အစိုးရသစ် က ကျောင်းသားမိဘများအားလည်း မိမိတို့ သက်ဆိုင်ရာ မြို့နယ်တွေအတွင်းရှိ ကျောင်းများတွင်သာ မိမိတို့ သားသမီး များကို ကျောင်းအပ်နှံကြရန် မေတ္တာရပ်ခံခဲ့သည်။ ယခုနှစ်၏ ထူးခြားချက်မှာ မိဘများအနေဖြင့် သားသမီးများကို ကျောင်း အပ်နှံရာတွင် ငွေကြေး လုံးဝ ပေးသွင်းစရာ မလိုတော့ခြင်း ဖြစ်သည်။ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်း များကိုလည်း ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများ လုံးဝ လက်မခံကြရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြား ထားသည်။ အရွယ်ရောက်သော ကလေးသူငယ်များ ကျောင်းစာသင်ခန်းအတွင်းသို့ ရောက်ရှိရေးအတွက် ကျောင်းအပ်နှံရေး အစီအစဉ်ကို ပညာရေးဝန်ကြီးဌာနက ‘ရက်ပေါင်း ၁၀၀ စီမံချက်’ တွင် ထည့်သွင်း ဆောင်ရွက်နေသည်ဟု သိရသည်။
လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခု သုံးခုအတွင်း အစိုးရဝန်ထမ်း လူလတ်တန်းစားနှင့် အလုပ်သမား လယ်သမား လူတန်းစား မိဘများအဖို့ ဇွန်လဆန်းခါနီး သားသမီးများ ကျောင်းအပ်ချိန်နီးလျှင် ပူပန်သောကရောက်နေကြရစမြဲ ဖြစ်သည်။ သားသမီးများသည့် မိဘများဆိုလျှင် ပို၍ စိတ်ဒုက္ဒရောက်ကြရသည်။ သားသမီးအားလုံးကို ကျောင်းအပ်ရန် ငွေကြေး မလုံလောက်သောအခါ တစ်ယောက်ကတော့ အနစ်နာခံ ကျောင်းထွက်ရလေ့ ရှိသည်။ အချို့ မိဘများဆိုပါက ဆင်းရဲခြင်း ကြောင့် ကလေးများကို ကျောင်းမထားနိုင်ရုံမက အလုပ်လုပ်ခိုင်းသည့် ဖြစ်ရပ်များလည်း အများအပြား ရှိခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပြဿနာ၊ ကလေးစစ်သားပြဿနာ၊ ကလေးသူငယ်များ အခွင့်အရေး ဆုံးရှုံးမှု ပြဿနာ စသည်တို့ကို နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ဘဲ ရှိခဲ့သည်။ အဓိက တာဝန်ရှိသူမှာ အစိုးရအဖွဲ့ဟု ပွင့်ပွင့်လင်းလင်း ပြောရမည် ဖြစ်သည်။ အစိုးရအဆက်ဆက် ပညာရေးမူဝါဒအမှားများ၊ ဘတ်ဂျက်ခွဲဝေမှုအမှားများ၏ ဒဏ် ကို ပထမဆုံး တိုက်ရိုက် ခံစားကြရသူများမှာ ကလေးသူငယ်များဖြစ်သည်။ နိုင်ငံ၏ အနာဂတ်အတွက် ကလေးသူငယ်များ ကို ပညာတတ်စေရန် စီစဉ်ပေးရမည်မှာ အစိုးရတာဝန် ဖြစ်သည်။ မြန်မာနိုင်ငံ စာသင်ခန်းများ၏ အပြင်ဖက်တွင် ကျောင်းနေအရွယ် ကလေးလူငယ်အများအပြား ပြန့်ကျဲရောက်ရှိနေခြင်းသည် တိုင်းပြည်အတွက် လူသားအရင်းအမြစ်များ ဆုံးရှုံးနေရခြင်း ဖြစ်သည်။ ထိုမျှမက လေလွင့်လမ်းလွဲသွားကြသော ကလေးသူငယ်များသည် ရာဇဝတ်မှု ကျူးလွန်သူများ လည်း ဖြစ်လာနိုင်သည်ကို အစိုးရတာဝန်ရှိသူများ လေးနက်စွာ စဉ်းကြရမည် ဖြစ်သည်။
စစ်အစိုးရအဆက်ဆက် ပညာရေးမူဝါဒအလွဲအမှားများကြောင့် အခွင့်ထူးခံလူတန်းစားနှင့် ငွေကြေးချမ်းသာသူ လူတန်းစားများ၏ သားသမီးများသာလျှင် ကျောင်းကောင်းများတွင် တက်ရောက််ပညာသင်ခွင့်၊ နိုင်ငံခြားထွက် ပညာသင် ယူခွင့်များ ရရှိကြပြီး၊ ၀န်ထမ်းနှင့် အလုပ်သမား လယ်သမား သားသမီးများ ပညာသင်ကြားခွင့် လုံလောက်စွာ မရရှိခဲ့ကြ ပေ။ ကျောင်းစရိတ် ကြီးမြင့်လွန်းခြင်းသည်ပင်လျှင် ကြီးမားသည့် အခက်အခဲ အဟန့်အတားတစ်ခု ဖြစ်ခဲ့သည်။ မိဘများ အနေဖြင့် သားသမီးများကို ကျောင်းအပ်နှံရသည့်အခါ သက်ဆိုင်ရာ ကျောင်းမှ ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများက သတ်မှတ်တောင်းခံသည့် ကျောင်းဝင်ကြေးများ ပေးသွင်းကြရသဖြင့် ဖြစ်သည်။ မိဘဆရာ အသင်းကြေး၊ အဆောက်အဦး ကြေး၊ စာသင်ခုံကြေး၊ စာရွက်စာတမ်းကြေး၊ ကျောင်းတံဆိပ်ကြေး၊ အစရှိသည့် ခေါင်းစဉ် အမျိုးမျိုးဖြင့် ကောက်ခံကြ၍ ဖြစ်သည်။ မိဘအများစုမှာ မဖြစ်မနေ ရှာကြံ ပေးသွင်းကြရသည်။ နောက်ဆုံး မတတ်နိုင်လျှင် မိဘက သားသမီးကို ကျောင်း မအပ်နိုင် ဖြစ်ရသည်။ နာမည်ကြီး အစိုးရအထက်တန်းကျောင်းများဆိုလျှင် ကျောင်းဝင် ကြေး ကျပ်သိန်း ဆယ်ဂဏန်း ချီပြီးရှိပြီး၊ ကျောင်းတွင် နေရာကောင်းရန်ဆိုပါက သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား လက်ဆောင်ကောင်းကောင်း ပေးရသေးသည်။ ငွေကြေးတတ်နိုင်သော မိဘများ ကိုယ်တိုင်၏ မတော်လောဘကြောင့်လည်း တရားဝင်နှင့် တရားမဝင် ကျောင်းဝင်ကြေးများ အဆမတန်မြင့်မားခဲ့ရခြင်း ဖြစ်သည်။ နောက်ဆုံး၌ စာမလိုက်နိုင် သည့် သားသမီးကို ကျောင်းတွင် အဆင့်ကောင်းကောင်းရရန် လာဘ်ပေးခြင်းမျိုးအထိ ဖြစ်ခဲ့သည်။
ထိုမျှမက လူကြီးသားသမီးများနှင့် လူချမ်းသာ သားသမီးများ တက်သည့်ကျောင်းများတွင် ဆရာ/ဆရာမအဖြစ် ပြောင်းရွှေ့ လုပ်ကိုင်ခွင့်ရရှိရေးအတွက်လည်း လာဘ်ပေးကာ အပြောင်းအရွှေ့လုပ်ကြသည့် ဓလေ့စရိုက်လည်း အတော် ခေတ်စားခဲ့ သည်။ ကျောင်းကောင်းကောင်းတွင် နေရာကောင်းရသော ဆရာ ဆရာမများသည် ယခုကဲ့သို့ ကျောင်းအပ်နှံရာသီဆိုလျှင် သိန်းဆယ်ဂဏန်း အထက် လက်ဆောင် လာဘ်လာဘ ရတတ်ကြသည်ဟု ပြောကြသည်။ အစိုးရစစ် ဆယ်တန်း ရှစ်တန်း စာမေးပွဲများအပြီး၊ ဂုဏ်ထူးအမှတ်ရရှိရေးအတွက် စာစစ်သူ ဆရာ ဆရာမများအား လာဘ်ထိုးသည့် ကိစ္စများလည်း ရှိသေးသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ပညာရေးလောကတွင် နှစ်ပေါင်းများစွာ အဂတိလိုက်စားမှု သဏ္ဍာန် အမျိုးမျိုးဖြစ် ပေါ်ခဲ့သည်မှာ တိုင်းသိပြည်သိဖြစ်သည်။ နောက်ဆုံးတွင် မြန်မာကျောင်းသူ ကျောင်းသားများ ဘွဲ့ရသော်လည်း စာမတတ် ဖြစ်ခဲ့ကြသည်။ နိုင်ငံတကာမှာ အဆင့်မမှီ အထင်အမြင်သေးခြင်း ခံခဲ့ကြရသည်။ ကမ္ဘာ့ စီးပွားရေးညီလာခံ (World Economic Forum)ရဲ့ ၂၀၁၄ စက်တင်ဘာ ၃ ရက်စွဲပါ Global Competitiveness Report 2014-15 အစီရင်ခံချက်၌ ပညာရေးအဆင့်ညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၄၈ နိုင်ငံအနက် မြန်မာနိုင်ငံကို အဆင့် ၁၃၄ ဟု သတ်မှတ်ခံရသည်။
ထို့ကြောင့် ယခု သမ္မတ ဦးထင်ကျော် အစိုးရ၏ ပညာရေးပြုပြင်ပြောင်းလဲမှု ပထမခြေလှမ်းသည် ကျောင်းနေအရွယ် ကလေးသူငယ်များ စာသင်ခန်းဆီသို့ ရာခိုင်နှုန်းအတော်များများ ရောက်ရှိလာရေးကြိုးပမ်းချက်ဖြစ်သည်။ ယခင်က ကျောင်းဝင်ကြေးပေးသွင်းရခြင်း ကိစ္စသည် လာဘ်ပေးလာဘ်ယူမှုများနှင့် ဒွေးရောယှက်တင်ဖြစ်နေခဲ့သည်။ သို့ဖြစ်၍ ယခုနှစ် ကျောင်းအပ်ချိန်တွင် မည်သည့် ငွေကြေးကောက်ခံမှုမျိုးကိုမျှ မလုပ်ရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပထမခြေလှမ်းဟု ပြောလျှင်လည်း မမှားပေ။ မြန်မာနိုင်ငံ ပညာရေး လောကသည်လည်း တရားရုံးများနှင့် အလားတူ ငွေများသူသာ ကျောင်းကောင်းကောင်းတွင် ပညာသင်ယူခွင့် ရသည့် စနစ်ဆိုး ထွန်းကားခဲ့သည်။
ယခု အစိုးရသစ်သည် အဆိုပါ အကျင့်ပျက်လာဘ်စားမှု စနစ်ဆိုးကို စတင်တိုက်ဖျက်ရန် ခြေလှမ်းစပြီဟု ဆိုနိုင်သည်။ ယခုနှစ် ကျောင်းအပ်နှံ ရာသီတွင် ကျောင်းဝင်ကြေးလုံးဝ မကောက်ခံရုံမက ကျောင်းအပ်နှံသည့် ကျောင်းသူ/ကျောင်းသား များအား ၀န်ကြီးဌာနက အခမဲ့ အထောက်အပံ့ပေးသည့် အစီအစဉ်လည်းပါရှိသည်။ သူငယ်တန်းကျောင်းသူ ကျောင်းသားများအား ကျောင်းဝတ်စုံ တစ်စုံ အခမဲ့ ထောက်ပံ့မည်။ မူလတန်းအဆင့် ကျောင်းသူ/ကျောင်းသားများကို ကျောင်းဝတ်စုံ တစ်စုံ၊ ဗလာစာအုပ် ၆ အုပ်နှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံကျစီ ထောက်ပံ့မည်။၊ အထက်တန်းနှင့် အလယ်တန်း ကျောင်းသူ/ကျောင်းသားများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံကျစီ ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ သွားမည်ဟု သိရသည်။ ဤသို့ အစိုးရသစ်၏ ပညာရေးဆိုင်ရာ အားပေးထောက်ပံ့မှုသည် ကြီးကြီးမားမားမဟုတ် သော်လည်း မိဘများအဖို့ ကျောင်းအပ်နှံရာတွင် အမြဲပူပန်ရသည့် ဒုက္ခတစ်ခုကိုကား ငြိမ်းအေးစေသည်။ ထို့ပြင် ကျောင်းအပ်ရန် ငွေကြေးမတတ်နိုင်သဖြင့် ကျောင်းတက်ခွင့်ဆုံးရှုံးရမည့် ကလေးသူငယ် အရေအတွက်ကိုလည်း လျှော့ချနိုင်မည် ဖြစ်သည်။
တိုင်းပြည်၏ လူသားအရင်းအမြစ်ဖြစ်သော ကလေးသူငယ်များကို ပြုစုပျိုးထောင်ပေးရမည့် အလုပ်မှာ အစိုးရ၏ ပဓါန တာဝန် တစ်ခုဖြစ်သည်။ ကလေးများ၏ အနာဂတ်သည် သူတို့ တစ်ဦးချင်း၏ အနာဂတ်မျှသာ မဟုတ်ဘဲ တိုင်းပြည်၏ အနာဂတ်လည်း ဖြစ်သည်။ ပညာတတ် အရေအတွက် နည်းပါးလေ။ တိုင်းပြည်ဆင်းရဲလေ ဖြစ်မည်။ ဆင်းရဲရုံမက ပညာ မတတ်သူ များလာခြင်းသည် ရာဇဝတ်မှု ထူပြောလာခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ဉာဏ် အမြော်အမြင်ရှိသော နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့များသည် ပညာရေးဘတ်ဂျက်ကို လုံလုံလောက် လောက် သတ်မှတ်သုံးစွဲကြသည်။ ယခင်က ပညာရေးတွင် လုံလောက်စွာ ရင်းနှီးမြှုပ်နှံမှု မပြုခဲ့သဖြင့် မြန်မာနိုင်ငံသည် ယနေ့ အဖက်ဖက်တွင် ခေတ်နောက်ကျ ကျန်ရစ်ခဲ့သည်မှာ လက်တွေ့သင်္ခန်းစာပင် ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ အဖက်ဖက်က နိမ့်ကျခဲ့ရခြင်း၏ အကြောင်းရင်းကို သေချာစွာ ဆန်းစစ်ကြည့်လျှင် နိုင်ငံတော် ဘတ်ဂျက်ခွဲဝေရေး စီမံခန့်ခွဲခဲ့ရာတွင် ဆင်ခြင်တုံမဲ့စွာ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်ကို မည်ကာမတ္တမျှသာ ခွဲတမ်းချ သတ်မှတ်ခဲ့၍ ဖြစ်သည်။
တိုင်းသူပြည်သားတို့၏ ပညာရေးနှင့် ကျန်းမာရေးကို အလေးဂရုမထားသော အစိုးရများကြောင့် မြန်မာလူမျိုးသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကမ္ဘာ့အလယ်တွင် မျက်နှာမလှ ဖြစ်ခဲ့ရသည်။ တနည်းအားဖြင့် အစိုးရအဆက်ဆက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် စေးနည်းစွာ ရင်းနှီးမြှုပ်နှံခဲ့သဖြင့် လူရည်လူသွေးကောင်းသည့် နိုင်ငံသားများ ပညာပြည့်စုံအောင် မသင်နိုင်ဖြစ်ခဲ့ရသည်။ ယခင် အမှားမျိုးကို ထပ်မံ မကျင့်သုံးမိစေရန် လက်ရှိ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် အစိုးရယန္တရားတွင် ပါ၀င်သည့် အရာရှိများ အထူး ဂရုပြုရမည်ဖြစ်သည်။ အထူးသဖြင့် လာဘ်ရမှ အလုပ်လုပ်ကြသော အစိုးရဝန်ထမ်းများ၏ စိတ်နေစိတ်ထားများကို ၀ိုင်းဝန်းပြုပြင်ပေးဖို့ အရေးကြီးသည်။ သို့ဖြစ်၍ ယခု စတင်လိုက်သော ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်သည် ပထမခြေလှမ်းမျှသာ ဖြစ်သည်။ ဆက်လက်၍ ဥပဒေ စည်းမျဉ်း စည်းကမ်းနှင့် မူဝါဒများ ပိုမိုတိုးတက် ကောင်းမွန်ရေးအတွက် လွှတ်တော်အရပ်ရပ်နှင့် အစိုးရ အသီးသီးတွင် တာဝန်ရှိပေသည်။ ထို့ကြောင့် လက်ရှိ အစိုးရအနေဖြင့် ပညာရေးကဏ္ဍတွင် ကောင်းစွာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် တိုင်းပြည်ကို ရှေ့တစ်လှမ်းတက်နိုင်ရန် အားစိုက်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းလိုက်ရပေသည်။