ကျောင်းသား၊ သံဃာတော်၊ အစိုးရဝန်ထမ်းများအပါအဝင် အလွှာအသီးသီးမှ ပြည်သူတရပ်လုံး တောရောမြို့ပါမကျန် နိုင်ငံအဝှန်း ၈ လေးလုံးအရေးတော်ပုံ လူထုလှုပ်ရှားမှုက တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သည်။
သို့သော် နောက်တစ်လကျော်အကြာ စက်တင်ဘာ ၁၈ ရက်နေ့တွင် တပ်မတော်က စစ်အာဏာသိမ်းလိုက်ပြီး လူထုလှုပ်ရှားမှုများကို ဆက်လက်ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ လေးလုံးအရေးတော်ပုံကြီးကို ကမ္ဘာအနှံ့ ပိုမို၍လူသိများစေသည်။
ထို့သိုပစ်ခတ်ဖြိုခွင်းမှုတွင် သေဆုံးသူ၊ ဒဏ်ရာရရှိသူအပြင် ဖမ်းဆီးထောင်ချခံရသူနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနယ်မြေ သို့ ထွက်ပြေးကြရသူ အများအပြားရှိခဲ့ပါသည်။
အရေးတော်ပုံကာလ သေဆုံးသူနှင့်ဒဏ်ရာရသူစာရင်းကို အရေအတွက်အတိအကျ ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း သေဆုံးသူ ၃ ထောင်နဲ့ တစ်သောင်းကြားရှိခဲ့သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။
၈ လေးလုံးလူထုလှုပ်ရှားမှုသည် ၁၉၈၈ မတ်လ ၁၂ ရက်နေ့မှ စစ်အာဏာသိမ်းအပြီး သပိတ်ဖြိုခွင်းနိုင်သည့်စက်တင်ဘာ ၂၁ ရက်နေ့ အထိ ၆ လဝန်းကျင်ကျော်ကာလအတွင်း ဖြစ်ပေါ်ခဲ့သည်ဟုလည်း မှတ်တမ်းတင်ခဲ့ကြသည်။
ထိုသို့စစ်အာဏာသိမ်းပြီးနောက် နဝတစစ်အစိုးရလက်ထက် ၁၉၉၀ ပါတီစုံရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲအပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း အာဏာလွှဲပြောင်းခြင်းမပြုသည့်အပြင် နိုင်ငံရေးသမားများနှင့် ဒီမိုကရေစီလှုပ်ရှားသူများ ကိုလည်း ဆက်လက်ဖမ်းဆီးထောင်ချခဲ့ပြန်သည်။
စစ်အစိုးရက ၁၉၉၃ မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံအချိန်ယူကျင်းပခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့ရာ လွှတ်တော်အသီးသီးတွင် တပ်မတော်ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းအပြင် အစိုးရဌာနအချို့ကိုလည်း ကာကွယ်ရေးဦးစီးချုပ် လက်အောက်ထားရှိသဖြင့် လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့်အလွန်ဝေးကွာလျက်ရှိနေသည်။
ထိုကြောင့် ၈ လေးလုံးလူထုလှုပ်ရှားမှု အရေးတော််ပုံကြီးတွင် အဓိကတောင်းဆိုခဲ့ကြသော ဒီမိုကရေစီရရှိရေး၊ တစ်ပါတီစနစ် ဖျက်သိမ်းရေး၊ ပါတီစုံစနစ်ပေါ်ထွန်းရေးတို့တွင် ဒီမိုကရေစီရရှိရေး (ဝါ) ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး ပန်းတိုင်သို့မရောက်ရှိသေးသည်ကို အထူးသတိချပ်စေလိုပါကြောင်း မွန်သတင်းအေဂျင်စီက တိုက်တွန်းရေးသားအပ်ပေသည်။