အိမ်ပြန်ခက်နေသူများ (သို့) အိမ်ပြန်ရန် လမ်းစပျောက်နေသူများ

အိမ်ပြန်ခက်နေသူများ (သို့) အိမ်ပြန်ရန် လမ်းစပျောက်နေသူများ

လှေပေါ်မှဆင်းလိုက်သည်နှင့် သံလွင်မြစ်ကမ်းနံဘေးတွင် တဲအိမ်လေးများကို ဆီးကြိုမြင်တွေ့လိုက်ရသည်။ တဲလေးများရှိ လူ များ၏ အခြေအနေများက မလှပကြ။ ခနော်ခနဲ့တဲလေးတစ်လုံးထဲတွင် ၃နှစ်အရွယ် ကလေးလေးတစ်ယောက် ထမင်းစားနေ သည်။ ထမင်းပန်းကန်ထဲတွင် ထမင်းဖြူနဲ့ ငါးပိထောင်းမျှသာ ရောပြီး စားနေကာ မည်သည့်ဟင်းမှ မပါသည်ကို မြင်တွေ့လိုက်ရသည်။

ဤနေရာသည် ၂၀၀၆ခုနှစ်က KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၂)နယ်မြေကို နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် နေရပ်စွန့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် ဒုက္ခသည်များ ယာယီ ခိုလှုံနေသည့် ပြည်တွင်းစစ်ရှောင် အီတူးထာ့ဒုက္ခသည်စခန်းပင်ဖြစ်ပါသည်။ ကရင်ပြည်နယ်-ထိုင်းနိုင်ငံ နယ်စပ် ကေအဲန်ယူ၊ ဖာပွန်ခရိုင်အတွင်းရှိ သံလွင်မြစ်ကမ်းနံဘေးတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လတ်တလောတွင် လူဦးရေ ၃ဝဝဝခန့် ခိုလှုံနေထိုင်ကြသည်ဟု သိရသည်။ 

ကလေးလေး၏ နံဘေးတွင် အဖိုးဖြစ်ဟန်တူသည့် နွမ်းဖတ်နေသော အဝတ်အစား နွမ်းလျနေသော မျက်နှာထားနှင့် မသန်စွမ်း တစ်ဦးကိုပါ တွေ့လိုက်ရသည်။ လက်ချောင်းများမရှိဘဲ မိုင်းထိထားသောသူ့ပုံစံမှာ ထူးခြားသောကြောင့် ထိုဦးကြီးနှင့် စကားစ မြည်ပြောဖြစ်ခဲ့သည်။

“နိုင်ငံတကာအလှူရှင်တွေက လက်ရှိအချိန်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းပြီ။ ဒါကြောင့် ဒုက္ခသည်တွေမရှိတော့ဘူးလို့ ထင်လို့ ရိက္ခာ ဖြတ်လိုက်ပြီ။ ရွာပြန်မယ်ဆိုရင် ကျနော်က ခြေလက်တွေလည်း မသန်တော့ဘူး။ မျက်စိလည်း သိပ်မမြင်ရတော့ လုပ်စားကိုင် စားဖို့က အဆင်မပြေဘူး။ ခုလည်း ကလေးကျောင်းစရိတ်၊ စားဝတ်နေရေး အားလုံးက ခက်ခဲနေတာပေါ့။”ဟု မသန်စွမ်းတစ်ဦး ဖြစ်သည့် စောဝါးဝါး(အမည်ရင်းမဟုတ်)က ပြောသည်။

NCA (တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်) လက်မှတ်ရေးထိုးထားသော ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး အပါအဝင် ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ အခြေစိုက်ရာ ကရင်ပြည်နယ်တွင် စစ်ပွဲများမရှိ၍ ငြိမ်းချမ်းပြီဟုဆိုကာ နိုင်ငံတကာမှ အလှူရှင် အဖွဲ့အစည်းများသည် အီးတူးထာ့စခန်းအား ထောက်ပံ့နေသော အကူအညီများကို ၂၀၁ရခုနှစ်၊ စက်တင်ဘာလတွင် လုံးဝ ဖြတ် တောက်ထားလိုက်ပြီဖြစ်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေမှာလည်း စစ်မှန်သော ငြိမ်းချမ်းရေးမရရှိသေးသလို မိမိတို့ စစ်ပြေးရှောင်များ၏ ဌာနေ ရပ်ရွာ များတွင် စစ်စခန်းများ၊ မြေမြှုပ်မိုင်းအဟောင်းများ ရှိနေသေးသည့်အတွက် နေရပ်ပြန်ရန်မဖြစ်နိုင်သေးကြောင်း စောဝါးဝါးက ဆက်ပြောသည်။

“စခန်းအတွင်းမှာ လုပ်ကိုင်စားသောက်မယ့် မြေနေရာတွေမရှိဘူး၊ အရင်းအနှီးလည်းမရှိဘူး၊ ရိက္ခာဖြတ်တောက်လိုက်တဲ့အ တွက် စိုးရိမ်မှုမြင့်တက်နေပြီ ဖိုးဒိုခွား(ငါ့တူ)ရယ်။ ဒီမှာ လှိမ့်ပိတ်ပြီး ဖြစ်သလိုနေရင်တောင် အသက်ရှင်နိုင်ဦးမယ်။ ရွာပြန်လို့မှ မိုင်းထပ်ထိရင် အသက်ပါ ဆုံးရှုံးရဖို့ရှိပါတယ်။”ဟု စိုးရိမ်သံဖြင့် ပြောဆိုခဲ့သေးသည်။

လွန်ခဲ့သည့် ဆယ်နှစ်ခန့် စောဝါးဝါး ရွာတွင်ရှိစဉ်အခါက သူ၏စပါးပုံမှ စပါးကိုပြန်ယူရန်ကြိုးစားခဲ့စဉ် စပါးပုံတွင် ထောင်ထား သော မြေမြှုပ်မိုင်းဒဏ်ကြောင့် လက်ချောင်းအများစု ပြတ်ထွက်ခဲ့ရပြီး မျက်စိကန်းလုနီးပါး မှုန်ဝါးသွားခဲ့ကာ ဆက်နေရန်မဖြစ် တော့၍ အီတူးထာ့ စစ်ရှောင်စခန်းကို မိသားစုလိုက် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု ပြောပြသည်။

ကရင်ပြည်နယ်တွင် စစ်ရှောင် ဒုက္ခသည် ၅ဝဝဝကျော် ခိုလှုံနေသည့် မြိုင်ကြီးငူနှင့် အီတူးထာ့ ပြည်တွင်းစစ်ရှောင်စခန်းများ ရှိသ ကဲ့သို့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင်လည်း ကရင်ဒုက္ခသည်စခန်း ရခုအထိ ရှိနေသေးကာ ထိုအထဲတွင် ဒုက္ခသည်စုစု ပေါင်း တစ်သိန်းနီးပါး ရှိနေဆဲဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်းစစ်ရှောင်စခန်းများဖြစ်သည့် အီတူးထာ့နှင့် မြိုင်ကြီးငူ ဒုက္ခသည်စခန်းကို နိုင်ငံတကာနှင့် ပြည်တွင်း ရှိ ကရင်လူမှုအဖွဲ့အစည်းများကသာ အဓိကထောက်ပံ့နေခြင်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအားလုံးသည် လည်း ကူညီထောက်ပံ့မှုလျော့နည်းလာခြင်း စသည့် အခက်အခဲများကြောင့် ဆုပ်လည်းစူး စားလည်းရူးဖြင့် အိမ်ပြန်ရန်လည်း မဖြစ်နိုင်သေးသလို လက်ရှိနေရာတွင်လည်း နေထိုင်လိုစိတ်မရှိတော့သည့် အခြေအနေများသို့ပင် ရောက်ရှိလာပါသည်။

အစိုးရတာဝန်ရှိသူများက ရံဖန်ရံခါသာ စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသော်လည်း ရေရှည်အတွက် နေရပ်ပြန်ရန် စိတ်ချ လောက်သည့် အခြေအနေများဖြစ်သော စစ်ပွဲများရပ်တန့်ရန်၊ မိုင်းများရှင်းလင်းပေးရန် လုပ်ငန်းများမှာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အမြန်ဆုံး ပိုပြီး ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုနေကြသည်။

ကရင်ပြည်နယ်မှ စောဝါးဝါးကဲ့သို့ ပြည်တွင်းစစ်ပြေးရှောင်များလည်း တိုင်းရင်းသားဒေသတွင် အများအပြားရှိနေပါသည်။ ထိုအ ထဲတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ မိုင်းနား RC ဒုက္ခသည်စခန်းတွင် နေထိုင်နေသူ ကချင်တိုင်းရင်းသား ဦးရာဇိန်တူး လည်း အပါအဝင် ဖြစ်သည်။

၂ဝ၁၁ခုနှစ်က စတင်ခဲ့သည့် KIO/KIA-ကချင်လွတ်လပ်ရေးတပ်မတော်နှင့် တပ်မတော်တို့ ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ဦးလဇိန်တူးတို့မိသားစုမှာ ဝိုင်းမော်မြို့နယ်ရှိ ဇာတိရွာ ဂါးရာယန်မှ စွန့်ခွာပြီး မိုင်းနား RC ဒုက္ခသည်စခန်းသို့ ရောက်ရှိနေထိုင် လျှက်ရှိသည်မှာ ၆နှစ်ကျော်နေပြီဖြစ်သည်။

“အိမ်ပြန်ချင်တာပေါ့ကွာ။ ရွာမှာတုန်းကဆိုရင် စားဝတ်နေရေး မပူရအောင် နေနိုင်တယ်။ လုပ်နိုင်တယ်။ နေလို့ပျော်တယ်ပေါ့ နော့။ စစ်ပွဲဖြစ်လို့ ရွာမှာ အိမ်တွေ၊ ယာတွေ ထားခဲ့ရတာ။ ဒီမှာ(ဒုက္ခသည်စခန်း)မှာက ကြုံသလိုနေ၊ ဖြစ်သလိုစားနေရတာ။ နောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းလည်း ဘာမှကို မရှိတာ။”ဟု ဦးလဇိန်တူးက ပြောပါသည်။

ကချင်ပြည်နယ်တွင် KIA-ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် အစိုးရတပ်မတော်တို့၏ ၂၀၁၁ခုနှစ်မှ စတင်ခဲ့သည့် တိုက်ပွဲ များကြောင့် ပြည်တွင်းစစ်ရှောင်စခန်းပေါင်း ၁ဝဝအထိရှိပြီး ဒုက္ခသည်ဦးရေ ၁သိန်း ၂သောင်းကျော် ရှိနေဆဲဖြစ်သည်။

ဦးလဇိန်တူးက “ကိုယ့်ရဲ့ အိမ်၊ ခြံ မြေတွေကိုသွားကြည့်ဖို့ဆိုပြီး ရွာကိုခိုးပြန်ကြည့်တဲ့လူရှိတယ်။ ဒါပေမယ့် ဟိုရောက်တော့ အိမ် တွေလည်းပျက်၊ တချို့ဆို ရှိတောင်မရှိတော့ဘူး။ အကုန်လုံးဖျက်ဆီးခံထားရပြီး စစ်ပွဲတွေလည်း အချိိန်မရွေးဖြစ်နိုင်တာကြောင့် ဦးကတော့ ကိုယ့်အိမ်ရာလေးတောင် ပြန်ကြည့်ချင်ပေမယ့် ပြန်ကြည့်လို့ မရဲသေးပါဘူး”ဟု ပြောသည်။

ယခုလည်း ဒုက္ခသည်စခန်း၌နေကာ မိသားစုစားဝတ်နေရေး ပြေလည်ရန် ကြုံရာကျပမ်းအလုပ်ဖြင့်သာ အသက်ဆက်နေရသော် လည်း အလုပ်မရှိသည်က ပိုများနေသလို အိမ်ပြန်ရန် လမ်းစကို မမြင်သေးပါဟုလည်း ဦးလဇိန်တူးက နောက်ဆုံး ပြောခဲ့ပါသေး သည်။

၎င်းတို့အား ထောက်ပံ့မှုအနေဖြင့် မြို့နှင့်နီးသောနေရာတွင်သာ အနည်းငယ် ရရှိနေကြခြင်းဖြစ်ပြီး မြို့နှင့်ဝေး၊ KIO ၏ ထိန်းချုပ် မှုနယ်မြေနှင့်လည်း ဝေးသောနေရာများရှိ IDP များသည် ထောက်ပံ့မှုမရှိသည့်အပြင် အချို့မှာ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ရာသီဥတုဒဏ်များကို အံတုနိုင်စွမ်း မရှိသောကြောင့် အသက်ဆုံးသွားသည့်သူများပင်ရှိကြောင်း ကချင် IDP အရေး ဆောင်ရွက် နေသူများက ပြောနေကြသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရတို့အကြား NCA ရေးထိုးသည်ဖြစ်စေ၊ မရေးထိုးထားသည်ဖြစ်စေ ဦးလဇိန်တူးနှင့် စောဝါးဝါးတို့ ခံစားနေရသကဲ့သို့ပင် မြန်မာပြည်တစ်လွှားရှိ စစ်ရှောင်များလည်း ဤကဲ့သို့ပင် အိမ်ပြန်ရန် လမ်းစပျောက်နေသူ များ အများအပြားရှိနေပါသေးသည်။ ပြည်သူလူထုများ၏ ဘဝအာမခံချက်များကို ပေးနိုင်သော၊ စစ်မှန်သော ငြိမ်းချမ်းရေး မရှိ သ၍ ကာလပတ်လုံး အိမ်ပြန်ခက်နေသူများ (သို့မဟုတ်) အိမ်ပြန်ရန်လမ်းစ ပျောက်နေသူများလည်း ရှိနေမှာအမှန်ပင် ဖြစ်ပါ သည်။

ကရင်ဒေသက စောဝါးဝါးကတော့ “ဦးတို့ရဲ့အသက်ကို ဘယ်သူမှ အာမခံရဲတာ မဟုတ်ဘူး။ မိုင်းမရှိဘူးလို့ ပြောနေတဲ့လူကို လည်း သွားပေးနေကြည့်ခိုင်းပါ။ နေလို့ရဲမှာမဟုတ်ပါဘူး။ တကယ်လက်တွေ့ ရင်ဆိုင်နေရတာက ဦးတို့ပါ။”ဟု ပြောဆိုခဲ့သည်။

 

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ...