၅ ကြိမ်မြောက်ကျားဖြူညီလာခံမှ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၏ ရင်တွင်းစကား

၅ ကြိမ်မြောက်ကျားဖြူညီလာခံမှ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၏ ရင်တွင်းစကား
by -
သျှမ်းသံတော်ဆင့်
ဥက္ကဋ္ဌနဲ့ ဗဟိုကော်မတီဝင် ၊ အလုပ်အမှုဆောင်တွေကို အသစ်တဖန် ပြန်လည်ရွေးချယ်ခဲ့တဲ့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီ SNDP ရဲ့ပဥ္စမ အကြိမ်မြောက်ပါတီ ညီလာခံကနေ ရှေ့လုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက်ကော ဘာတွေပြင်ဆင်ထားပါသလဲ။ SNDP ပါတီဥက္ကဋ္ဌ ကို သျှမ်းသံတော်ဆင့်က နန်းဆိုင်ဖူး ကနေ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ( ကျားဖြူပါတီ) ပဥ္စမကြိမ်မြောက်ပါတီညီလာခံမှာ ဘာ အကြောင်းတွေ ဆွေးနွေးခဲ့ပါသလဲ ။ ဘာတွေ ဆုံးဖြတ်နိုင်ခဲ့လဲ ။

ဖြေ ။ ။ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်ရဲ့ သက်တမ်းက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကုန်ဆုံးသွားပြီ။ ဒါကြောင့် ၅ ကြိမ်မြောက် ညီလာခံမှာ ပြန်ရွေးချယ်တာပေါ့ ။ ဥက္ကဋ္ဌသစ် အပါအဝင် ဗဟိုအလုပ်အမှုဆောင်တွေပေါ့ ။ အကုန် လုံးပြန်ရွေးရတယ် ။ ဒီညီလာခံရဲ့ အရေးကြီးဆုံးအချက်က ဥက္ကဋ္ဌ အသစ်ပြန်ရွေးတာရယ် ဗဟိုအလုပ်အမှုဆောင် ပြန်ရွေး တာတွေပေါ့ ။

မေး ။ ။ ဥက္ကဋ္ဌ အသစ် ရွေးချယ်မှုလေးပြောပြပေးပါလား ။

ဖြေ ။ ။ တစ်မြို့ကို တစ်ယောက်နှုန်းနဲ့ ဆန္ဒမဲထည့်ပြီး ပြန်ရွေးတယ်။ ၅၄ မြို့နယ်မှာ သူတို့က ကျနော်ကို ဥက္ကဋ္ဌ လုပ်ဖို့ ပြန်ရွေးတယ် ။ ကျနော်လည်း အသက်ကြီးပြီ။ နားချင်ပေမယ့် လူအများက ရွေးတော့ ၅၄မြို့ထဲမှာ ကျနော်က ထောက်ခံမဲ ၅၂ မဲရတယ် ။ အဲ့ဒါနဲ့ ဥက္ကဋ္ဌသစ်ပြန် ဖြစ်တယ် ။ အဲ့ဒီ ၂ မဲက ပယ်မဲဖြစ်သွားတာ ကျားဖြူပါတီထဲ ဥက္ကဋ္ဌ ပြန်ဖြစ်တာပေါ့။

မေး ။ ။ ပဥ္စမအကြိမ်မြောက် ညီလာခံလုပ်တာ ကောင်းကျိုးဘယ်လိုရလဲ ဆိုးကျိုးဘယ်လိုလဲ။

ဖြေ ။ ။ ကောင်းကျိုးကတော့ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်ဖွဲ့တဲ့နေရာမှာ ဒီမိုကရေစီနည်းနဲ့ ဖွဲ့ခဲ့တယ် ။ ၂၀၁၀ ကနေ ၂၀၁၅ ထိက ပါတီ ဖောင်ဒါ ၁၅ ယောက်လုပ်ပြီး နောက်ထပ်ဖြည့်ရုံပဲလေ။ အခုက အခြေခံ စည်းမျဉ်း ဥပဒေနဲ့ အညီ ကျနော်တို့ ပါတီက လုပ်တယ် ဒီမိုကရေစီနည်းနဲ့ပေါ့။

မေး ။ ။ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကျားဖြူပါတီ အနေနဲ့ လွှတ်တော်နေရာမှာ တစ်နေရာ နိုင်ခဲ့တဲ့အပေါ်မှာ ဘယ်လိုအားနည်းချက်တွေရှိခဲ့ပါသလဲ ။

ဖြေ ။ ။ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ မြေပြန့်ဒေသမှာဆိုရင်လည်း လွတ်လပ်ပြီး တရားမျှတတယ်ဆိုတာ မှန်တယ်။ သျှမ်းပြည်နဲ့ ကချင်ပြည်မှာက မလွှတ်လပ်ဘူး။ တရားမျှတမှု မရှိဘူး ။ ဘယ်လိုလဲဆိုတော့ လက်နက်ကိုင်တွေ ခြိမ်း ခြောက်တာခံရပြီးပြည်သူတွေကကြောက်ပြီး ကျားဖြူပါတီကို မဲမထည့်ရဲဘူး အဲ့လိုတွေရှိတယ်။ နောက်ထပ် တစ်ခု က ကြိုတင်မဲက အရမ်းများနေတယ် ။ ကြိုတင်မဲမရှိသင့်ဘူး ။ ကချင်မှာလည်း အဲ့လိုဘဲ လက်နက်ကိုင်တွေ ခြိမ်းခြောက် တယ် လေ ။ ဘယ်အဖွဲ့လည်းတော့ မပြောတော့ဘူး ။ ပြည်သူတွေကြောက်ပြီး အဲ့ဒါဘဲထည့်ရတယ်လေ ။ ကျားဖြူကို မထည့်ရဘူးပေါ့ ။ ဆန္ဒမဲ လာထည့်တဲ့လူတွေလည်း ၁၀၀ မှာဆိုရင် ၅၀ လောက်ဘဲ လာထည့်ကြတယ် ။

မေး ။ ။ နောက်ထပ်လာမယ့် ရွေးကောက်ပွဲကော ကျားဖြူပါတီ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မလား။

ဖြေ ။ ။ ဝင်မှာပေါ့ ကျနော်တို့ ပါတီတော့ အမြဲတမ်းဝင်မှာဘဲ။

မေး ။ ။ ဘယ်လိုမျှော်လင့်ထားပါသလဲ။

ဖြေ ။ ။ နိုင်မှာဘဲပေါ့။ တကယ်လို့ ငြိမ်းချမ်းပြီး ဘယ်သူမှ လက်နက်ကိုင်တွေကို မခြိမ်းခြောက်ခိုင်းဘူးဆိုရင် နိုင်မှာသေချာတယ်။

မေး ။ ။ ဘယ်လိုပြင်ဆင်မှုလုပ်ထားပါသလဲ။

ဖြေ ။ ။ ၂၀၁၀ ကနေ ၂၀၁၅ ထိ ပါတီဝင် လေးသိန်းကျော်တောင်ရှိတာပဲ။ တိုင်ရင်းသားပါတီတွေထဲမှာ ဒီလိုမျိုး ပါတီဝင်တွေ အများကြီးရှိတာ မရှိဘူးနော် မဟုတ်ဘူးလား ။

မေး ။ ။ ၂၀၁၆ ကနေ ၂၀၂၀ ကြားမှာ ဘယ်လိုပြင်ဆင်ထားလဲ ။

ဖြေ ။ ။ သေသေချာချာ ပြင်ဆင်ထားပြီ။ တစ်ချို့ဟာတွေက မီဒီယာထဲမှာပြောရင် ဘာမှမထူးဘူး ။ ကိုယ်ဘာလုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာ သူများသိသွားမှာပေါ့ ။ ကိုယ့်ပါတီအတွက် မကောင်းဘူးလေ ။ အကုန်လုံးတော့ မပြောနိုင်ဘူး ။ ဒါပေမယ့် အကုန်လုံး ပြင်ဆင်ထားပြီးပြီ ။

မေး ။ ။ သတင်းတွေမှာ ထွက်ပေါ်လာတာတွေရှိတယ်။ ကျားဖြူပါတီက ဦအောင်သောင်း ဦးသိန်းစိန်တို့ ဆီက ထောက်ပံ့မှုတွေ ရှိနေတယ်ဆိုတာ အဲ့ဒါကကော ဘယ်လိုပြောချင်ပါသလဲ ။

ဖြေ ။ ။ ကျနော်တို့ပါတီက ဘယ်သူ့ကိုမှ အထောက်အပံ့မလုပ်ဘူး။ ဘယ်သူဆီကနေလည်း အထောက် အပံ့ မယူ ဘူး ။ ဦးအောင်သောင်း တစ်ပြားမှ လာမကူဘူး ဦးသိန်းစိန် တစ်မူးမှ ကျနော်တို့ ပါတီကိုလာမကူဘူး ။ တစ်ပြား မပြော နဲ့ တစ်မူးတောင်မှ မလာကူဘူး ။ ဒါကတော့ ကိုယ့်နောက်ကနေ အတင်းပြောတဲ့လူတွေပဲ ။ အဲ့ပါတီက သူ့နာမည် ပြောရမှာပျင်းတယ် အဲ့ဒါက သျှမ်းပါတီမဟုတ်ဘူး – သျှမ်းကို သျှမ်းကွဲအောင်လုပ်နေတာ ။

မေး ။ ။ အခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဘာတွေလုပ်ဖို့ရှိပါသလဲ ။

ဖြေ ။ ။ ကျားဖြူပါတီရဲ့ သဘောထားကြေညာချက်က ၂၀၁၆ -၂၀၂၀ သက်တမ်းအတွင်း ကျားဖြူပါတီသည် မိမိပါတီ အားဖျက်သိမ်း၍သော်လည်းကောင်း ၊ ပါတီအခြေခံမူဝါဒများကို ပြုပြင်၍သော်လည်းကောင်း ၊ အခြားပါတီနှင့် တူညီသောကိစ္စရပ်များကိုသာလျှင် မည်သည့်ပါတီနှင့် မဆို လက်တွဲဆောင်ရွက်မည် ။

မေး ။ ။ အခြားပါတီတွေနဲ့ လက်တွဲပူးပေါင်းဖို့ မရှိဘူး ကိုယ့်ပါတီရဲ့ မူဝါဒနဲ့ဘဲသွားမယ်ဆိုတော့ ဘာကြောင့်လဲ ။

ဖြေ ။ ။ ပါတီတွေ နှစ်ပါတီ သုံးပါတီတွေပေါင်းပြီး ပါတီတစ်ခုတည်းဖြစ်အောင် ဆိုတာ မဖြစ်နိုင်ဘူး။ မူဝါဒတွေ မတူကြဘူး။ ဥက္ကဋ္ဌ ရှင်းပြမယ်နော် ။ ရခိုင်တွေ မြင်တယ်မလား ။ ပါတီတွေပေါင်းတော့ ငါထုတ် သူထုတ် မကောင်းဘူး ။ ဒီလိုမျိုး ကိုယ့်ပါတီကိုယ်နေပြီး ကို်ယ်ကိုယ်အလုပ်လုပ်ပြီး လွှတ်တော်ထဲဝင်ပြီး ပြန်လာပူးပေါင်းမှ အဲ့ဒါမှ ပိုမိုကောင်းမွန်မယ် ။

မေး ။ ။ ကာတွန်းတွေမှာ ထွက်လာတာရှိတယ်။ အဲ့ဒါကတော့ ကျားဖြူပါတီရဲ့ အာဘော်ဟုတ်ပါသလား။

ဖြေ ။ ။ မဟုတ်ဘူး ။ အဲ့ဒါ ကာတွန်းဆွဲတဲ့လူရဲ့ သဘောထားဘဲဲဖြစ်မယ် ။ ကျားဖြူပါတီရဲ့ သဘောထား မဟုတ်ဘူး။

မေး ။ ။ နောက်ဆုံးအနေနဲ့ သျှမ်းပြည်တွင်းရှိ ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။

ဖြေ ။ ။ သျှမ်းပြည်တွင်းမှာ သာမကဘဲ ကချင်ပြည် ကယားပြည်မှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ နောက်ထပ် ၂၀၂၀ ကျရင် ကျားဖြူပါတီ ပြန်လည်ပေါ်ပေါက်လာတော့မယ်လို့ မှာချင်ပြီး ပြည်သူလူထုတွေ အားမငယ်ပါနဲ့ ။ ကျားဖြူပါတီ မနိုင်ပေမယ့် ၂၀၂၀ မရောက်ခင် ၂၀၁၆ ကနေ ၂၀၂၀ အတွင်း ကျားဖြူပါတီအနေနဲ့ ပြည်သူလူထုတွေကို ကူညီထောက်ပ့ံသွားမယ်လို ပြောချင်ပါတယ်။

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...