လက်ငင်း ဥပမာ တခုကတော့ ခမ်းစားငေါင်း (The People’s Voice ) ဂျာနယ် ၂၀၁၅ မေလ ၃ ရက်နေ့ထုတ် အမှတ်စဉ် ၁၈ မှာ “ဒီလိုကိစ္စမျိုးကို အဘကြားသိပါရဲ့လား ” ဆိုတဲ့ သတင်းဆောင်းပါး တပုဒ်ရေးသား ခဲ့တဲ့အတွက် နောင်တရားမြို့နယ် PNO ဒုဥက္ကဋ္ဌ ဦးခွန်သောင်းတင် က အယ်ဒီတာချုပ် ခွန်သန်းအောင် နှင့် အယ်ဒီတာ ခွန်ရာဇာတို့ကို တရားစွဲဆိုခဲ့တာ တွေ့နိုင်ပါတယ်။ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ ရဲ့ ရ၉ နှစ် ပြည့်(မွေးနေ့) ရှင်ပြု ၊ ဘုရားထီးတော်တင်လှူ ပူဇော်ပွဲ အတွက် လက်ဖက်ခြောက်အချော (သို့မဟုတ်) တစ်အိမ်လျှင်ငွေ တစ်ထောင်ကျပ် နှုန်းဖြင့် ကောက်ခံတဲ့ကိစ္စကို ဆောင်းပါးရေးသား ဖော်ပြခဲ့တာဖြစ်ကြောင်း သိရတယ်။ အဲ့ဒီ ဆောင်းပါးနဲ့ ပတ်သက်ပြီး နောင်တရားမြို့နယ် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ခွန်သောင်းတင်က တရားလိုလုပ်ပြီး ‘ခမ်းသားငေါဝ်းဂျာနယ်’ အယ်ဒီတာချုပ် ကိုခွန်သန်းအောင် နဲ့ အယ်ဒီတာ ကိုခွန်ရာဇာတို့ နှစ်ဦးကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲခဲ့တယ်။ ပင်လောင်းမြို့နယ် တရားရုံးက တဦးလျှင် ဒဏ်ငွေ ကျပ်သုံးသောင်းကျပ်စီ ချမှတ်ခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းအရ သိရတယ်။ ဒီ သတင်းဖေါ်ပြချက်အရ သက်ဆိုင်ရာ တိုင်းရင်းသား ဒေသတွေမှာ သြဇာအာဏာရရှိထားကြတဲ့ အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီ နိုင်ငံရေးအလှည့်အပြောင်းကို လျစ်လျူပြုပြီး လွတ်လပ်စွာ သတင်းဖေါ်ပြခွင့်ကို ဟန့်တားနေကြဆဲ ရှိတာတွေ့ရတယ်။
မကြာသေးမီကလည်း ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော်အတွင်းမှာ သတင်း မီဒီယာတွေ သတင်းရယူခွင့် ခက်ခဲနေပြီး၊ ကန့်သတ် ခွဲခြား ဆက်ဆံခံနေရတယ်လို့ လွှတ်တော်အတွင်း သတင်းရယူနေကြတဲ့ သတင်း ထောက်အများစု ကပြောကြောင်း အောက်တိုဘာ ၁၂ သျှမ်းသံတော်ဆင့်သတင်း မှာဖေါ်ပြတာတွေ့ရတယ်။
အစိုးရ မီဒီယာများဖြစ်ကြတဲ့ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဌာနများ၊ မြဝတီသတင်းဌာနများ ၊ MRTV နဲ့ Sky Net ရုပ်သံလှိုင်းများသာ လွှတ်တော်စည်းအဝေးတွင်းမှာ သတင်း ဗီဒီယိုများရိုက်ခွင့် ရှိတယ်လို့ ဆိုပါတယ်။ လွှတ်လပ်တဲ့ အခြား သတင်း မီဒီယာများ ဝင်ရောက်သတင်းရယူခွင့် မပေးဘူးလို့ဆိုပါတယ်။ ဒါဟာ ကန့်သတ် ခွဲခြားဆက်ဆံမှုဖြစ် ကြောင်း DVB သတင်းဌာနမှ ခွန်ဇော်ဦး က ဆိုပါတယ်။ အစိုးရသတင်းမီဒီယာမဟုတ်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာ သတင်းသမားတွေကို အပြင်မှာ မိုးကာတဲနဲ့ထားတယ်လို့ဆိုပါတယ်။ အဲဒီ မိုးကာတဲမှာ အသံ မကြည်လင်တဲ့ TV တစ်လုံး နဲ့ ဆောင်းဘောက်စ်ကတဆင့် သတင်းယူကြရတယ်။ တိုက်ရိုက် ဓာတ်ပုံ ရိုက်ခွင့်လည်း မရရှိ ကြောင်း၊ TV ကနေ ဓါတ်ပုံ ရိုက်ယူရလို့ ပုံထွက်လည်း မကောင်းကြောင်း သိရတယ်။ ရုပ်သံ မီဒီယာဖြစ်တဲ့အတွက် TV တဆင့် သတင်းယူရလို့ အသံတွေလည်း ဝါးနေကြောင်း သိရတယ်။
လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကျော်သူဇော်က လွှတ်တော်အသံ ပြည်သူ့အသံ၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ ဆန္ဒလွှတ်တော်ဆန္ဒ နဲ့အညီ သွားနေခြင်းဖြစ်လို့ လွှတ်တော်ကို်ယ်စားလှယ် တင်ပြချက်တွေ ပြည်သူလူထုထံ ရောက်ဖို့ အတွက် “ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန” ကို လွှတ်တော် အစည်းအဝေးအတွင်း သတင်းယူခွင့်ပြုထား တာဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရသတင်းမီဒီယာ ဝင်ခွင့်ရရင် လွတ်လပ်တဲ့ အခြားသတင်းမီဒီယာတွေကိုလည်း သတင်း ရယူခွင့်ပြုသင့်ပါတယ်။ လွတ်လပ်သည့် မီဒီယာတွေကို ဝင်ခွင့်မပြုတဲ့ အတွက် အဆင့်အတန်းခွဲခြား ဆက်ဆံတဲ့ သဘော ဖြစ်နေပါတယ်။ သတင်းမီဒီယာဥပဒေအရ အများပြည်သူ သိခွင့်ရှိတဲ့ သတင်းအချက်လက်တွေကို သတင်းမီဒီယာသမား သက်သေခံကဒ်ပြား ပြသပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံမှ တောင်းယူကြည့်ရှုခွင့်ရှိကြောင်း၊ သတင်းမီဒီယာ နည်းဥပဒေအရ ဓာတ်ပုံရိုက်ခွင့် တောင်းယူခွင့်တွေကို ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ငြင်းဆန်ခွင့် မရှိကြောင်း ခွန်ဇော်ဦး က ဆိုပါတယ်။ တကယ်တော့ သတင်းဖြစ်ပေါ်မှုတွေ ပုံမှန်စီးဆင်းနေခြင်းက အုပ်ချုပ်သူအစိုးရအဖို့ အများကြီး အထောက်အကူပြုပါတယ်။ သတင်းရယူခွင့် ထိန်းချုပ်တဲ့အတွက်၊ သတင်းအမှန်တွေ ဖေါ်ပြခွင့်မရရှိရင် ကောလဟလ သတင်းတွေ ဖြစ်ပေါ် လာတတ်ပါတယ်။ ကောလဟလတွေကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ထိခိုက်တတ်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ သတင်းလွတ်လပ်ခွင့်ရဲ့ အကျိုးကျေးဇူးကို သေချာနားလည်သိရှိဖို့လိုပါတယ်။ ဒါကြောင့် သတင်းထောက်ချင်းအတူတူ တိုင်းရင်းသားသတင်းထောက်တွေကို ခွဲခြားဆက်ဆံတာမျိုး အစိုးရ အရာရှိတွေအနေနဲ့ မလုပ်ကြဖို့ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီးရုံးနဲ့ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဝန်ကြီးချုပ်ရုံးတွေက ညွှန်ကြားထားသင့် ပါတယ်။
ယခုတလော မြန်မာပြည်တဝှမ်းမှာ ပြည်တွင်းပြည်ပမှ စိတ်ဝင်စားနေကြတဲ့ သတင်းတွေ အတော်များများ ဖြစ်ပေါ်နေပါ တယ်။ စက်တင်ဘာလအတွင်းတုံးက အစိုးရတပ်မတော်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ရှိ KIO ထိန်းချုပ် နယ်မြေ တွေကို အပြင်းအထန် ထိုးစစ်ဆင်တဲ့ သတင်းတွေကို ပြည်သူအတော်များများက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတယ်။ အောက်တိုဘာလဆန်းမှာ ရန်ကုန်၊ မြစ်ကြီးနား နှင့် တနိုင်း စသည့် မြို့တွေမှာ စစ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ ပေါ် ပေါက်ခဲ့ပြီး၊ လူထုက သတိထား ဖတ်ရှု ကြတာတွေ့ရတယ်။ ကချင် ပြည်နယ်မှာ စက်တင်ဘာလမှ စတင်ပြီး တပ်မတော် က ဝေဟင်ရော မြေပြင်ကပါ ကချင် လွတ်မြောက်ရေးတပ် (KIA) တပ်စခန်းတွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တဲ့ အတွက် ကျေးလက်နေ ဒေသခံ ပြည်သူ အများအပြား စစ်ဘေးလွတ်ရာ ထွက်ပြေး ကြရတဲ့ သတင်းတွေလည်း ထွက်ပေါ် ခဲ့တယ်။ ကလေးငယ်တွေ အပါအဝင် ဒေသခံရွာသူရွာသားများရဲ့ အသက်အိုးအိမ်ဆုံးရှုံးနစ်နာမှု သတင်းတွေ ဆက်တိုက် ကြားခဲ့ရတယ်။ ဒီလို ပြည်သူလူထု စစ်ဘေးစစ်ဒဏ်သင့်ရတဲ့ သတင်းတွေ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ပွဲသတင်းတွေ၊ အစရှိတဲ့ သတင်းရယူဖို့ ခက်ခဲတဲ့သတင်းမျိုးတွေကို တိုင်းရင်းသား သတင်းမီဒီယာတွေ က ကြိုးစားရယူဖေါ်ပြခဲ့ကြတယ်။ အစိုးရသတင်းစာတွေကတော့ အရင်က စရိုက်ဟောင်းတချို့ ကျန်ရှိနေသေးတဲ့အတွက် ပြည်တွင်းစစ် သတင်းတွေကို self-censorship ကျင့်သုံးပြီး သတင်းစီးဆင်းမှုကို ထိန်းထားဆဲ ရှိတာတွေ့ရတယ်။
လောလောဆယ် ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပမှ ပြစ်တင်ဝေဖန် သံတွေ မကြားလိုရင် သတင်းထောက်တွေကို သတင်းလွတ်လွတ်လပ်လပ် ရယူခွင့် ပေးဖို့လိုပါလိမ့်မယ်။ အောက်တိုဘာ ၉ ရက်နေ့က မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ နယ်ခြားစောင့်ရဲဌာနချုပ်၊ ငါးခူရစခန်း၊ ကိုးတန်ကောက်စခန်းတွေကို အကြမ်းဖက်တိုက်ခိုက်သူများက စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရသတင်းထုတ်ပြန်ချက်အရ သိရတယ်။ အကြမ်းဖက်သမားများထံ လက်နက်ခဲယမ်းများ ပါသွားတဲ့အတွက် ဒေသခံ ပြည်သူတွေ အထူး စိုးရိမ်နေကြကြောင်း သတင်းများက ဆိုပါတယ်။ ဒီဖြစ်စဉ်ကို နိုင်ငံတကာကလည်း အာရုံစိုက်နေတဲ့ အတွက် ကောလဟလသတင်းတွေ ပေါ်ထွက်မလာနိုင်ရေးအတွက် သတင်းထောက်တွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့် ပေးခြင်းဖြင့် ကြိုတင်ကာကွယ်ရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် တိုင်းရင်းသားဒေသများတွေမှာ သတင်းစီးဆင်းမှုနှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့တဲ့အတွက် တိုင်းရင်းသား ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် (Access to Information) ဆုံးရှုံးနေခဲ့ရတာကို ပြန်လည် ဖြည့်ဆည်းပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေချိန်မှာ “သတင်းသမားများ၏ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့််” နှင့် “လွတ်လပ်စွာ ဖေါ်ထုတ်ပြောဆိုပိုင်ခွင့်” (Freedom of Expression) ကို အနှောက်အယှက် အဟန့်အတားမရှိ ရရှိရေး အတွက် အစိုးရက ဥပဒေနဲ့ အကာအကွယ် ပေးရမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ သတင်း မီဒီယာ လောကသားများ၊ လူမှုအခြေပြုအဖွဲ့အစည်းများအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ တိုင်းရင်းသား ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် (Access to Information) ဆုံးရှုံးနေတာကို ပြန်လည်ရရှိလာစေဖို့ တိုင်းရင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေး (Ethnic Media Development) အတွက် အစိုးရက အထူး ကူညီထောက်ပံ့ ရမယ့် တာဝန်ရှိပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရရှိရေးကိစ္စရပ်တွေ အောင်မြင်ရေး အတွက် သတင်းမီဒီယာ လွတ်လပ်မှု တိုးတက်ရရှိအောင် အစိုးရက အထောက်အကူပေးရမှာ ဖြစ်ပြီး၊ အထူးသဖြင့် တိုင်းရင်းသား သတင်းမီဒီယာတွေ သတင်းစာကျင့်ဝတ်များနဲ့ အညီ ပြည်သူကို သတင်းအမှန် ပေးနိုင်ရေးအတွက် အစိုးရက အလေးထား ကူညီသင့်ပြီ ဖြစ်ကြောင်းပါ။