ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့မှ ကိုယ်စားလှယ်များ ရှားတောသို့ စည်းရုံးရေးဆင်းသည့်အချိန်တွင် ဦးအောင်မင်း မဲဆွယ်ခဲ့သည့် ပစ္စည်းထောက်ပံ့မှုများကို မြင်တွေ့ကြရကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့မှ ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဒေါ်ဆိုဖာနီးယာက ပြောသည်။
၎င်းက “ ရှားတောကို စည်းရုံးရေးဆင်းတဲ့ အချိန်ကျတော့ ဦးအောင်မင်းက ရွာသားတွေကို ဆန်အိတ်တွေဝေပေးခဲ့တာ တွေ့တယ်” ဟု ပြောသည်။
နောက်ပိုင်းတွင်လည်း SKY NET နှင့် ဆိုလာပြားများကို တစ်ရွာ တစ်ခုစီ နှင့် အိမ်ထောင်စု လူဦးရေပေါ်မူတည်၍ ဆန်အိတ်များထက်မံလာရောက်ပေးဦးမည်ဟု အောက်တိုဘာ ၁၁ ရက် က ရှားတောတွင်လာရောက်ပြောဆိုသွားသည်။
ထိုပြင် ရှားတောမှ ဒေသခံများကလည်း ဒေါတနောကျေးရွာမှ သေးလဲရွာအထိ လမ်းဖောက်ပေးဖို့ကို ဦးအောင်မင်းအား တောင်းဆို ထားသည်ဟု ဆိုသည်။ လမ်းများဖောက်လုပ်ဖို့ ဦးအောင်မင်းမှ ဘတ်ဂျက်များထုတ်ပေးမည်ဟုလည်း သိရသည်။ ဘတ်ဂျက်များ ထုတ်ပေးမည်ဟု ပြောသောကြောင့် ခန်းမဆောင်ဆောက်လုပ်ရန်ကိုလည်းတောင်းဆို ထားပြီး ကျေးရွာအုပ်ချုပ်ရေး အပိုင်းမှ ကော်မတီများက စီမံကိန်းများဆွဲနေကြပြီ ဖြစ်ကြောင်း သိရပါသည်။
ကယားပြည်နယ် ရှားတောမြို့နယ်အတွင်းတွင် ကယားလူမျိုးအများဆုံးနေထိုင်ကြပြီး ဗမာစကားပြောတတ်သူ မြို့ပေါ်ရောက် လူငယ်အနည်းငယ်မျှသာရှိသည်။ ဦးအောင်မင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့် ရှားတောတစ်မြို့နယ်လုံး၌ မဲဆန္ဒပေးနိုင်သူ လေးထောင်ခန့်သာရှိပြီး မဲဆန္ဒနယ် အမှတ် (၇)သည် ပျှမ်းမျှ ၂ ထောင်ခန့်သာ ရှိနိုင်မည်။
ရွေးကောက်ပွဲကာလအတွင်း တပ်မတော်မှ ကယားပြည်နယ်တွင် မဲရုံ ၃၂ ရုံလုံခြံုရေးထားရှိမည်ဖြစ်ရာ ရှားတောမြို့နယ်အတွင်း တပ်မတော်မှ မဲရုံ (၃)ရုံလုံခြံုရေးယူမည်ဟု ကော်မရှင်ထံမှ သိရသည်။
ရှားတောမြို့နယ်တွင် တပ်မ ၅၅ လက်အောက်ခံတပ်ရင်း နှစ်ရင်း နှင့် ဒကစ လက်အောက်ခံတပ်ရင်း တစ်ရင်း၊ နယ်ခြားစောင့်တပ်ခွဲ တစ်ခုရှိသည်။