တကယ်တော့ ကိုးရီးယားကျွန်းဆွယ်ပြဿနာဟာ စစ်အေးခေတ်ရဲ့ ကြွင်းကျန်ပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဆုံးခန်းတိုင်အောင် ဖြေရှင်းပစ်ဖို့ သက်ဆိုင်သူတွေအားလုံးက အင်တိုက်အားတိုက် ခြေလှမ်း လှမ်းလာနေကြ ပါပြီ။ သက်ဆိုင်သူတွေဆိုတာမှာ တောင်နဲ့မြောက်ကိုးရီးယားနှစ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ပဲ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေ၊ ကာယကံရှင်တွေကတော့ တောင်ကိုးရီးယား(ROK)နဲ့ မြောက်ကိုးရီးယား (DP -RK)တို့ပဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းဖို့၊ ကိုးရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ဖို့ဆိုတာကတော့ ဆက် လက် လျှောက်လှမ်းကြရဦးမယ့် ခရီးရှည်ကြီးတစ်ခုဖြစ်ပါတယ်။ ဒီခရီးစဉ်ကြီးဟာ ခေတ္တခဏလည်း တန့်သွားနိုင်သလို ကွေ့ ကောက်လည်း သွားနိုင်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးဆိုတာ ပထမဆုံးစလှမ်းလိုက်တဲ့ ခြေလှမ်းတစ်လှမ်းကနေ အစပြုရမှာပဲ မဟုတ်လား။ အဲဒီအစပြုလိုက်တဲ့ ခြေလှမ်းဟာ မှန်ကန်ပြီး ခိုင်မာဖို့တော့ လိုမယ်။ အဲဒီခရီးကို လျှောက်လှမ်းမယ့်သူတွေရဲ့ ပိုင်း ဖြတ်ချက်ကလည်း ပြတ်သားခိုင်ကျည်ဖို့ လိုတယ်။ ဒီအချက်တွေ ကိုးရီးယားနှစ်နိုင်ငံစလုံးဘက်မှာ ရှိနေကြပြီဖြစ်တယ်လို့ ယူဆ ပါတယ်။
ပထမတာထွက်ခြေလှမ်းက တောင်ကိုးရီးယား (ROK)နဲ့ ဒီနှစ် ဧပြီလ ၂ရရက်နေ့မှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး နှစ် နိုင်ငံ အပြုသဘောဆောင်တဲ့ သဘောတူညီချက်တွေ အခိုင်အမာ ရရှိခဲ့ပါတယ်။
အခု နောက်ထပ် အရေးပါတဲ့၊ အဆုံးအဖြတ်သဘောဆောင်တဲ့ ခြေလှမ်းတစ်ခုကတော့ ဇွန်လ ၁၂ရက်နေ့၊ စင်္ကာပူမှာ ကျင်းပတဲ့ အမေရိကန်သမ္မတ မစ္စတာ ဒေါ်နယ်ထရန့်နဲ့ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။ ဒီခြေလှမ်း ၂ခုဟာ ကိုးရီး ယားကျွန်းဆွယ် အနာဂတ်အရေးအတွက် အင်မတန်မှ အရေးပါမယ့် သမိုင်းဝင်ခြေလှမ်းတွေပဲ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။
ဒီလောက် နိဒါန်းပျိုးနေတာဟာ ကိုးရီးယားကျွန်းဆွယ်ပြဿနာကို သုံးသပ်ပြဖို့ မဟုတ်ပါဘူး။ ပထမအချက်က ကျနော် တို့ ချစ်လှတဲ့ အမိတိုင်းပြည်ဟာ ပြည်တွင်းစစ်ဆိုတဲ့ နွံအိုင်ကြီးထဲနစ်နေရတဲ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ကြည့်မိပြီး မချင့်မရဲဖြစ်မိတာကို တင်ပြချင်လို့ပါ။
မြောက်ကိုးရီးယား(DPRK) အနေနဲ့ အဘိုး၊ အဖေ လက်ထက်က ပြဿနာကို မြေးဖြစ်သူ၊ သားဖြစ်သူက အဆုံးသတ် ပေးနေပါပြီ။ အမေရိကန်ပြည်ထောင်စုနဲ့ ရွှေလမ်းငွေလမ်းပေါက်နေပါပြီ။ (ဒီဆောင်းပါးရေးနေတုန်းမှာပဲ) စင်္ကာပူမှာ ကျင်းပတဲ့ “ကင် – ထရန့် ထိပ်သီးဆွေးနွေးပွဲ”ဟာ အောင်မြင်မှုတွေနဲ့ လှပစွာ ပြီးဆုံးသွားခဲ့ပါပြီ။ တကယ်တော့ ကမ္ဘာကြီးနဲ့ တည်တည်ငြိမ် ငြိမ်ဆက်ဆံနိုင်ဖို့ ဆက်သွယ်နိုင်ဖို့ဆိုတာ အမေရိကန်ပြည်ထောင်စုနဲ့ ပြေလည်ဖို့ လက်တွေ့အားဖြင့် လိုအပ်ပါတယ်။
ကိုယ်က ဘယ်လောက်ပဲ တံခါးဖွင့်ချင်နေပါစေ။ အမေရိကန်က (စီးပွားရေး/နိုင်ငံရေးဆန်ရှင်တွေ) ပိတ်ဆို့ထားရင် တံခါးဖွင့်ရေးဟာ ထင်သလောက် မဖြစ်မြောက်နိုင်ပါဘူး။
အမေရိကန်ရဲ့ပိတ်ဆို့မှု၊ တိုက်ခိုက်မှုမျိုးစုံကို လွတ်မြောက်စ တရုတ်ပြည်လည်း ကြုံခဲ့ရသလို ကျူးဘားလည်း ကြုံခဲ့ရ ဖူးတယ်။ ထို့အတူ ဗီယက်နမ်လည်း ကြုံခဲ့ရတာပါပဲ။ ကို်ယ်ပိုင်အစွမ်းအစရှိတဲ့ ဒီတိုင်းပြည်တွေဟာ သူတို့ခြေထောက်ပေါ်သူတို့ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့သလို၊ သူတို့တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာဟာ ကမ္ဘာ့အလယ်မှာ တလက်လက်နဲ့ ထည်ဝါ တောက်ပလာနေတာပဲ မဟုတ်ပါလား။
သမိုင်းရဲ့အလှည့်အချိုးတကွေ့မှာတော့ အမေရိကန်ပြည်ထောင်စုနဲ့တန်းတူရည်တူချစ်ကြည်ရင်းနှီးမှု ပြန်လည်တည် ဆောက် ထူထောင်နိုင်ခဲ့ကြတယ်။ “ထာဝရန်သူမရှိ – ထာဝရအကျိုးစီးပွားသာ ရှိတယ်” ဆိုတဲ့ စကားလိုပေါ့။ “ထာဝရအကျိုး စီးပွား” ဆိုတာဟာ “ပြည်သူတွေရဲ့ရေတိုရေရှည်အကျိုးစီးပွားအတွက်” ဖြစ်ဖို့တော့ သိပ်ကို လိုအပ်ပါတယ်။
မြန်မာပြည်ကိုလည်း အမေရိကန်က (၁၉၈၈)ခုနှစ်နောက်ပိုင်းမှာ ဖိအားတွေပေးခဲ့တာပါ။ ဆန်ရှင် (sanctions)တွေနဲ့ ပိတ်ဆို့ထားခဲ့တာပါပဲ။ ၂၀၀၈ အခြေခံဥပဒေအတည်ပြုပြီး၊ အဲဒီဥပဒေဘောင်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီဝင်သွားပြီး ကတည်းက ဒီပိတ်ဆို့မှုတွေ ဖြေလျော့ပေးခဲ့ပြီး စစ်အုပ်စုနဲ့ အမေရိကန်တို့ ဟိုးအရင်ကလို (၁၉၈၈ မတိုင်မီကလို) ကြည်စေ အေးစေ ပြန်ဖြစ်နေကြပါပြီ။ စစ်အုပ်စုဟာ သူတို့အပေါ် ပိမိုးနေတဲ့ အမေရိကန်ဖိအားတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါ တီကို ဒိုင်းသဖွယ်အသုံးချပြီး ကိုယ်လွတ်ရုန်းသွားခဲ့တာပါ။ ဒီတော့ အမေရိကန်နဲ့ ထာဝရရန်သူမဖြစ်ဘဲ ထာဝရအကျိုးစီးပွား ဖြစ် နေသူဟာ စစ်အုပ်စု ဖြစ်နေပါတယ်။
အမေရိကန်လို ဆူပါပါဝါကြီးနဲ့ မြောက်ကိုးရီးယား(DPRK)လို နိုင်ငံငယ်လေး ရင်ဆိုင်ရတယ်ဆိုတာဟာ “သိကြားမင်းနဲ့ သူတောင်းစား စစ်ခင်းသလို” အဖြစ်မျိုးပဲ ဖြစ်မှာပါ။ ကျနော်တို့ဆန္ဒ ဘယ်လိုပဲရှိနေပါစေ။ ဒီနိုင်ငံငယ်လေးဟာ အမေရိကန်ဆို တဲ့ ဆူပါ ပါဝါကြီးကို (၁၉၅ဝခုနှစ်များကနေ ယနေ့အထိ) နှစ်ပေါင်းများစွာ ရင်ဆိုင်ရပ်တည်ခဲ့တာဖြစ်တယ်။ အခုလည်း အမေရိ ကန်နဲ့ လှလှပပ ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ သူတို့ရဲ့အစွမ်းအစကိုတော့ လျှော့မတွက်သင့်သလို သတိပြု လေ့လာကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
နျူကလီးယားနည်းပညာတို့၊ တိုက်ချင်းပစ်ဒုံးပျံနည်းပညာတို့ဆိုတာ ဒီစက်ရုံတွေ ဖျက်သိမ်းပြလိုက်ရုံနဲ့ ပျောက်ကွယ် ပျက်စီးသွားမှာ မဟုတ်ပါဘူး။ ဒါကို အမေရိကန်က ဒီနည်းပညာတွေ ဖျက်သိမ်းပစ်ရမယ်လို့ တောင်းဆိုလို့လည်း မရနိုင်ပါဘူး။ သူတို့လက်ထဲမှာ ဒီနည်းပညာတွေဟာ အမှီခိုကင်းစွာ လက်ဝယ်ပိုင်ပိုင် ရရှိနေပြီးဖြစ်ပါတယ်။ ဒါ့အပြင် အခြားလယ်ယာနဲ့ စက်မှု လုပ်ငန်းတွေ၊ အရေးပါလှတဲ့ (infrastructure) အခြေခံအဆောက်အအုံတွေနဲ့ ကျွမ်းကျင်တဲ့ အတတ်ပညာရှင်၊ အသိပညာရှင်နဲ့ လုပ်သားတွေကလည်း အရံသင့်ရှိနေပုံပါပဲ။
ဒါ့အပြင် အနောက်မီဒီယာတွေရဲ့ တဖက်သတ် ဖြန့်ဖြူးရေးသားခဲ့ကြတာတွေ၊ အနောက်မီဒီယာတွေ ပုံသွင်း လမ်းခင်း ချမှတ်ပေးတဲ့ လမ်းအတိုင်း လျှောက်လှမ်းသိမြင် နားလည်ထားခဲ့ကြရတဲ့ “မြောက်ကိုးရီးယားဇာတ်လမ်းတွေ”နဲ့ မကြာခင် ပွင့် လန်းလာတော့မယ့် မြောက်ကိုးရီးယား(DPRK)ရဲ့ တကယ့်အသွင်အပြင်နဲ့ အနေအထားကို နှိုင်းယှဉ်လေ့လာ ကြည့်ရှုနိုင်တော့ မှာ ဖြစ်ပါတယ်။
အနောက်မီဒီယာတွေရဲ့ ဒီလုပ်ရပ်တွေကို ကျနော် ရွံမုန်းပါတယ်။ ဒီလိုမုန်းရတာဟာ မြောက်ကိုရီးယား (DPRK)ကို တဖက်သတ်ချစ်နေလို့ မဟုတ်ပါဘူး။ ကျနော်တို့ကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေ မပေးဘဲ၊ လိုရာဆွဲ ပုံဖော်နှပ် ကြောင်း ပေးထားတဲ့ တဖက်သတ် ဇာတ်လမ်းဇာတ်ကွက်တွေဖန်တီးပြီး ကျနော်တို့ရဲ့ နား၊ မျက်စိနဲ့ ဦးနှောက်တွေထဲကို မီးခိုး မှိုင်းတွေ၊ ရွံပုတ်တွေနဲ့ မရပ်မနား ပက်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။
အခုတော့ ဒီလန်ကျုတ်ဇာတ်လမ်းတွေကို လူအများက မေးခွန်းထုတ်လာနေကြပါပြီ။ ဒါ့အပြင် စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးက သူ့ခရီးစဉ်မှာ မြင်ခဲ့၊ တွေ့ခဲ့ရတာတွေထဲက ပြုံယမ်းမြို့တော်သန့်ရှင်းပုံ၊ မြေအောက်ရထားစနစ် အဆင့်မြင့်ပုံ၊ မျက်စိ ဆေးရုံခေတ်မီပုံတွေကို ရေးသားတင်ပြနေပြီမဟုတ်လား။ မကြာခင် မြောက်ကိုးရီးယား(DPRK)ရဲ့ တကယ့်မျက်နှာကို ကျနော် တို့ တွေ့မြင်ကြရတော့မှာပါ။
ကျနော်တို့ တိုင်းပြည်မှာတော့ လွတ်လပ်ရေးနဲ့ အမြွှာမွေးလိုဖြစ်တဲ့ ပြည်တွင်းစစ်ကြီးဟာ ပုံစံတစ်မျိုးနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးဟာ အခုချိန်အထိ ပီပီပြင်ပြင် ဖြစ်လာသေးပါဘူး။ “၂၁ရာစု ပင်လုံ ဆွေးနွေးပွဲ” ဆိုတာကလည်း အထစ်အငေါ့တွေနဲ့ ရှေ့ဆက်ဖို့ ခက်ခက်ခဲခဲ လုပ်ကိုင်နေကြရပါတယ်။
ဒါ့အပြင် ဘာသာရေး၊ လူမျိုးရေး သွေးခွဲရန်တိုက်ပေးမှုတွေ၊ လုပ်ကြံသတ်ဖြတ်မှု၊ မူးယစ်ဆေးဝါးမှု အပါအဝင် ရာဇဝတ် မှုမျိုးစုံကလည်း မကြုံဖူး၊ မကြားဖူးတဲ့ အတိုင်းအတာ နှုန်းထားတွေနဲ့ အတောမသတ်အောင် ပေါ်ပေါက်ဖြစ်ပွားနေပါတယ်။ စစ် ဗိုလ်ချုပ်ဟောင်း/သစ်တွေရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ လူမျိုးပေါင်းစုံပြည်သူများရဲ့ ဆင်းရဲမွဲတေမှုဆိုတဲ့ အစွန်းနှစ်ဖက်ကလည်း ကြာ လေကြီးမားလေ၊ ကျယ်ပြန့် နက်ရှိုင်းလာလေလေ ဖြစ်နေပါတယ်။
ကျနော်တို့ တိုင်ပြည်းနဲ့ လူထုကို ဆင်းရဲမွဲပြာကျအောင်လုပ်နေတဲ့ ဂြိုဟ်ဆိုးနှစ်ကောင်ကတော့ ပြည်တွင်းစစ်နဲ့ စစ် အုပ်စုပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုကို အကုန်အစင် ဖယ်ရှားပစ်ဖို့ပါ။
ကိုးရီးယားအရေးနဲ့ပတ်သက်လို့ စဉ်းစားရင် ကျနော့်စိတ်ထဲမှာ ပေါ်လာတတ်တဲ့ ဖြစ်ရပ်နှစ်ကို ဖော်ပြပြီး ဒီဆောင်းပါး ကို နိဂုံးချုပ်ပါရစေ။
ပထမတစ်ခုက ကိုးရီးယားပြဿနာမှာ ကုလသမဂ္ဂ (တကယ်တော့ အမေရိကန်ဟာ ကုလအလံထောင်ပြီး ဝင်တိုက် တာ) ဆောင်ရွက်မှုအပါ် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ထောက်ခံကြောင်းအဆိုကို လွှတ်တော်မှာတင်သွင်းတဲ့ (၁၉၅၀ စက်တင်ဘာ ၈ရက်) ဖြစ်ရပ်ပါပဲ။
ဒီဖြစ်ရပ်ရဲ့အကျိုးသက်ရောက်မှုက ဗမာပြည်ဆိုရှယ်လစ်ပါတီထဲကနေ သခင်ချစ်မောင်၊ သခင်လွင်၊ သခင်လှကျွေတို့ ဦးဆောင် တဲ့ ဗမာပြည်အလုပ်သမားလယ်သမားပါတီ (ဆိုရှယ်နီ)အဖြစ် ကွဲထွက်သွားစေပါတယ်။
ဒုတိယတစ်ခုကတော့ ၁၉၈၃ခုနှစ်မှာ မြောက်ကိုးရီးယား(DPRK) ကွန်မင်ဒိုများက ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲ တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။
မြောက်ကိုးရီးယား(DPRK)ကတော့ “အဘိုး၊ အဖေ လက်ထက်က ပြဿနာ”ကို သားမြေးလက်ထဲမှာ ပြီးပြတ်ပြေလည် သွားအောင် ကြံဆဖြေရှင်းနေပါပြီ။ လွတ်လပ်ရေးနဲ့ အမြွှာမွေးဖြစ်တဲ့ “ပြည်တွင်းစစ်ပြဿနာ”ကို ပြီးပြတ်ပြေလည်အောင် နည်း လမ်းရှာပြီး အမြန်ဆုံး ဖြေရှင်းကြပါစို့။