေါ်မှာဒါဟာရှေ့ဆက်သွားနိုင်ဖို့ကြုံရတဲ့တကယ့်ကြီးမားသောတစ်ဆို့မှုကြီးဖြစ်ပါတယ်။
နောက်လုံခြုံရေးပိုင်းဆိုင်ရာမှာလည်းပဲတစ်ခုတည်းသောတပ်မတော်ကိုခင်ဗျားတို့လက်ခံမှရှေ့ဆက်ဆွေးနွေးလို့ရမယ်ဆိုတဲ့အနေအထားမျိုးဖြစ်လာတဲ့အခါကျတော့ဒါတွေကကျနော်တို့အတွက်အဟန့်အတားဖြစ်စေတဲ့ကိစ္စမျိုးဖြစ်ပါတယ်။ဒါကိုမဖြေရှင်းဘဲနဲ့ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်လည်းအဖြေကောင်းရလဒ်ကောင်းရလာမှာမဟုတ်ဘူး။ဒါကိုအရင်ဆုံးဖြေရှင်းဖို့လိုတယ်လို့ကျနော်တို့အနေနဲ့ယူဆပါတယ်။
မေး - အပစ်ရပ်တိုင်းရင်းသားအဖွဲ့စည်းတွေကြားမှာသူတို့ရဲ့ကိုယ်ပိုင်မူဝါဒတွေရှိနေတယ်။ဒီလိုရှိနေခြင်းကြောင့်အပစ်ရပ်အဖွဲ့တွေကြားမှာဘုံမူဝါဒဆိုင်ရာဘုံသဘောတူညီချက်ရရှိဖို့အတွက်ဒီညီလာခံကနေဘယ်လိုချမှတ်နိုင်တာမျိုးရှိလဲ။
ဖြေ - ကျနော်တို့အဖွဲ့အစည်း၁ဝဖွဲ့ကြားထဲမှာလည်းအဖွဲ့အစည်းအသီးသီး၊ပြည်နယ်အသီးသီး၊ဒေသအသီးသီးကလာတဲ့အဖွဲ့အစည်းတွေဖြစ်ကြတဲ့အတွက်အားလုံးတူနေတယ်လို့တော့မဟုတ်ပါဘူး။ကွဲပြားမှုတွေအများကြီးရှိပါတယ်။ဒီကွဲပြားမှုတွေကိုအမြဲတမ်းညှိပြီးတော့မှဒီကနေ့နိုင်ငံတော်အစိုးရနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကိုသွားနေတာပဲဖြစ်ပါတယ်။အဲ့ဒီလိုစုစည်းတဲ့နေရာမှာကျနော်တို့အခုဆိုရင် PPST(Peace Process Supporting Team) ကအခရာကျပါတယ်။ဒီအစည်းအဝေးကြီးကနေဘုံသဘောတူညီချက်တွေ၊ဘုံလုပ်ငန်းစဉ်တွေ၊ဖက်ဒရယ်အခြေခံမူတွေဒီမိုကရေစီဆိုင်ရာအခြေခံမူတွေဒါတွေအားလုံးကိုတူညီအောင်ကျနော်တို့အမြဲတမ်းညှိနေရတဲ့အနေအထားမျိုးရှိပါတယ်။ဒီတော့ဒီကနေရှေ့လာမဲ့ဆွေးနွေးပွဲတွေမှာအလွတ်သဘောပဲဖြစ်ဖြစ်၊တရားဝင်ပဲဖြစ်ဖြစ်ဆွေးနွေးတဲ့နေရာမှာဘုံသဘောထားချမှတ်ထားပြီးသားဖြစ်တဲ့နောက်ဘုံလုပ်ငန်းစဉ်တွေချမှတ်ထားပြီးသားဖြစ်တဲ့အားလုံးသဘောတူညီမှုရထားပြီးသားဖြစ်တဲ့ဖက်ဒရယ်အခြေခံမူတွေဒီမိုကရေစီအခြေခံမူတွေအပေါ်မှာဆွေးနွေးသွားမှာဖြစ်တဲ့အတွက်ဒါတွေကိုလည်းအခုပြင်ဆင်နေတဲ့အချိန်ကာလဖြစ်နေတယ်လို့ကျနော်အနေနဲ့ပြောလိုပါတယ်။
ကျနော်တို့ EAO ၁ဝဖွဲ့ကြားထဲမှာအပစ်ရပ်အဖွဲ့ကြားထဲမှာပဲမဟုတ်ဘဲနဲ့တိုင်းရင်းသားလက်နက်ကိုင်အားလုံးနဲ့ခြုံငုံမိတဲ့ဘုံသဘောထားရပ်တည်ချက်တွေ၊လုပ်ငန်းစဉ်တွေ၊ဖက်ဒရယ်အခြေခံမူတွေဒါတွေကိုလည်းချမှတ်နိုင်ဖို့ရန်အတွက်အပတ်တကုပ်ကြိုးစားနေတဲ့အချိန်ကာလဖြစ်တယ်လို့ပြောချင်ပါတယ်။
မေး - ဖြည့်စွက်ပြောကြားချင်တဲ့အကြောင်းအရာအခြေအနေလေးရှိရင်လည်းသိပါရစေ။
ဖြေ - ကျနော်တို့အပစ်ရပ်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့၁ဝဖွဲ့ကဆိုလို့ရှိရင်ဒီကနေ့ NCA လမ်းကြောင်းပေါ်မှာရှိနေပါတယ်။ NCAအတိုင်းပဲကျနော်တို့အကောင်အထည်ဖော်ချင်ပါတယ်။ဒီ NCAလမ်းဟာဒီကနေ့ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာနှစ်ပေါင်း၆ဝကျော်ရဝကာလကျော်ကြာပြည်တွင်းစစ်ဖြစ်နေတဲ့ကိစ္စကိုဒီလမ်းကြောင်းကနေပဲအဖြေရှာနိုင်လိမ့်မယ်လို့ကျနော်တို့တထစ်ချယုံကြည်နေပါတယ်။ဒါကြောင့်ကျနော်တို့အနေနဲ့ငြိမ်းချမ်းရေးရရှိသည်အထိကျနော်တို့ကြိုးပမ်းဆောင်ရွက်သွားဖို့သန္နိဌာန်ချထားပြီးဖြစ်တယ်လို့ကျနော်ထပ်လောင်းပြောချင်ပါတယ်။