၂၀၁၄ခုနှစ်၊ မေလ ၃၀ရက်နေ့က ထုတ်ပြန်ခဲ့သည့် ၁၀ကြိမ်မြောက် Karen Unity Seminar-KUS ၏ ကြေညာချက်ထဲတွင် စည်းလုံးညီညွတ်မှုကို အခြေခံသော အမျိုးသားရည်မှန်းချက်ပန်းတိုင်ရောက်ရှိရန် အလွှာစုံ ကရင်အမျိုးသားများ စုံညီစွာ လုပ် ကိုင်သွားမည်ဆိုသော်လည်း ကရင့်ရေးရာအထွေထွေကိစ္စရပ်များတွင် စည်းလုံးညီညွတ်မှုနှင့် ပွင့်လင်းမြင်သာမှုမှာ အားနည်းနေသေးသည်။ လုပ်ငန်းစဉ်တိုင်းတွင် ဦးတည်ရည်မှန်းချက်၊ ကြိုတင်ပြင်ဆင်မှု၊ စုပေါင်းအကောင်အထည်ဖော်မှုနှင့် ပြန်လည်သုံးသပ်မှုများကို မဖြစ်မနေ ထည့်သွင်းလုပ်ဆောင်သင့်သည်။ ၎င်းအပြင် ဆုံးဖြတ်ချက်များကလည်း လက်တွေ့တွင် မည်မျှအကျိုးသက်ရောက်မှုရှိမရှိ၊ အခက်အခဲ/စိန်ခေါ်မှုများ မည်သို့ရှိသည်နှင့် အခွင့်အလမ်းများကို မည်သို့ရှာဖွေ လုပ်ဆောင်သွားမည်ဆိုသည်ကို ဆန်းစစ်သွားမှသာလျှင် လိုအပ်မှု၊ ထိရောက်မှုများကို တိုင်းတာနိုင်မည်ဖြစ်သည်။
ကုန်လွန်လာခဲ့သည့် ကာလကို ပြန်ပြောင်းကြည့်လျှင် ကရင်အမျိုးသား နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် KNUပင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက်ခြင်း၊ ကရင့်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၄ဖွဲ့ပါ၀င်၍ ကော်သူးလေတပ်မတော်(KAF) ဖွဲ့စည်းခဲ့ပြီးနောက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအတွင်း သဘောထားမတိုက်ဆိုင်မှုများ ပိုမိုဖြစ််ပွားလာကာ လူထုတွေ့ဆုံပွဲများအထိ တစ်ဦးပေါ်တစ်ဦး ပြစ်တင်ပြောဆိုမှုအချို့ ရှိလာသည်။ စင်စစ် အဖွဲ့အစည်းတိုင်းတွင် အမြင်သဘောထားမတူညီမှုများ ရှိတတ်စမြဲဖြစ်သော်လည်း အမျိုးသား ရည်မှန်းချက် ပန်းတိုင်အတွက် ချီတက်ရာတွင် မတူညီမှုများကို ပေါင်းစပ်ရင်း အလွှာစုံပါဝင်သော စုစည်းညီညွတ်မှု ပိုမိုအားကောင်းရေး ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကြီးက ဦးတည်ကြိုးပမ်းသွားရပေမည်။
ခေတ်အဆက်ဆက်အုပ်စိုးသူ မြန်မာအစိုးရအနေဖြင့် ၎င်းတို့ တစ်ပါတီစနစ်၊ စစ်အာဏာရှင်စနစ်ကျင့်သုံးခဲ့သည့် ကာလများတွင် ခွဲခြားအုပ်ချုပ်မှုစနစ် (Divide and Rule)ဖြင့် "အိမ်ကြက်ချင်းအိုးမဲသုတ်"သည့် သပ်လျှိုသွေးခွဲနည်းသုံးကာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများနှင့်အပြင် လူထုအတွင်း၌လည်း အချင်းချင်း ယုံကြည်မှု ကင်းမဲ့အောင် ပြုမူလုပ်ဆောင်ခဲ့မှုများစွာ ရှိခဲ့သည်။ စစ်မှန်သည့် ငြိမ်းချမ်းရေးကို အခြေခံသော အမျိုးသားစီမံကိန်းတစ်ရပ်ကို ရေးဆွဲဆောင်ရွက်မှုသည် လူမျိုးတစ်မျိုးအတွက် စည်းစနစ်ကျသော အနာဂတ်ကို ပုံဖော်နေသော်ငြား မလိုလားသူများအတွက် ပျက်စီးရာပျက်စီးကြောင်း တိုက်ဖျက်စရာ လုပ်ရပ်တစ်ခုဖြစ်လာနိုင်သည်ကိုလည်း မမေ့သင့်ပေ။
"ညောင်သီးလည်းစား လေးသံလည်းစွင့်"ဆိုသကဲ့သို့ လုပ်သင့်လုပ်ထိုက်သည်ကို အချိန်အခါနှင့်အညီ ဆောင်ရွက်သွားရင်း စည်းလုံးမှုကို ပျက်ပြားစေသည့် အရိပ်လက္ခဏာများနှင့် စနစ်တကျလုပ်ဆောင်လာခဲ့သည့် သမိုင်းဖြစ်ရပ်များကို ဘက်စုံထောင့်စုံ သင်ခန်းစာယူကာ သတိရှိမှသာ အမျိုးသားစီမံကိန်းပန်းတိုင်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် မျိုးနွယ်စု၊ နေရာဒေသ၊ ယုံကြည်ကိုးကွယ်မှုနှင့် စာပေ၊ စကားတို့ ကွဲပြားသော်ငြား ကရင်လူမျိုးများသည် နှစ်ပေါင်း ရ၀နီးပါး ခုခံတော်လှန်စစ်ကာလမှ လွတ်လပ်ပွင့်လင်းသော အနာဂတ်ဆီသို့ မဟာဗျူဟာကျစွာ ဦးတည်လှမ်းချီရေး "ထိုးခွဲသူအခက် မိမိအချက်" ဖြစ်အောင်စုစည်းမှုအားဖြင့် အရှိန်အဟုန်များကို မြှင့်တင်သွားသင့်ပါကြောင်း တိုက်တွန်းလိုက်ရပေသည်။