ပြည်သူတွေရဲ့ အန္တရာယ်ကို ပြည်သူ့အင်အားနဲ့သာ ကျော်လွှားရမှာ

ပြည်သူတွေရဲ့ အန္တရာယ်ကို ပြည်သူ့အင်အားနဲ့သာ ကျော်လွှားရမှာ
by -
မောင်ကျော်စွာ

ပြည်သူတွေဟာ အသက်ရှင်နေထိုင်ဆဲ ကာလမှာ မလွှဲသာမရှောင်သာ အန္တရာယ်အမျိုးအစား နှစ်ခုကို ရင်ဆိုင်ကြရပါ တယ်။ မလွှဲမရှောင်သာလို့ ရေးလိုက်တာဟာ နေ့စဉ်ဘဝမှာ ဒီအန္တရာယ်အမျိုးအစားနှစ်ခုကနေ ဘယ်လိုမှ ရှောင်တိမ်းလွတ် မြောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အနေအထားကို ပေါ်လွင်စေချင်လို့ပါ။
 

အဲဒီအန္တရာယ် အမျိုးအစားနှစ်ခုကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

၁။ လူက ပြုလုပ်ဖန်တီးတဲ့ ဘေးအန္တရာယ် 

၂။ သဘာဝတရားက ပြန်လည် တုန့်ပြန်ပြုမူတဲ့ ဘေးအန္တရာယ်တို့ပဲ ဖြစ်ပါတယ်။

၁။ လူက ပြုလုပ်ဖန်တီးတဲ့ ဘေးအန္တရာယ် 

ဒီပထမအမျိုးအစားထဲမှာ စစ်ပွဲ၊ ကူးစက်ရောဂါမျိုးစုံ၊ ရာဇဝတ်မှုခင်းမျိုးစုံ၊ ယာဉ်တိုက်မှု၊ ဆေးလိပ်၊ အရက်၊ မူးယစ် ဆေးဝါး သုံးစွဲမှု၊ ရှို့မီး/ပေါ့ဆမီး စတဲ့ဖြစ်ရပ်များကနေ လူတွေအပေါ် ကျရောက်တဲ့ ဘေးအန္တရာယ်တွေ ပါဝင်ပါတယ်။

၂။ သဘာဝတရားက ပြန်လည်တုန့်ပြန်ပြုမူတဲ့ ဘေးအန္တရာယ်

ဒီဒုတိယအမျိုးအစားထဲမှာတော့ မုန်တိုင်း၊ ငလျင်၊ ဆူနာမီ၊ ရေကြီးမှု၊ မိုးခေါင်မှု၊ တောမီးလောင်ကျွမ်းမှု စတဲ့ သဘာဝ တရားကနေ တုန့်ပြန်လာတဲ့ ဘေးအန္တရာယ်တွေ ပါဝင်ပါတယ်။ တကယ်တော့ ဒီလိုသဘာဝတရားက ပြန်လည်တုန့်ပြန်တဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာရတာမှာလည်း လူ့ပယောဂ မကင်းပါဘူး။ လူတွေက သစ်တောတွေ မဆင်မခြင် ခုတ်ထွင်ပစ် တာ၊ တောင်တွေဖြိုချပြီး ဓာတ်သတ္တုတွေ၊ ရွှေငွေကျောက်မျက်ရတနာ တူးဖော်တာ စတဲ့ ဖြစ်ရပ်တွေကြောင့် ရရှိလာတဲ့ အကျိုး ဆက်ဆိုးကျိုးတွေပဲ မဟုတ်ပါလား။

ဒီဘေးအန္တရာယ်နှစ်မျိုးကနေ တစ်ကိုယ်စာလွတ်မြောက်ဖို့  ကျနော်တို့ဘယ်လိုမှ ရှောင်တိမ်းပြေးထွက်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ဒီလိုလူအားလုံးနဲ့ သက်ဆိုင်တဲ့ ဘုံအန္တရာယ်၊ ဘုံအရေးအခင်းကြီးတွေဖြစ်တာမို့ လူသားအားလုံး တနည်းအားဖြင့် ပြည်သူအားလုံး စုပေါင်းရင်ဆိုင် ကျော်လွှားကြမှသာ ဖြစ်နိုင်မှာပါ။

ဒီဆောင်းပါးမှာတော့ ပထမအန္တရာယ် အမျိုးအစားနဲ့ သက်ဆိုင်တာကိုပဲ ကွက်ပြီးတင်ပြပါရစေ။

ဒီမှာလည်း  ကျနော်တိုင်းရင်းသားအားလုံး စုပေါင်းနေထိုင်ပြီး စုပေါင်းပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿ နာတချို့ကိုပဲ ရေးသားတင်ပြနိုင်မှာဖြစ်ပါတယ်။ အားလုံးကို တင်ပြဖို့ဆိုတာ အင်မတန်မှ ကျယ်ပြန့်ကြီးမားလှပါတယ်။

ဥပမာအားဖြင့် ပြည်တွင်းပြည်ပ သတင်းတွေထဲမှာ မကြာခဏ အတွေ့ရဆုံး၊ အမြင်ရဆုံး၊ အကြားရဆုံးဖြစ်တဲ့ မူးယစ် ဆေးဝါး သတင်းကိုကြည့်ပါ။ ဒါဟာ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုရဲ့ အရေးကိစ္စမဟုတ်ပါဘူး။ နိုင်ငံနယ်နိမိတ်တွေကို ကျော်လွန် ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုခင်းကြီးဖြစ်ပါတယ်။ အလားတူပါပဲ လူကုန်ကူးမှုပြဿနာဟာလည်း  နိုင်ငံဘောင်ကျော် ရာဇဝတ်မှုခင်း အမျိုးအစားတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝတောရိုင်းတိရိစ္ဆာန် သတ်ဖြတ်တင်ပို့ရောင်းချမှု၊ ရှေးဟောင်းအမွေအ နှစ် ခိုးထုတ်ရောင်းချမှု စတာတွေဟာ နိုင်ငံဘောင်ကျော် ရာဇဝတ်မှုခင်း အမျိုးအစားတွေပဲဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကို နိုင်ငံတွေက စုပေါင်းပြီး ချိတ်ဆက်ကိုင်တွယ်ကြရပါတယ်။

ကျနော်တို့တိုင်းပြည်မှာ အုတ်အော်သောင်းတင်း အဖြစ်ရဆုံး မှုခင်းတွေအနက် မူးယစ်ဆေးဝါးနဲ့ မုဒိမ်းမှုဟာ ထိပ်တန်း မှာ နေရာယူထားတဲ့ ရာဇဝတ်မှုခင်းကြီးတွေပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးမှုတွေမှာလည်း မူးယစ်ဆေးဝါးတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို အရေအတွက်အရ သန်းသိန်းချီပြီး ဖမ်းဆီးရမိသော်လည်း အဓိကလက်သည်တရားခံကို ဖော်ထုတ် ရှာဖွေ ဖမ်းဆီးပြနိုင်ခြင်း မရှိသေးပါဘူး။ “ပိုင်ရှင်မဲ့ဖမ်းဆီးရမိတယ်” ဆိုတဲ့စကားဟာ တကယ်တော့ သက်ဆိုင်ရာတာဝန်ရှိနေတဲ့ အစိုးရအဖွဲ့၊ ပြည်ထဲရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တရားရုံးစတဲ့ ဌာနဆိုင်ရာတွေကို လှောင်ပြောင်ပျက်ရယ် ပြုနေတဲ့ ဝေါဟာရပဲဖြစ်ပါတယ်။ ဒီဌာနတွေဟာ ဒီကိစ္စမှာ မှိုင်တွေချနေရတယ်။ ဘာမှမတတ်နိုင်ဘူးဆိုတဲ့ အဖြစ်ကို “ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတယ်” ဆိုတဲ့ စကားလုံးက ဖော်ထုတ်ပြသနေပါတယ်။ ပိုင်ရှင်ရှိလို့သာ ဒီလောက် အုံနဲ့ ကျင်းနဲ့ သယ်ဆောင်ဖြန့်ဖြူး နေတာကို ဖမ်းဆီးရမိတာမဟုတ်လား။ သယ်ဆောင်လာသူ (ကယ်ရီ) ကိုင်းဖြားကိုင်းနားတွေကိုသာ ဖမ်းမိပြီး အချီကြီး ထုတ် လုပ်နေသူ လက်ကားပိုင်ရှင်ကို ဖမ်းလို့မမိဘူးဆိုတာကတော့ ည့ံဖျင်းမှုသာဖြစ်ပါတယ်။ ဒီဌာနတွေဟာ တိုင်းပြည်ပိုက်ဆံ ထိုင် ဖြုန်းနေတာဖြစ်ပါတယ်။ တဆင့်တိုး စဉ်းစားလာကြတာက ဒီဌာနက ထိပ်တန်းတာဝန်ရှိသူ အကောင်ကြီးတွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ အကောင်ကြီးတွေအချင်းချင်း အမြှီးချင်းလိမ်ထားကြလို့သာ ဖြစ်လိမ့်မယ်ဆိုတဲ့ အချက်ပါပဲ။ ဒီစဉ်း စားယူဆချက်ဟာ အရမ်းကာရောပေးတဲ့ ထင်မြင်ချက် မဟုတ်ပါဘူး။ ဒီလို စဉ်းစားယူဆရစေတဲ့ ရေခံမြေခံတွေ အခိုင်အမာ ရှိ နေပါတယ်။

“ဘိန်းဘုရင်”ပါလို့ အုပ်စိုးသူအဆက်ဆက်က ဝါဒဖြန့် သမုတ်ခဲ့သူတွေကို (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ “တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်ကြီး”တွေအဖြစ် သူကောင်းပြုခဲ့တဲ့ အချက်က အခိုင်အမာရှိနေတယ် မဟုတ်ပါလား။

အရှေ့မြောက်ဒေသမှာရှိတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့တပ်ဖွဲ့တွေကို ဖဲ့ထုတ်နိုင်ခဲ့ပြီးတဲ့နောက်ပိုင်း (နဝတ-နအဖ) စစ် အစိုးရရဲ့ နယ်စပ်ဒေသဖွ့ံဖြိုးရေးပေါ်လစီ (မြောက်ပိုင်းကနေ တောင်ပိုင်းသို့) ဖြန့်ကျက်လိုက်ပြီးတဲ့နောက်မှာ ဒီ မူးယစ်ဆေးဝါး အမှုအခင်းတွေဟာ မြို့ပေါ်မှာ တစတစ အခြေကျ တွင်ကျယ်ဖောက်ကား ခေတ်စားလာတာပါ။ သစ်တောတွေ၊ တောင်တွေ ပြုန်းတီးကုန်တာ ဒါတွေ အားလုံးဟာ (နဝတ-နအဖ)စစ်အစိုးရလက်ထက်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့၊ အုံနဲ့ကျင်းနဲ့ ဖြစ် တည်လာခဲ့တာတွေပါ။

ဒါတွေဟာ သာမန် တိုက်ဆိုင်မှု မဟုတ်ပါဘူး။

ဒါ့အပြင် စစ်ဗိုလ်ချုပ်တွေ သန်းထီပေါက်သလို၊ ကုဋေရှစ်သန်းသူဋ္ဌေးသား အမွေရသလို ချက်ချင်းလက်ငင်း ကြွယ်ဝ ချမ်းသာလာကြပါတယ်။ နန်းတော်တမျှ ခမ်းနားတဲ့ အိမ်ကြီးတွေ ဆောက်ကြတယ်။ မင်္ဂလာဆောင်အခမ်းအနားကြီးတွေ ဝှဲချီး ကျင်းပတယ် စသဖြင့် ခေတ်ဆိုးခေတ်ကြပ်ကြီးတစ်ခုဖြစ်တဲ့ (မဆလ) အစိုးရခေတ်မှာတောင်မကြုံဖူးမကြားဖူးတဲ့ ပမာဏနဲ့ သူတို့ ကြွယ်ဝလာကြပါတယ်။ ခရိုနီဆိုတဲ့ သူဋ္ဌေးတွေကို စစ်အုပ်စုက ထုတ်လုပ်သူကောင်းပြုခဲ့တာပါ။ အဲဒီ ခရိုနီတွေနဲ့ စစ်အုပ် စုထိပ်သီးတွေ ပေါင်းဖက်ပြီး၊ ဖက်စပ်ပြီး တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားတာပါ။

 

တစ်ဖက်မှာ တိုင်းပြည်နဲ့လူထုကတော့ ဆင်းရဲတွင်းထဲ အနက်ရှိုင်းဆုံး သက်ဆင်းကျရောက်သွားပါတယ်။ အိမ်နီးချင်း ပြည်ပနိုင်ငံတွေ၊ ကျောက်တွင်းရွှေတွင်းဆီကို မန်းမှုတ်လိုက်သလို လူတွေ ဦးတည်ထွက်ခွာသွားကုန်ကြပါတော့တယ်။ ပြည်ပ ထွက် အလုပ်လုပ်ကြရတာ၊ ကျောက်တွင်းရွှေတွင်းတွေဆီ လူတွေအုံနဲ့ကျင်းနဲ့ ထွက်ခွာသွားကြရတဲ့ဖြစ်ရပ်တွေဟာ (နဝတ-နအဖ) စစ်အစိုးရခေတ်ရဲ့ အင်မတန် ထင်ရှားမြင်သာတဲ့ လက္ခဏာချက်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

 

အကျိုးဆက်ရလဒ်ကတော့ ဘယ်ခေတ်မှာမှ မကြုံဖူး၊ မကြားဖူးတဲ့နှုန်းထားနဲ့ ရာဇဝတ်မှုခင်းကြီးတွေ ဖြစ်ပွားလာတဲ့ အချက်ပါပဲ။ ဒီအထဲမှာ အင်မတန် ဆိုးဝါးယုတ်မာလွန်းတဲ့ မုဒိမ်း၊ သက်ငယ်မုဒိမ်းမှုတွေလည်း အပါအဝင် ဖြစ်ပါတယ်။

ဘဝနေထိုင်မှု အလွန်အမင်း ဆင်းရဲနိမ့်ကျလာမှု၊ မူးယစ်ဆေးဝါးနဲ့ အရက်သေစာတွေ မှိုလိုပေါက် ပေါများလာမှုတွေက ပညာရေးနဲ့ ကျန်းမာရေးနယ်ပယ်မှာ မကြုံဖူး၊ မကြားဖူးတဲ့ နှုန်းထားနဲံ့ ဆိုးဆိုးဝါးဝါး နိမ့်ကျသွားရပြီး လူမဆန်တဲ့ ရာဇဝတ်ပြစ်မှု ကျူးလွန်သူများ၊ ရောဂါမျိးစုံစွဲကပ်ခံရတဲ့ ဝေဒနာသည်များဘဝဆိုတဲ့ ညစ်ပတ်နံစော်လှတဲ့ နွံအိုင်ကြီးထဲကိုု အရွယ်ကောင်းတဲ့ အမျိုးသား၊ အမျိုးသမီး လူငယ်တွေ သက်ဆင်း ကျရောက်ကုန်ကြရပါတော့တယ်။

ဇွန်လ ၁ဝရက်နေ့က ဖတ်ရတဲ့သတင်းမှာ မေလအတွင်း မူးယစ်ဆေးဝါးမှုပေါင်း ၈၇၀ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီအမှုပေါင်း ၈ရဝထဲမှာ စိတ်ကြွရူးသွပ်ဆေးပြား ၅၅၂မှု၊ ဘိန်းဖြူ ၂၃၅မှု၊ ဆေး ခြောက် ၂၁မှု၊ ဘိန်း ၁၈မှု၊ အိုက်စ်(ice) ၁ရမှု ပါဝင်တယ်လို့ ဆိုပါတယ်။ တရားခံ ၁၂၃၁ဦးကို အမှုဖွင့် အရေးယူနိုင်တယ်လို့ ဆို ပေမယ့် လောက်လောက်လားလား အကောင်ကြီး ဖမ်းမိတာတော့ မကြားမိသေးပါဘူး။

ဒါ့အပြင် မလေးရှားနိုင်ငံကိုရောက်သွားတဲ့ ကွန်တိန်နာထဲက မူးယစ်ဆေးဝါးမှုတွေမှာလည်း အဓိကလက်သည် တရား ခံကို အခုထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။ ဒါဟာ ၂၀၁၈ခုနှစ်၊ မေလတစ်လအတွင်းထဲက မူးယစ်ဆေးဝါးနဲ့သက်ဆိုင်တဲ့ ပြစ်မှု ပဲ ဖြစ်ပါသေးတယ်။ အခြား ပြစ်မှုတွေ မပါသေးပါဘူး။ တစ်နှစ်လုံး စာရင်းချုပ်လိုက်တဲ့အခါ ဘယ်လောက်ရှိလာနိုင်မလဲ။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၆ရက်မြောက်နေ့ (၁၈-၆-၂၀၁၈)က ပြည်သူ့လွှတ်တော် မှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၏ ဆွေးနွေးချက်ထဲကနေ ကောက်နုတ်ချက် ဖော်ပြရမယ်ဆိုရင် 

-    မြန်မာနိုင်ငံတွင် မုဒိမ်းမှုဖြစ်ပွားမှုအပေါ် သုံးသပ်ရာ၌ သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှု ရာခိုင်နှုန်းမှာ ၂၀၁၆ခုနှစ်တွင် ၆၁ရာခိုင်နှုန်း၊ ၂၀၁ရခုနှစ်တွင် ၆၄ရာခိုင်နှုန်း၊ ၂၀၁၈ခုနှစ်၊ ဧပြီလအထိ ၆၈ရာခိုင်နှုန်း ဖြစ်ပွားခဲ့သည့်အတွက် နှစ်အလိုက် မုဒိမ်းမှုဖြစ်ပွားမှု အရေအတွက် များပြားလာသကဲ့သို့ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုရာခိုင်နှုန်းမှာလည်း မြင့်မားလာကြောင်း

-    ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှုတွင် ကျူးလွန်ခံရသူများအနက် အသက် နှစ်နှစ်မှ ငါးနှစ်အ ကြား ကလေးသူငယ်များပင်ပါရှိပြီး အသက် ၁၄နှစ်မှ ၁၆နှစ်အကြား ကလေးသူငယ်များတွင် အများဆုံးကျူးလွန်ခံရကြောင်း

-    တရားရုံးမှ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ပြစ်ဒဏ်ချမှတ်မှုအနေဖြင့် ၂၀၁၆ခုနှစ်တွင် ထောင်ဒဏ် ၂ဝနှစ်နှင့် အထက် ၁၈ဦး အမိန့်ချမှတ်ခဲ့ရာမှ ၂၀၁ရခုနှစ်တွင် ၂၅ဦးအထိ အမိန့်ချမှတ်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် သေဒဏ်တစ်ဦး ပြစ်ဒဏ်ချမှတ်ခဲ့သဖြင့် သက်ဆိုင်ရာတရားရုံးများမှလည်း ထိရောက်သည့်ပြစ်ဒဏ်များ တိုးမြှင့်ချမှတ်လျက်ရှိိကြောင်း သုံးသပ်တွေ့ရှိရကြောင်း

စသဖြင့် တင်ပြသွားတာ တွေ့ရပါတယ်။

နှစ်အလိုက် မုဒိမ်းမှု ဖြစ်ပွားအရေအတွက် တိုးများလာသလို၊ သက်ငယ်မုဒိမ်းမှုဖြစ်မှု ရာခိုင်နှုန်းကလည်း မြင့်မားနေပါတယ်။

ဒါနဲ့ဆက်စပ်နေတဲ့ သတင်းတစ်ခုကတော့ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်မှုကွပ်ကဲရေးဌာန(FDA)က ဒုတိယဦး စီးမှူး မရွှေရည်ဝင်းကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက (ဇွန်လ ၂၂)ရက်နေ့ သေဒဏ်ချမှတ်လိုက်ပါတယ်။ ဒီလူမဆန်တဲ့ မှုခင်းဟာ ဒီနှစ်ဇန်နဝါရီလထဲမှာ ဖြစ်ပွားခဲ့တာပါ။ ဒါ့အပြင် ဒီစီရင်ချက်မှာ ရရက်တွင်း အယူခံဝင်နိုင်တယ်ဆိုတဲ့ဆိုတဲ့ အချက်ပါရှိနေလေတော့ လမ်းကြောင်းအရတော့ ဒီအမှုဟာ သေဒဏ်ချမှတ်ထားစေကာမူ ချက်ချင်းတော့ သေဒဏ်ချမှတ်အုံးမှာ မဟုတ်သေးပါဘူး။

လူသတ်ပစ္စည်းလုမုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှုတို့နဲ့ ပတ်သက်လာရင် တစ်ဖက်မှာ ပြင်းထန်ကြီးလေးတဲ့ ပြစ်ဒဏ်(သေ ဒဏ်) ချမှတ်ဖို့လိုအပ်သလို အခြားတစ်ဖက်မှာလည်း ပြစ်မှုဖြစ်ပွားစေတဲ့ အခြေခံအကြောင်းအချက်တွေကိုလည်း အလေးထား ပြီး တိုက်ဖျက် ရှင်းလင်းပစ်ဖို့ လိုအပ်ပါတယ်။ ဒီပြစ်မှုတွေမှာ သေဒဏ်ချမှတ်ပေးဖို့ တစ်ခုထဲ တောင်းဆိုနေရုံနဲ့ ဘယ်လိုမှ မလုံ လောက်ပါဘူး။

ဆောင်းပါး အထက်တနေရာမှာလည်း တင်ပြခဲ့ပါပြီ။ 

ဒီလိုအဖြစ်ဆိုး အကျိုးဆက်တွေဟာ မှားယွင်းဖောက်ပြန်တဲ့ အဆက်ဆက်သော အုပ်စိုးမှု၊ အုပ်စိုးသူများ အကျင့်ပျက် လာဘ်စားမှု၊ ပြည်သူများ ဆင်းရဲမွဲတေမှု၊ ပညာမသင်ကြားနိုင်မှု၊ မူးယစ်ဆေးဝါးမျိုးစုံ ပေါများနေမှု စတဲ့ ပင်မအကြောင်းအချက် တွေက စာရိတ္တပျက်ယွင်းမှု၊ မဖွယ်မရာ ရာဇဝတ်မှုခင်းများ ဖြစ်ပွားမှု၊ ကင်ဆာကဲ့သို့ ရောဂါကြီးတွေ စွဲကပ်ခံစားကြရမှု စတဲ့ အကျိုးဆက်တွေကြောင့် အတောမသတ် ဖြစ်ပွားနေရတာပဲဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဇစ်မြစ်တွေကို အမြစ်ဖြုတ် ဖယ်ရှားပစ်ဖို့ဆိုရင် ပြည်သူတစ်ရပ်လုံးရဲ့ နိုးကြားမှုနဲ့ပါဝင်လာမှုသာ အထင်အ ရှား အောင်မြင်နိုင်မှာပါ။ ပြည်သူတစ်ရပ်လုံးရဲ့နိုးကြားတဲ့ ပါဝင်လာမှုကို ပြည်သူကို အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ အစိုးရက သာ လက်တွေ့ကျကျ ဖော်ထုတ် အကောင်အထည်ဖော်နိုင်ပါ။

စစ်တပ်မျက်နှာ၊ ကာချုပ်မျက်နှာကို ငဲ့စောင်းကြည့်နေရတဲ့ အစိုးရအနေနဲ့တော့ ဒီလို အမှုအခင်းတွေကို ကုန်စင်ရှင်း လင်းသွားအောင် အကောင်အထည်ဖော်ဆောင်ပေးဖို့တာ တကယ်တော့ မလွယ်ကူနိုင်ပါဘူး။ အိတ်ပေါက်နဲ့ ဖားကောက်သလိုပဲ ဖြစ်နေပါလိမ့်မယ်။

ပြည်သူတွေဟာ အသက်ရှင်နေထိုင်ဆဲကာလမှာ မလွှဲသာမရှောင်သာ ရင်ဆိုင်နေရမယ့် အန္တရာယ်အမျိုးအစားနှစ်ခုကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ဆိုရင် ကိုယ့်ကြမ္မာကိုယ် တကယ်တမ်း ဖန်တီးနိုင်တဲ့ အစိုးရ၊ အမြော်အမြင်၊ ဉာဏ်ပညာနဲ့ နည်းပညာတို့ အပြင် အဆုံးအဖြတ်ဖြစ်တဲ့ ပြည်သူလူထုရဲ့ တက်ကြွထက်သန်တဲ့ ထောက်ခံပါဝင်မှုတို့ဟာ မရှိမဖြစ် လိုအပ်နေပါတယ်။

 

Most read this week

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ...