ကရင်ပြည်နယ် ဖားအံမြို့နဲ့ ၁ မိုင်ကျော်လောက်သာ ကွာဝေးပြီး ဆိုင်ကယ်နဲ့ မိနစ်၂၀ လောက်သာသွားရတဲ့ ခရီးအကွာ အဝေးမှာ အင်ဖက်အမိုး အကာတွေကာရံထားတဲ့ အိမ်ငယ်လေးတွေ၊ ရိုးရာဝတ်စုံ မွဲတေတေ အရောင်တွေသာ အမြဲဝတ်ဆင်နေထိုင်သူတွေရှိတဲ့ထူးခြားတဲ့ ကျေးရွာငယ်လေးတစ်ရွာရှိပါတယ်။
ရွာထဲကိုဝင်လိုက်တာနဲ့ သစ်ရိပ်၊ ဝါးရိပ်တွေ ဖုံးလွှမ်းထားတဲ့ ရွာလေးရဲ့ အေးမြတဲ့ ဆီးကြိုနှုတ်ဆက်မှုအထိ အတွေ့ကို ခံစားရမှာဖြစ်ပြီး ဝါးတွေ အင်ဖက်တွေနဲ့သာ ဆောက်လုပ်ထားတဲ့ ထိုးထိုးထောင်ထောင် အဆောက် အဦးတွေ၊ အိမ်ငယ် လေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ အပြုံးပိုင်ရှင်များနေထိုင်တဲ့ အဲဒီရွာငယ်လေးဟာ အလည် လာသူတွေရဲ့စိတ်ကို ဆွဲဆောင်နေသလိုပါပဲ။
မြို့ပြရဲ့ပူလောင်တဲ့အငွေ့အသက်တွေ၊ ဆူညံသံတွေ၊ လောဘရမ္မက်တွေ၊ ဟန်ဆောင်အပြုံးတွေ၊ ကျောက်မီး သွေးတွေနဲ့ ကင်းဝေးပြီး ကျီစယ်တတ်တဲ့ လေနုအေးလေးတွေ နေထိုင်ကျက်စားရာ သီးခြားကမ္ဘာငယ်လေး တစ်ခုနဲ့သာ တူနေပါတော့တယ်။
အဲဒီရွာကတော့ ဖားအံမြို့ အရှေ့ဘက်ခြမ်း ကော့ကသောင်ရွာအလွန် လက္ခဏ ကျေးရွာအုပ်စုထဲမှာရှိတဲ့ ပိုးကရင်အခေါ် (ဂုဏ်သာဖောင်)ကျေးရွာလေးဖြစ်ပြီး တလာကူး(တု်လာဂုဏ်)ဘာသာဝင်ကို ကိုးကွယ်ယုံကြည်နေသူ ကရင်လူမျိုးတွေသာ သီးသန့်နေထိုင်ကြပါတယ်။ ကျေးရွာရဲ့ အနီးနားက နီးစပ်တဲ့ ရွာတွေ တောင်မှ ဒီလိုရွာ ရှိတယ်ဆိုတာ မသိတဲ့လူတွေလည်း ရှိပါတယ်။
ရွာထဲကိုဝင်ဝင်ချင်းမှာပဲ အရင်တွေ့ရမှာက ရွာဦးမုဒ်ဝပါပဲ။ မုဒ်ဝဝင်ပြီး အိမ် ၂ လုံးကျော်တာနဲ့ ရွာအဝင် ဓမ္မာရုံကြီးကို စတွေ့ရမှာဖြစ်ပြီး ဆောက်ထားတဲ့ ဓမ္မာရုံကြီးကလည်း တစ်မူထူးခြားပါတယ်၊ မြင်နေကျ ထောင့် ၄ ထောင့်ရှိတဲ့ ဓမ္မာရုံလို မဟုတ်ပါဘူး။ ထောင့် ၃ ထောင့်သာရှိပြီး ပိရမစ်ပုံစံ မျိုးဆောက် လုပ်ထားပါတယ်။ အဆောက် အဦးခေါင်မိုးရဲ့ အချွန်ထိပ်မှာတော့ စေတီထီးတော်လိုမျိုး တင်ထားတဲ့အတွက် အမြင်တစ်မျိုး ဆန်းစေပါတယ်။
အဲဒီဓမ္မာရုံကလည်း ဝါးနဲ့ ဆောက်ထားပြီး အင်ဖက်နဲ့ဘဲ မိုးထားပါတယ်။ ဝါးလှေခါးငယ်လေး ၃ ထစ်တက် တာနဲ့ မြင်တွေ့ရတာကတော့ ဓမ္မာရုံအလယ် ထောင့် ၃ ထောင့်ကိုမျက်နှာမူပြီး ကရင်၊ ပအိုဝ်းနဲ့ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မျှောလူမျိုး ဝတ်စုံဝတ်ဆင်ပေးထားတဲ့ ရုပ်ထုပုံ သဏ္ဍာန်မျိုးအရုပ်တွေဟာ ကျမရဲ့ စိတ်ဝင်စားမှုကို ပိုပြီးမြှင့် တက်လာစေပါတယ်။
အဓိပ္ပာယ်ကတော့ ကရင်၊ ပအိုဝ်းနဲ့ မျှောတို့ဟာ မောင်နှမတွေဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ တစ်ထောင့်စီမှာ ထားတာဖြစ်တယ်လို့ အဲဒီရွာထဲမှာနေထိုင်တဲ့လူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ အဲဒါအပြင် အရှေ့ ဘက်ထောင့်အစွန်းမှာကြည့်လိုက်ရင် ဘုရားစင်လိုမျိုး အပေါ်မှာတင်ထားတာက တလာကူး ဘာသာဝင် ယုံကြည်ကိုးကွယ်တဲ့ ရသေ့ပုံချိတ်ဆွဲထားတာလည်း တွေ့ရပြီး ဓမ္မာရုံ အပေါ်ဘေးပတ်လည်မှာတော့ တလာကူးဘာသာဝင် ဓာတ်ပုံတွေ၊ အလှူလှုပ်ရှားမှုဓာတ်ပုံတွေ ဘေးပတ်လည်ချိတ်ထားတာကိုလည်း တွေ့ရပါတယ်။
သာသနာနယ်မြေအဖြစ် သတ်မှတ်ထားတဲ့အတွက် ရွာထဲမှာ ကြက်၊ ဝက်၊ ဘဲ စတဲ့ အိမ်မွေး တိရိစ္ဆာတွေကို မွေးခွင့်မပေး ပါဘူး။ ပြီးရင် သက်သတ်လွတ်နယ်မြေအဖြစ်လည်း သတ်မှတ်ပြီး ရွာမှာနေထိုင်သူအားလုံးက ကိုယ်တိုင်ယက်လုပ်ထားတဲ့ ကရင်ရိုးရာအဝတ်အစားကိုသာ ဝတ်ဆင်ရပါတယ်။ အမျိုးသားတွေကတာ့ ဆံရှည်ထားရပြီး နဖူးပေါ်တည့်တည့်မှာဆံထုံး ထုံးထားရပါတယ်။
တကယ်တော့ အဲဒီတလာကူးကျေးရွာလေးဟာ မြေဧက ၉ ဧကလောက်သာ အကျယ်အဝန်းရှိပြီး အိမ်ငယ်လေး ၁၆လုံးနဲ့ လူကြီးလူငယ် အယောက် ၄ဝသာ အဲဒီရွာမှာ နေထိုင်ပါတယ်။ ရွာမှာအခြေချနေထိုင်မယ်ဆိုရင် ရှေး ကရင်ရိုးရာဝတ်စုံကို နေ့စဉ် ဝတ်ဆင်ပြီး ငါးပါးသီလ စောင့်ထိန်းနိုင်မှ အဲဒီရွာထဲမှာ နေထိုင်နိုင်တယ်လို့ စည်းမျဉ်းစည်းကမ်းချမှတ်ထားပါတယ်။ မည်သူမဆို နေထိုင်ခွင့် ပေးပေမယ့်လည်း မနေနိုင်တဲ့လူများတယ်လို့ အဲဒီကျေးရွာရဲ့ အကြီးအကဲတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ရွာထဲမှာတော့ လူနည်းနည်းသာ တွေ့ရပြီး ရှိတဲ့လူတွေကို လိုက်မေးကြည့်တော့ တလာကူးတို့ရဲ့ ဥပုဒ်နေ့ မဟုတ်လို့ လူသိပ်မတွေ့ရတာဖြစ်တယ်လို့ အဲဒီကလူတွေပြောပြချက်အရ သိရပါတယ်။ ဥပုဒ်နေ့ တစ်ရက်သာ အဲဒီရွာမှာ လူစုံ တက်စုံရှိပြီး ဥပုဒ်နေ့မဟုတ်တဲ့ရက်များမှာတော့ ရွာမှာနေထိုင်သူ အများစုက စားဝတ်နေရေးအတွက် အပြင်ထွက် လယ် ယာသွားရောက်လုပ်ကိုင်သလို အချို့တွေကတော့ သူတို့နေထိုင်ရာ သူတို့ရွာမှာ ပြန်လည်နေထိုင်ပါတယ်။
တချို့ကျတော့ သူတို့သားသမီးတွေရှိတဲ့ ရွာကိုပြန်သွားတာလည်းရှိပါတယ်။ တစ်ခြားနေ့တွေမှာတော့ အပြင် သွားနိုင် ပေမယ့်လည်း သူတို့ ဥပုဒ်နေ့ ရောက်ပြီးဆိုရင် တစ်ပတ်တစ်ခါ ရွာပြန်လာပြီး အဲဒီရက်မှာ ဘာမှအလုပ်မလုပ်ဘဲ ဝတ်ပြု ဥ ပုဒ်စောင့်ပြီး ထမင်းစား ဓမ္မာရုံမှာ အတူတကွ ထမင်းစားတယ်လို့ သိရပါတယ်။
လက္ခဏရွာမှာ နေထိုင်တဲ့ တလာကူးဘာသာဝင် နန်းဂေက“ အဖိတ်နေ့ဆိုရင် ကျမတို့တလာကူးဥပုဒ်နေ့ အဲဒီနေ့မှာ လူစုံတယ်။ တချို့တွေက လာလည်ပေမယ့်လည်း ဥပုဒ်နေ့နဲ့ မတိုက်ဆိုင်ရင် လူသိပ်မတွေ့ရဘူး။ အပြင်ထွက် လယ်လုပ်ရ တာပေါ့၊ ကျမလည်းအပြင်မှာဘဲနေတယ်။ အလုပ်ရှိမှ ပြီးတော့ ဥပုဒ်နေ့ရောက်မှလာဖြစ်တယ်” ဟု သူမက ပြောပြပါတယ်။
ပြီးရင်ရွာမှာ လာလည်တဲ့လူတွေကုသိုလ်ရဖို့ လူမရှိတဲ့ ဓမ္မာရုံအလယ်မှာ ဝါးနဲ့လုပ်ထားတဲ့ ပိုက်ဆံအလှူခံပုံးနဲ့ စာအုပ်တစ်အုပ်ထားရှိထားပါတယ်။ အဲဒီဝါးအလှူခံပုံး စာအုပ်ထားတယ်ဆိုတာကလည်း အလှူငွေ လာရောက်ထည့် လှူတဲ့လူတွေကို နာမည်၊ နေရပ်လိပ်စာ၊ စုစုပေါင်းကျပ်ငွေ မှတ်တမ်းရေးထားပေးဖို့ စာအုပ်နဲ့ ထားပေးတာလည်း ဖြစ်ပါတယ်။
ဓမ္မာရုံကိုတော့ အဲဒီရွာမှာ လာရောက်နေထိုင်ပြီး ဗုဒ္ဓဘာသာ တလာကူး ကရင်တိုင်းရင်းသားအဖြစ် ခံယူထားတဲ့ အမေရိကန်နိုင်ငံသား ရောဘတ်မန်းကီး ဆောက်ထားတဲ့ ဓမ္မာရုံလို့ အဲဒီမှာနေထိုင်သူများက ပြောပြချက် အရ သိရပါတယ်။
ရွာမှာနေထိုင်တဲ့သူ အားလုံးက ငါးပါးသီလကို အတတ်နိုင်ဆုံးစောင့်ထိန်းနိုင်သူတွေဖြစ်တဲ့အတွက် တံခါး မရှိတဲ့ ဇရပ်ပေါ်မှာ သယ်ယူရလွယ်ကူပြီး သေးငယ်တဲ့အလှူခံပုံးတွေ ထားရှိပေမယ့်လည်း ပျောက်မှာ စိုးရိမ်မှုမရှိဘူးလို့ ရွာမှာနေတဲ့လူတွေက ပြောပါတယ်။
ရိုးရာယဉ်ကျေမှု မပျောက်ပျက်အောင် အတတ်နိုင်ဆုံးထိန်းသိမ်းမှုတွေရှိနေသေးတဲ့အတွက် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်အပြင် ကရင်ပြည်နယ်အတွင်း နေထိုင်သူတော်တော်များများလည်း အခုဆိုရင် အဲဒီရွာ လေးဆီကို တစ်နှစ်ထက်တစ်နှစ် သွားရောက်လည်ပတ်မှုတွေ ရှိလာတယ်လို့လည်း အဲဒီရွာမှာနေ ထိုင်သူ တွေက ပြောပါတယ်။
ဂုဏ်သာဖောင်ဆိုတဲ့ တလာကူးရွာကိုတော့ တည်ထောင်ထားတာ နှစ်ပေါင်းမကြာသေးပါဘူး ။ ဖားအံမြို့နယ် တလာကူး (တ်ုလာဂုဏ်)ဘာသာဝင်များရဲ့ ရာသီပွဲတော်နဲ့ ဥပုဒ်သီတင်း ဝတ်ပြုရာနေရာမှာ ယခင်က ဖားအံမြို့ နယ် နမ္မဘုံ (ဏံင်းဝးဘုံ) ရွာမှာရှိခဲ့တာ ဖြစ်ပါတယ်။ ဖားအံမြို့နယ် ဒုံရင်းဂွင်ရှိ တလာကူး ဘာသာဝင်များ သွားလာရဝေးတဲ့အတွက် ဂုဏ်သာဖေါင်မှာပြန်လည်ပြောင်းရွှေ့ လာခြင်းလည်းဖြစ်ပြီး အလွန်ဆုံးမှ နှစ်၄၀ ကျော်လောက် သာရှိသေးတယ်လို့ အဲဒီမှာနေထိုင်တဲ့ ရှေ့မှီနောက်မှီသူတွေက ပြောပါတယ်။
အဲဒီရွာမှာနေထိုင်တဲ့ အသက် ၆ဝကျော် အဘွားတစ်ယောက်ကတော့ “အဘွားတို့က ဒီရွာမှာမဟုတ်ဘူး။ အိန္ဒုမှာနေတယ်။ ဒီမှာက အဘွားတို့ လင်မယားနှစ်ယောက်ဘဲလာနေတယ်။ သားသမီးတွေက မလာနေနိုင်ဘူးလေ။ အဘွားတို့ဝတ်နေတဲ့ ကရင်ဝတ်စုံတွေက သူတို့နေ့တိုင်းမဝတ်နိုင်ဘူး။ သက်သတ်လွတ်လည်း သူတို့မစားနိုင်ဘူးဆိုတော့ အဘွားတို့နှစ်ယောက် ဘဲလာနေရတာပေါ့ ။ တလာကူးဘာသာက စည်းကမ်းချက်များတော့ အခုခေတ် ကလေးတွေက ဘယ်လိုလိုက်နာ နိုင်တော့မှာလဲပေါ့” ဟု ပြောပါတယ်။
တလာကူး ဘာသာဝင်ဖြစ်ပါက မိဘဘိုးဘွားအစဉ်ဆက်မှ စောင့်ရှောက်ထိန်းသိမ်းလာသော အသွားအလာ၊ အစားအသောက်၊ နေပုံထိုင်ပုံ၊ အပြောအဆိုနဲ့ ဝတ်စားဆင်ယင်မှု စတဲ့ ဆောင်ရန်၊ ရှောင်ရန် ဝတ္တရားများ (ထုန် ့-နှင့်-ထော်) လိုက်နာရမယ့် စည်းကမ်းချက်များစွာရှိတဲ့အတွက် ခေတ်ကာလ တိုးတက်လာတာနဲ့အမျှ မျိုးဆက်သစ် ကလေး တွေလည်း စည်းကမ်းမလိုက်နာနိုင်တော့ဘဲ ခွဲထွက်သွားသူများလည်းရှိလာနေပြီး ဘာသာဝင်ဦးရေ တဖြည်းဖြည်းနည်းလာတယ်လို့လည်း သူမက ပြောပါတယ်။
တလာကူးဘာသာဝင် ကရင်မျိုးနွယ်များဟာ ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်ဒေသတစ်ဝိုက်တွင်နေထိုင်ပြီး က ရင်ရိုးရာ ဝတ်စား ဆင်ယင်မှုနဲ့ ကရင်ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တဲ့အပြင် ကျင့်ဝတ်၊ သီလကိုလုံခြုံစွာ ထိန်းသိမ်း စောင့်ရှောက်တဲ့ မျိုးနွယ်စုတစ်စုဖြစ်တယ်လို့လည်း သိရပါတယ်။
တလာကူးဘာသာဝင် ပင်မနေရာများကတော့ လက်ရှိအချိန်မှာ ထိုင်းနယ်စပ်ဒေသ ထီ့မော် (ခေါ်) လေးတော်ခို့မှာ တစ်နေရာနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကွီလုံးတန်ရွာမှာ တစ်နေရာဖြစ်ပြီး ၎င်းပင်မရှိရာ နေရာများကတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် နေရာဒေသအလိုက် ဝတ်ပြုတဲ့ နေရာရှိအောင် ကော့ကရိတ်မြို့နယ် ကျုံဒိုးချောင်းဖျားမှာ တစ်နေရာ၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မီးကသစ် ရွာနားမှာ တစ်နေရာ၊ ဒုံရင်းဂွင်တ လာကူးဘာသာဝင်အတွက် ဖားအံမြို့နယ် ဂုဏ်သာဖောင် ကျေးရွာမှာ တစ်နေရာထား ရှိတယ်လို့လည်း သိရပါတယ်။
လက်ရှိ ဒုံံရင်းဂွင်ရှိတလာကူးဘာသာဝင်များကတော့ ဖားအံမြို့ တောင်ကလေးဆရာတော် အရှင်ပညာသာမိ (တောမှီရ ဟန်း) အရှင်သူမြတ်ရဲ့ သြဝါဒ လမ်းညွှန်မှှုအောက်နေထိုင်လိုက်နာလျှက်ရှိပြီး ရိုးရာ အစဉ်အလာ မပျောက်ရန် ထိန်း သိမ်းကာ လယ်ယာလုပ်ငန်း အခြေခံပြီး အေးချမ်းစွာ နေထိုင်လျှက်ရှိပါတယ်။
ဂုဏ်သာဖောင်ရွာမှာ နေထိုင်တဲ့ မန်းအောင်သန်းရွှေကတော့ “ဒီဒုံရင်းဂွင်မှာဆိုရင် တာလာကူးတွေမပျောက်အောင် ဆရာတော် ပြန်လည် စည်းရုံးပေးတာလည်းအများကြီးရှိတယ်။ ကရင်နှစ်သစ်ကူးပွဲတော်ဆိုရင်လည်း ကျနော်တို့ လုပ် နည်းလုပ်ဟန်နဲ့ ဆရာတော်ဖော်ထုတ်ပေးခိုင်းတယ်။ သြဇာရှိသူကောင်းမှုကြောင့် ဒီနယ်က တလာကူးဘာသာဝင်တွေက အေးအေးချမ်းချမ်းနဲ့ အနှောင့်အယှက််မရှိ နေနိုင်တာဖြစ်တယ်”လို့ သူက ပြောပါတယ်။
ရွာမှာနေထိုင်တဲ့လူတွေအများစုကတော့ လယ်ယာအလုပ်ကိုသာ အဓိကလုပ်ကိုင်နေပြီး အင်ဖက်ကျသည့် အချိန်မှာ အင်ဖက်ကောက်ပြီး အပိုဝင်ငွေရှာကြပါတယ်။ အချို့လည်း ဘန်ကောက်တက် အလုပ်သွားရောက်လုပ် ကိုင်တာ လည်းရှိပါတယ်။ ရွာမှာက ကျန်းမာရေး ၊ ပညာရေးအတွက် ဘာမှမရှိပါဘူး ။ တစ်ဦးတစ်ယောက် နေမကောင်းဖြစ်ရင်တော့ ဆေးမြီးတိုနဲ့သာကုပြီး မရပါက အခြားရွာက ဆေးခန်းသွားရပါတယ်။
ကလေးတွေအတွက် ပညာရေးကတော့ အနီးစပ်ဆုံးအခြားရွာမှာဘဲ ကျောင်းသွားတက်ရပါတယ်။ ရွာထဲမှာ နေထိုင်တဲ့လူကြီး ၊ လူငယ်၊ ကလေးအားလုံး ကရင်ရိုးရာ အကျႌကိုသာ ဝတ်ဆင်ရတဲ့အတွက် အခြားရွာမှာ ကျောင်းသွား တက်ရင်လည်း မူလတန်းအထိ သူတို့ဝတ်နေကျ ကရင်ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ပြီး ကျောင်းတက်ကြပါတယ်။
“အတန်းငယ်တဲ့ကလေးတွေကတော့ ကရင်သင်တိုင်းနဲ့ဘဲကျောင်းသွားတယ်။ အတန်းကြီးလာရင်တော့ သင်တိုင်းနဲ့ ကျောင်းသွားလို့မရဘူး။ ကျောင်းဝတ်စုံပြောင်းဝတ်ရတာပေါ။့ ဒီရွာမှာတော့ အတန်းကြီးတယ်ဆိုလို့ ကျနော့် သမီးတစ် ယောက်ဘဲရှိတယ်။ သူကတော့ ၇ တန်းတက်တယ် ။ ကျောင်းသွားတဲ့အချိန်ဆိုရင် ကျောင်းဝတ်စုံဝတ်တယ်။ အိမ်ပြန် ရောက်ရင်တော့ သင်တိုင်းဘဲပြန်ဝတ်တယ် ။ ကျောင်းဝတ်စုံကတော့ အိမ်အောက်မှာဘဲ သူထားတယ်။ အိမ်ပေါ်တော့ သူမတင်ဘူး။ သူ့အသိနဲ့သူပေါ့” ဟု မန်းအောင်သန်းရွှေက ပြောပါတယ်။
ဂုဏ်သာဖောင် ရွာမှာတော့ လက်ရှိအချိန်ထိ အထက်တန်း တက်ရောက်ပညာသင်ယူနိုင်တဲ့လူမရှိသေးပါဘူး။ အများစုက အရွယ်ရောက်လာတာနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ကြရပါတယ်။
ရွာမှ နေထိုင်တဲ့ တလာကူးများကတော့ ကရင်လူမျိုးတို့ရဲ့ ဂုဏ်သိက္ခာလက္ခဏာများကို ထိန်းသိမ်းပြီး တိမ်ကောနေတဲ့ တလာကူးအစဉ်အလာ သမိုင်းများကို ပြန်လည်ဖော်ထုတ်နေတဲ့ အပြင် တစ်ဖက်မှာလည်း ခေတ်နှင့်လျော်ညီတဲ့ အတတ်ပညာရှင်တွေ မွေးထုတ်နိုင်ဖို့ သူတို့မျှော်မှန်းနေဆဲပါပဲ။
အဲဒီဂုဏ်သာဖောင်ရွာလေးရဲ့ထူးခြားချက်တစ်ခုကတော့ မည်သည့် ဂုဏ်ပကာသနမှ မရှိဘဲဆွေမျိုးရင်းချာသဖွယ် စိတ် ဓာတ်ထားပြီးနေထိုင်ကာ သီလ၊ သမာဓိ စောင့်ထိန်းပြီးနေထိုင်တဲ့အတွက် ခိုက်ရန်ဖြစ်မှု၊ ခိုးမှု၊ ဒုစရိုက်မှုမရှိတဲ့အပြင် အရက်သေစာနဲ့မူးယစ်ဆေးဝါးသုံးစွဲသူ လုံးဝကင်းစင်တဲ့ရွာလေးဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
ယခု အချိန် သူတို့ရွာမှာ ဧည့်သည်တွေ တည်းခိုလို့ရအောင်အဆောက်အဦးဆိုလို့ ပိရမစ်ပုံ ဝါးနဲ့ဆောက်ထားတဲ့ ဓမ္မာရုံတစ်လုံးရယ်၊ လူအယောက်၂ဝဆံ့တဲ့ နှစ် ၃ဝကျော် ဇရပ်ငယ်လေးတစ်လုံးရယ် ဘဲရှိပါတယ်။ အဲဒီအတွက် သူတို့ရည်မှန်းထားတာ တစ်ခုကတော့ အပတ်စဉ်ဥပုဒ်နေ့မှာ ဆွမ်း၊ ထမင်းကျွေးမွေးဖို့ ဆွမ်းစားဓမ္မာရုံကြီး တစ်လုံး တည်ဆောက်ရန် သူတို့စီစဉ်ထားပြီး ကျေးရွာလူထုအနေအထားနဲ့ လူအင်အား၊ ငွေအင်အားမညီမျှတဲ့အတွက် လက်ရှိ အချိန်မတည်အလှူရှင်ရှိဖို့ သူတို့မှာမျှော်လင့်ထားပြီး ရှိတဲ့အင်အားနဲ့ သူတို့ကြိုးစားနေဆဲပါ။
ခေတ်ကာလတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ သူတို့ရဲ့လူနေမှုပုံစံများဟာ ကရင်ရိုးရာ ဝတ်စားဆင်ယင်မှုနဲ့ ယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းရာရောက်တဲ့အတွက် ကရင်လူမျိုးအများစုက သူတို့ကို လက်ခံအားပေး နိုင်မှုများရှိသလိုပဲ ရှေးရိုးစွဲလူနေမှုစနစ်ဟုဆိုကာ အလားတူ နေထိုင်မှုမျိုးကို ဝေဖန်ရှုတ်ချတဲ့လူ တွေလည်း ရှိနေပြန်ပါ တယ်။
ငါးပါးသီလနဲ့ ကိုယ်ကျင့်သီလ စောင့်ထိန်းပြီး ကရင်ရိုးရာ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးတမ်း မပျောက်ပျက် အောင် သူတို့လို ထိန်းသိမ်း နိုင်ဖို့ဆိုတာမလွယ်ပါဘူး။ တိုးတက်လာတဲ့ ခေတ်အခြေအနေ၊ ပြောင်းလဲလာတဲ့ သူတို့ပတ်ဝန်း ကျင်နားမှာ သူတို့မျိုးဆက်သစ်တွေကကော ဒီလို နေထိုင်မှုမျိုးကို နှစ်ပေါင်းကြာရှည်စွာ ထိန်းသိမ်း နိုင်ပါ့မလားလို့ တွေး မိရင်း ဆုတောင်း နေမိပါတော့တယ်။