ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အဖွဲ့ဝင်များနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဧပြီလ ၂၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြစဉ် ဒေါ်အောင်ဆန်းစုကြည်က တစ်လ နှစ်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံကြီးကျင်းပနိုင်ရေးအတွက် ၀ိုင်းဝန်းကူညီကြ ပါဟု JMC-U အဖွဲ့ဝင်များအား စကားကမ်းလှမ်းခဲ့သည်။ မြန်မာနှစ်ဆန်းတစ်ရက်တွင် နှစ်သစ်ကူး မိန့်ခွန်းပြောကြားစဉ် ကလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အပစ် အခတ်ရပ်စဲရေး ပြီးမြောက်အောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တဆက်တစပ်တည်း ဖြစ်သည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိုလည်း ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
JMC-U အဖွဲ့ဝင်များအား ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က -“အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အားလုံး ကို ကျမတို့ပါ၀င်စေချင်ပါတယ်။ အားလုံးမပါ၀င်သေးရင် ကျမတို့ အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲ။ ဒါ ကျမတို့ ၀ိုင်းပြီးတော့ စဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်။ ကျမကတော့ တကယ့်စေတနာမှန်ရင် မအောင်စရာ မရှိပါဘူး။ အခု အလုပ် တစ်ခုကို လုပ်တဲ့နေရာမှာ အထူးသဖြင့် ကျမအမြဲပဲ တိုက်တွန်းပါတယ်။ အပေးအယူရှိတယ်ဆိုတာထက် ကျမတို့ ဘာ ပေးနိုင် မလဲ ဆိုတာကို ကျမတို့အားလုံး တစ်ယောက်ချင်း တစ်ယောက်ချင်းကနေ စဉ်းစားနိုင်မယ်ဆိုရင်တော့ အဆင်ပြေ နိုင်မယ် ထင်ပါတယ်။ ကျမတို့ တစ်ယောင်ချင်း တစ်ယောက်ချင်းကနေ ကိုယ်ဘာရမှာလဲဆိုတာကို စဉ်းစားနေရင်တော ့ နည်းနည်း ပိုပြီးတော့ ခက်ပါလိမ့်မယ်။” ဟု ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။
လက်တွေ့တွင် ငြိမ်းချမ်းရေးကို ပေးဆပ်လိုသော စိတ်စေတနာဖြင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရေးကိစ္စမှာ အပြော လွယ်သလောက် အလုပ်ခက်လှပေသည်။ နှစ်ပေါင်း ၆၀ ကျော် တိုင်းရင်းသားပြည်သူတရပ်လုံး တောင့်တနေသည့် ပြည်တွင်းငြိမ်းချမ်းရေးသည် အဓိကအားဖြင့် လက်နက်ကိုင်တိုင်းရင်းသားများနှင့် တပ်မတော်တို့ မည်မျှအပေးစိတ်ဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်သနည်း ဆိုသည့် မေးခွန်းပေါ်တွင် မူတည်နေသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးရရှိရန် ကိစ္စသည် ပြောသလောက် လွယ်သည်တော့ မဟုတ်ပါ။ သို့သော် အချိန်တနာရီစော၍ ငြိမ်းချမ်းရေး ရရှိပါက၊ ဆင်းရဲဒုက္ခ ရောက်နေ ရသည့် တိုင်းရင်းသား ပြည်သူများအတွက် အချိန်တနာရီစောပြီး သက်သာရာရမည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ပေးဆပ်လိုသော စိတ်ရင်း စေတနာကို ကြိုဆိုရမည် ဖြစ်ပါသည်။
တိုင်းရင်းသားများ လက်နက်စွဲကိုင်ခဲ့ကြခြင်း၏ အကြောင်းရင်းသည် နိုင်ငံရေးပြဿနာ ဖြစ်သည်ဆိုခြင်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် လက်ခံသင့်သည်။ နိုင်ငံရေးအရ ဆွေးနွေးအဖြေ မရှာနိုင်သေးသရွေ့၊ တိုင်းရင်းသားများ လက်နက်စွဲကိုင်ထားကြဦးမည် ဖြစ်သည်ကို သတိပြုသင့်သည်။ ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသား လက်နက်ကိုင် များကို သောင်းကျန်းသူအဖြစ် တရားသေစွပ်စွဲနေပါက၊ ပြည်တွင်းစစ် အမြန်ရပ်ရန် လွယ်ကူမည်မဟုတ်ပါ။ ၎င်းသဘော ထားသည် ၂၀၁၀ ခုနှစ် မတိုင်မီ စစ်အစိုးရ၏ မူဝါဒဖြစ်နေသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်တို့က လက်ခံဖွယ်ရာ မရှိပါ။ နိုင်ငံရေးကိစ္စကို အခြေခံဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ဖြစ်သဖြင့် နိုင်ငံရေးစားပွဲဝိုင်းတွင် တန်းတူ ရည်တူ အပေးအယူ လုပ်နိုင်မှသာ ပြည်တွင်းစစ်ကို ရပ်အောင်လုပ်နိုင်ဖွယ်ရာ ရှိပါသည်။
ပြည်တွင်းစစ် ရပ်စဲရေးတွင် ပါ၀င်ပတ်သက်သူများသည် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် သဘောထားကို လေးလေးနက်နက် ဆင်ခြင်ကြည့်သင့်သည်။ “အပေးအယူရှိတယ်ဆိုတာထက် ကျမတို့ ဘာ ပေးနိုင် မလဲ ဆိုတာကို ကျမတို့ အားလုံး တစ်ယောက်ချင်း တစ်ယောက်ချင်းကနေ စဉ်းစားနိုင်မယ်ဆိုရင်တော့ အဆင်ပြေ နိုင်မယ်ထင်ပါတယ်။ ကျမတို့ တစ်ယောင်ချင်း တစ်ယောက်ချင်းကနေ ကိုယ်ဘာရမှာလဲဆိုတာကို စဉ်းစားနေရင်တော ့ နည်းနည်း ပိုပြီးတော့ ခက်ပါလိမ့်မယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ပွင့်လင်းလေးနက်စွာ ပြောထားသည်။
သို့ဖြစ်၍ တပ်မတော်ခေါင်းဆောင်များသည်၎င်း၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များသည်၎င်း၊ စကားလုံး ဝေါဟာရများကို တရားသေ ဖက်တွယ်နေခြင်းထက်၊ ငြိမ်းချမ်းရေးအနှစ်သာရ၏ အကျိုးသက်ရောက်မှုကိုသာ ပဓါန ပြုလျှက်၊ ပေးဆပ်လိုသော စိတ်စေတနာကို အရင်းခံကာ ပြည်တွင်းစစ် ရပ်စဲရေးကို ဦးတည်သင့်ပေသည်။ ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ်ရပ်စဲရေးဆွေးနွေးရာတွင် ပတ်သက်သူအားလုံးကို ပါ၀င်စေချင်သည်ဟု ဆိုထားသည့် အချက်ကိုလည်း သတိပြုသင့်သည်။ Stakeholders အားလုံးမပါ၀င်ပါက ပြဿနာတစ်ခုလုံးကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တကယ့် စိတ်စေတနာ အမှန်ဖြင့် ကိုယ်ကျိုးစီးပွားအတွက် ရယူလိုစိတ်ကို ရှေ့တန်း မတင်သင့်ပေ။ အပြုစိတ်ဖြင့် အများအကျိုး ရှေးရှုမှသာ စစ်ရပ်စဲရေး ငြိမ်းချမ်းရေး အောင်မြင်နိုင်မည်ဖြစ်သည်။ ယနေ့ အာဆီယံဒေသအတွင်း မြန်မာနိုင်ငံ ရှေ့သို့တစ်လှမ်း တက်နိုင်ရေး၊ ဂုဏ်သိက္ခာ မြင့်မားရေးတို့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပေးဆပ်လိုသော စိတ်စေတနာကို ထောက်ခံကြိုဆိုသင့်ပေသည်။ သို့မှသာ စစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်နိုင်လိမ့်မည်ဟု သုံးသပ်မိပါသည်။