မေး ။ ။ SNDP ကျားဖြူပါတီရဲ့ အဓိက ရည်ရွယ်ချက်ကို သိပါရစေရှင်။
ဖြေ။ ။ ကျနော်တို့ကျားဖြူပါတီရဲ့ ရည်ရွယ်ချက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ပဲဖြစ်တယ်။ အရင်က ကိုယ်စားလှယ်လောင်း ၂၁၀ ဝင်ပြိုင်ဖို့ လုပ်ထားတာအကြောင်း အမျိုးမျိုး ကြောင့် ၃ ယောက် အပယ်ခံရတယ်။ ၂၀၇ ဘဲကျန် တာ့တယ်။ ဒီအရေအတွက်ဟာ တခြားသော တိုင်းရင်းသား လူမျိုးစုနဲ့စာရင် ကျားဖြူ ပါတီက ကိုယ်စားလှယ်လောင်း အရေအတွက်အများဆုံး ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ နောက်တခုက ၂၀၁၅ မှာအနိုင် ရရင် သျှမ်းပြည်နယ်အစိုးရ ဖွဲ့မယ်။ ဘာကြောင့် လဲဆိုတော့ သျှမ်းပြည်နယ်ဟာ သျှမ်းအစိုးရ အုပ်ချုပ်စေချင်တယ်။ ကျနော်တို့ သျှမ်းပြည်ကို ကျနော်တို့ အုပ်ချုပ်နိုင်မှသာ ကျနော်တို့ သျှမ်း လူထုအတွက်လုပ်ချင်တာ လုပ်နိုင်မှာပေါ့။ ဘာလို့လဲ ဆိုတော့ တခြားသော နိုင်ငံနဲ့နှိုင်းယှဉ်ရင်ကျနော်တို့ သျှမ်းပြည်နယ်ဟာ နိမ့်ကျနေတယ်။ ကျနော်တို့ သျှမ်းပြည် ဘဲအရင်ကြည့်လိုက် တခြား နိုင်ငံနဲ့မယှဉ်သေးနဲ့။ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် လွယ်လင် ရိုင်လင်းခေးခရိုင်ဆိုရင် လွယ်လင်နဲ့လင်းခေးခရိုင်က တော်တော်လေကို တိုးတက်မှု မရှိသေးတာ တွေ့ရတယ်။ ကျနော်တို့ ဒါတွေ တွေ့ထားတော့ ကျနော်တို့ သျှမ်းပြည်နယ်အစိုးရ ဖြစ်လာပြီဆိုရင် ဒါတွေကို တိုးတက်ကောင်း မွန်လာအောင် ကျနော်တို့ ဆောင်ရွက်နိုင်မယ်လေ။ ကျနော်တို့ သျှမ်းပြည်သားတွေ မခံစားရသေးတဲ့ ကောင်းကျိုးကို ကျနော်တို့လုပ်ပေးချင်တယ်။ အစိုးရ ဖြစ်ချင်တယ်ဆိုတာခုမှပြောတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်ကတည်းက ပြောလာခဲ့တာ။ အစိုးရ မဖြစ်ရင် ဘာမှ မလုပ်နိုင်ဘူး။ သျှမ်းပြည် အစိုးရပဲ ဖြစ်ချင်တာ မဟုတ်ဘူး။ ကချင်ပြည်နယ်မှာ ၁၈ မြို့နယ်ရှိတယ်။ အဲဒီမှာ ကျနော်တို့ ကျားဖြူ ပါတီက ၉ မြို့နယ် ဝင်ပြိုင်မယ်။ ကျနော်တို့ သျှမ်းပဲ တဝက်ကျော် နေပြီလေ။ ကချင်ပြည်နယ်မှာလည်း ကျနော်တို့နိုင်ရမယ်။ ဘာလို့လဲ။ အခုအခြေအနေ ဟာ ၂၀၁၀ တုန်းကအခြေ အနေထက် ပိုပြီးတော့ ကောင်းလို့လေ။ ၂၀၁၀ တုန်းကဆိုရင် ကချင်ပြည် နယ်မှာ ကျနော်တို့ ဝန်ကြီး တယောက်နဲ့တိုင်းရင်းသားရေးရာဝန်ကြီး တယောက် ဘဲရှိတယ်။ အခုတော့ ကချင်ပြည်နယ်မှာ အစိုးရဖွဲ့နိုင်အောင်ကြိုး စား မယ်။ နောက်ပြီးတော့ ၂၀၁ဝတုန်းက ကယားပြည်နယ်ထဲမှာ ကျနော် တို့သွားပြိုင်မယ်ဆိုတော့ ပြိုင်ခွင့်မရခဲ့ဘူး။ အဲဒီမှာလဲ ကျနော်တို့ သျှမ်းတွေ အများကြီးပဲ။ အခု ကယားပြည်နယ်ထဲက ရ မြို့နယ်မှာ ကျနော်တို့ ၆ မြို့နယ် သွားပြိုင်မယ်လေ။ အဲ့ကြောင့် ကယားမှာလဲ နိုင်မယ်လို့ ကျနော်တို့ရည်ရွယ်ထားတယ်။ လာမယ့် ရွေးကောက်ပွဲတွေအတွက် အမြစ်ချထားနိုင်ပြီလေ။
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲက သျှမ်းပြည်သားတွေအတွက် ဘယ်လောက်အရေးပါမလဲ။
ဖြေ ။ ။ အရေးကြီးတာပေါ့။ ၁၉၄၈ နောက်ပိုင်း သျှမ်းလူထုကို ကိုယ်စားပြုမယ့် သျှမ်းပါတီ စစ်စစ် အနေနဲ့ ဝင်ပြိုင်တာ ဒီတခါပဲ ရှိမယ်လေ။ ဖဆပလ ခေတ်တုန်းကလည်း ရှိတယ်။ ဒါပေမယ့် ဒီလောက် မကြီးဘူးလေ။ အခု မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ မြို့မှာ ၆၈ မြို့မှာ ကျနော်တို့ပါတီ ဝင်တွေ ရှိတယ်။ ကျနော်တို့ ဝင်ပြီးယှဉ်မှာလေ။ ကျနော်တို့ သျှမ်းလူမျိုး တွေရဲ့ဘဝကံကြမ္မာ ဒီတခါတော့ ပြောင်းလဲ ပြီပေါ့။ ကျနော်တို့ အောင်နိုင်မှာသာ ကျနော်တို့မိဘ ပြည်သူတွေအတွက် လုပ်နိုင်မယ်ဆိုတော့ ဒီတခါလုပ်မယ့် ရွေးကောက်ပွဲဟာ သျှမ်းပြည်လူထုအတွက် အရမ်းကို အရေးကြီးတယ်ဆိုတာ နားလည်ရမယ်။ ဒါကြောင့် ကျားဖြူပါတီကိုမဲပေးရမယ်။ ကျားဖြူပါတီသာ သျှမ်းပြည်သားတွေကို ကိုယ်စားပြုတဲ့ သျှမ်းပါတီစ စ် စစ် ဖြစ်တယ်။ ဥက္ကဌ လည်း သျှမ်းဘဲ ဒုဥက္ကဌလည်းသျှမ်းဘဲ။ သျှမ်း စစ်စစ်က မွေးလာတဲ့ သျှမ်းသွေး ၁ဝဝ ရာခိုင်နှုန်းပါတယ်။ ဒါကြောင့် သျှမ်းပြည်ထဲမှာနေတဲ့ တိုင်းရင်းသားအားလုံးအတွက် အလုပ်လုပ်ချင်တယ်။
မေး ။ ။ ရွေးကောက်ပွဲပြီးရင် လူထုကိုဘာလုပ်ပေးမလဲ။
ဖြေ ။ ။ ဒါ ကျနော်အဖြေချင်ဆုံးမေးခွန်းပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့သျှမ်းပြည်သားတွေ ဒုက္ခမျိုးစုံ ခံစားရတယ်။ အေးအေးချမ်းချမ်းမနေရဘူး။ ဒါကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်နေရတာ ၁ သန်းကျော် ရှိတယ်။ ပထမဆုံး အေးချမ်းမှုလိုတယ်။ ကျနော်အရင်ဆုံးလုပ်ပေးချင်တာက စီးပွါးရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ် အားရရှိရေး စတာတွေ လုပ်ပေး ချင်တယ်။ ပညာရေး။ ကျောင်းချိန်ထဲမှာ သျှမ်းစာသင်ကြားနိုင်အောင် လုပ်ပေးချင်တယ်။ အဓိက ကတော့ လွှတ်တော်ထဲကို ကျနော်တို့ ကိုယ်စားလှယ်တွေများများရောက်မှ ဒီဥပဒေကို ပြင်ဆင်ပြဌာန်း နိုင်မယ်။ အခုကျောက်မဲမှာ ကျောင်းချိန်တွင်း သျှမ်းစာသင်တော့မယ်လေ။ ကျနော် ဥက္ကဌကြီး ကိုယ်တိုင်လည်း ကျောက်မဲမှာ အမျိုးသားလွှတ်တော်သွားပြိုင်မယ်။ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ်တူ၊ မိုးမိတ်၊ မဘိမ်း ၆ မြို့နယ်ပေါ့နော်။ ကျနော်တို့သျှမ်းပြည်သား ရ၅ ရာခိုင်နှုန်းဟာ လယ်သမား တွေ ဖြစ်တယ်။ ဒေသခံရဲ့လယ်ယာမြေတွေ အသိမ်းခံရတယ်။ ပြန်မရသေးတာ အများကြီးရှိတယ်။ ကျနော်တို့ အဲတာတွေကို အမြန်ဆုံးပြန်ရအောင်စီစဉ်ပေးမယ်။နောက်ပြီးတော့ လယ်သမားတွေ စိုက်ပျိုးမွေးမြူရေးမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျနော်တို့က အနောက်နိုင်ငံနဲ့ အဆက်အသွယ် လုပ်ပြီးတော့ အဘက်ဘက် ခေတ်မှီအောင် လုပ်ပေးမယ်။ နောက်ပြီး ကျနော်တို့နိုင်ငံသား အလုပ်အကိုင် ရရှိရေးအတွက် အနောက်နိုင်ငံသားတွေ ခေါ်ပြီး စီစဉ်ဆောင်ရွက်ပေးစေမယ်။ ကိုယ့်မြို့ကိုယ့်ရွာမှာ အလုပ်အကိုင်ရှိရင် ဘယ်သူမှနိုင်ငံခြားသွားပြီး သူ့ကျွန်သွားမခံချင်ကြဘူးလေ။
မေး ။ ။ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ဘယ်လိုစီစဉ်ထားပါသလဲ။
ဖြေ ။ ။ ကျနော်တို့က မြို့နယ်တိုင်းမှာသွားပြီး စည်းရုံးရေး ဆင်းထားပြီးပြီ။ သျှမ်းပြည်သူ လူထုအားလုံးကို တောင်းဆိုချင်တာက သျှမ်းပါတီစစ် စစ်ကို ထောက်ခံအားပေးပါ။ ကျားဖြူပါတီကို မဲပေးမှသာ သျှမ်းပြည်သားများဘဝ ကံကြမ္မာပြောင်းလဲမှာ ဖြစ်တယ်။
မေး ။ ။ ဒီလိုဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အထူးယှဉ်ပြိုင်ရမှာက ဘယ်ပါတီတွေ ဖြစ်မလဲ။
ဖြေ ။ ။ ပါတီတွေ အများကြီးရှိပါတယ်။
မေး ။ ။ သျှမ်းပြည်မှာကော်အထူးယှဉ်ပြိုင်ရမှာက ဘယ်ပါတီတွေလဲရှင့်။
ဖြေ ။ ။ ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ့နော်။ ဒါပေမယ့် ကျနော် ယုံကြည်ပါတယ်။ ကျားဖြူပါတီက အင်အား အကြီးမား ဆုံးပါတီဖြစ်ပါတယ်။ သျှမ်းပြည်သူလူထုလည်း သိတယ်လေ ကျနော်တို့ကို။ အဲ့ကြောင့် ကျနော်တို့ကိုဘဲ အားပေးပါတယ်။
မေး ။ ။ သျှမ်းပါတီအချင်းချင်း ယှဉ်ပြိုင်ရမယ့်ကိစ္စအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ပါတီတွေအများကြီးရယ်။ သျှမ်းပါတီ ၂ ခုပဲ ရှိတာမဟုတ်ဘူးလေ။ ကျနော်တို့ ကျားဖြူပါတီဝင် အင်အား ၄ သိန်းကျော် ရှိတယ်အခု။ သီပေါ့မှာလဲ ၄ သောင်းကျော်ရှိတယ်။ နမ့်ခမ်းမှာ ၂ သောင်းကျော် ရှိတယ်။ နမ့်ခမ်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၅ သောင်းထက် မပိုဘူးလေ။ ဒါကြောင့် သျှမ်းပြည်လူထုက ကျနော်တို့ကိုထောက်ခံမှာဖြစ်တဲ့အတွက် မနိုင်မှာကိုတော့ မစိုးရိမ်ရဘူးလေ။
လာမယ့် ရွေးကောက်ပွဲမှာ သျှမ်းပြည်နယ်မှာ ကျားဖြူပါတီအပြင် ကျားခေါင်းပါတီနဲ့ သျှမ်းပြည် အရှေ့ပိုင်းက မင်္ဂလာစည်တော်ပါတီဆိုပြီး သျှမ်းပါတီ ၃ ခုရှိပါတယ်။ ဒါ့အပြင် ကြံ့ခိုင်ရေးပါတီ၊ တစည ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့အပြင် တိုင်းရင်းသားပါတီတွေ အများအပြားလည်း ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။