မွန်ပြည်နယ် ဘီလူးကျွန်း၊ချောင်းဆုံမြို့နယ်၊ ကလော့ခနှိုင်းကျေးရွာရှိ မုကွဲကုန်း၌ ကျေးရွာမဟာဒုက်ဆွမ်းကြီးလောင်းပွဲတော် အကြောင်းပြ၍ အာဝါဒေးလောင်းကစားဝိုင်းများ ပြုလုပ်နေမှုကို တာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက်နေ့ညပိုင်းတွင် သွားရောက်ဖမ်းဆီးခဲ့သော်လည်း သတင်းပေါက်ကြားကာ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသည်နှင့်ပတ်သက်၍ နယ်မြေခံဌာနဆိုင်ရာ တာဝန်ရှိသူများကို မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ဇန်နဝါရီ ၉ ရက်နေ့က ခေါ်ယူသတိပေးခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။
“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ မမိတာကို မရှိပါဘူး၊ မလုပ်ပါဘူးဆိုပြီးမှ အဖြေပြန်ပေးလာတဲ့အပေါ်မှာ လုံးဝကျေနပ်မှုမရှိဘူး။ လုံးဝမကျေနပ်ဘူး။ တာဝန်သိတဲ့ ပြည်သူတစ်ယောက်ကနေပြီးတော့ ဒီလောင်းကစားဝိုင်းလုပ်နေတယ်ဆိုတာကို သက်သေအထောက်အထားနဲ့ ပုံတွေ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ သတင်းပေးပါလျက်နဲ့ ဒီသတင်းကိုလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့ဆီကိုချပေးပါလျက်နဲ့ မမိဘူးဆိုတော့ ပြည်သူလူထုရဲ့ယုံကြည်ကိုးစားမှုကိုလည်း ထိခိုက်စေတယ်။ တာဝန်သိတဲ့ ပြည်သူတွေရဲ့တာဝန်သိမှုကိုလည်း မလေးစားရာရောက်တယ်လို့ ခံစားရတယ် ” ဟု ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။
ယင်းသို့ လောင်းကစားဝိုင်းများဖမ်းဆီးရမိခြင်း မရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် သက်ဆိုင်ရာ မြို့နယ်ထွေအုပ်နှင့် တာဝန်ရှိရဲတပ်ဖွဲ့ကို ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးထံ ဝန်ခံလက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။
အလှူဒါနပွဲကျင်းပခြင်းအပေါ် အကြောင်းပြုလျက် လောင်းကစားဝိုင်းများ ပြုလုပ်နေမှုအပေါ် ဒေသခံတို့အကြား ဝေဖန်မှုများ မြင့်တက်ခဲ့ပြီး သက်ဆိုင်ရာမှ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် လိုလားကြောင်း အမည်မဖော်လိုသူ ကျေးရွာခံတစ်ဦးက ပြောသည်။
”လွန်ခဲ့တဲ့ ၃ ရက် ကတည်းက လောင်းကစားဝိုင်းတွေလုပ်နေတယ်။ ဖဲဝိုင်းရယ်၊ အန်ဂလုံရယ်၊ ကြက်ဝိုင်းရယ်၊ အနီထောင်ဝိုင်းလည်းပါတယ်။ ဖဲဝိုင်းက ၃ ဝိုင်း၊ အန်ဂလုံဝိုင်းက ၇ ဝိုင်း၊ အနီထောင်က ၅ ဝိုင်းလောက်ရှိတယ်”ဟု ကလော့ခနှိုင်းကျေးရွာဒေသခံတစ်ဦးက ပြောသည်။
မဟာဒုက်ဆွမ်းကြီးလောင်းလှူပွဲကို ဇန်နဝါရီ ၉ ရက်နေ့တွင်မှ ကျင်းပမည်ဖြစ်သော်လည်း ယင်းပွဲတော်ကို အကြောင်းပြု၍ ပွဲမတိုင်မီ သုံးရက်၊ ဇန်နဝါရီ ၆ ရက်၊ညပိုင်းကတည်းက စတင်ကာ အနီထောင် (လေးကောင်ဂျင်) နှင့် အန်ဂလုံ စသည့်လောင်းကစားဝိုင်းများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီ ၈ရက် ည ၇ နာရီခွဲတိုင် ဆက်လက် လောင်းကစားနေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
လောင်းကစားဝိုင်းများပြုလုပ်နေခြင်းအပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြကို ဟင်္သာမီဒီယာက ဆက်သွယ်မေးမြန်းခဲ့ရာ “ကလော့ခနှိုင်းတစ်ရွာတည်းမဟုတ်ဘူး။ ပွဲရှိတဲ့ ရွာတိုင်းမှာ အဲလိုပဲလုပ်နေတာ ကြာလှရှိပြီ။ သက်ဆိုင်ရာဌာနကိုပြောတယ်။ ပြောလည်းပဲ သူတို့ကဂရုမှမစိုက်တာ၊ ပွဲမဖြစ်ခင်ကတည်းက ကြိုပြီးလုပ်ကြတယ်။ မနှစ်ကဆိုရင် ဝန်ကြီးချုပ်အထိကို ပြောထားပြီးပြီ”ဟု ပြောကြားခဲ့သည်။
လောင်းကစားဝိုင်းများပြုလုပ်နေကြောင်း ရပ်ကွက်ကျေးရွာများရှိ ပြည်သူလူထုများအနေဖြင့် သက်သေအထောက်အထားနှင့်တကွ သတင်းပေးတိုင်ကြားခဲ့ကြောင်း၊ သွားရောက်ဖမ်းဆီးပြီး ဥပဒေနှင့်အညီအရေးဆောင်ရွက်ရန် ချောင်းဆုံမြို့နယ်ရှိ နယ်မြေခံရဲတပ်ဖွဲ့ကို မိမိအနေဖြင့် ညွှန်ကြားခဲ့ကြောင်း၊ သို့သော်လည်း ၎င်းနေရာတွင် မည်သည့်လောင်းကစားဝိုင်းများမှ မတွေ့ရှိကြောင်းနှင့် မပြုလုပ်ထားကြောင်းသာ ပြန်လည်တင်ပြလာခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။
အဆိုပါ လောင်းကစားဝိုင်းများကို ဖမ်းဆီးရမိမှု မရှိခြင်းနှင့် ပတ်သက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာပြည်နယ် ဝန်ကြီး၏ သုံးသပ်ချက်ကို မေးမြန်းခဲ့ရာတွင်“သုံးသပ်လို့ရတာကတော့ ပြည်သူကနေပြီး သတင်းပို့တယ်။ သတင်းပို့တဲ့ဟာကို သက်ဆိုင်ရာတာဝန်ရှိတဲ့ ရဲတပ်ဖွဲ့အဖွဲ့အစည်းကို ပြန်ချပေးလိုက်တဲ့အချိန်မှာ အဲလိုချပေးလိုက်တဲ့သတင်းဟာ အဲဒီဟိုမှာလုပ်နေတဲ့သူတွေဆီ သတင်းပေါက်သွားလို့ ဒီလောင်းကစားဝိုင်းတွေကို ကြိုတင်ပြီးတော့မှ သိမ်းလိုက်တဲ့သဘောပေါ့။ ဒါသတင်းပေါက်တာပေါ့။ နောက်ဆိုသက်ဆိုင်ရာနယ်မြေမှာရှိတဲ့ ရဲတပ်ဖွဲ့ကို သတင်းချမပေးဘဲနဲ့ လုံနယ်ဝန်ကြီးကိုယ်တိုင်ပဲ စီမံပြီးတော့မှ ကိုယ်တိုင်သွားဖမ်းမှပဲရမယ်။ အဲလိုပဲလုပ်ရတော့မယ်ဆိုတဲ့ အဖြေထွက်တယ်” ဟု ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ သထုံခရိုင်၊ ပေါင်မြို့နယ်နှင့် မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တို့မှ လောင်းကစားကြက်ဝိုင်းများကို ၂၀၁၇ ခုနှစ်တွင် ဖမ်းဆီး၍ အရေးယူဆောင်ရွက်ထားသည်။